သတင်း

မြစ်ကြီးနားထောင်တွင် တိုက်ပိတ်ခံနေရသူများ ထောင်သုံးနှစ်ခွဲစီ ထပ်ချခံရ

မြစ်ကြီးနားထောင်တွင်း ဆန္ဒပြသူများကို ပစ်သတ်ပြီးနောက် စစ်ကောင်စီက အကျဉ်းသား ၁၃ ဦးကို လေနှင့်အလင်းရောင် နည်းပါးသော အခန်းကျဉ်းအတွင်း ပိတ်လှောင်လိုက်ပြီး ထောင်ဒဏ်လည်း ထပ်တိုးချလိုက်သည်။

ဧပြီလ ၁၈ရက်နေ့ကဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်တွင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် အကျဉ်းသား ၁၃ ဦး ထောင်တွင်း ဒဏ်ခတ်မှုများ ခံနေရရုံသာမက အမှုသစ်ဖွင့်ခံရပြီးနောက်  ထောင်ဒဏ်သုံးနှစ်ခွဲစီ ချမှတ်ခံလိုက်ရသည်ဟု အကျဉ်းသားအကူအညီပေးရေးအဖွဲ့တစ်ခုက ပြောသည်။

စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် ခေါင်းစဉ်ဖြင့် အကျဉ်းသားတချို့ကို ရွေးချယ်လွှတ်ပေးသည့် အစီအစဉ် တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသားများ ဆန္ဒပြစဉ် စစ်တပ် ဝင်ရောက်ပစ်ခတ်မှုကြောင့် အကျဉ်းသား ငါးဦး သေဆုံး၊ အများအပြားဒဏ်ရာရခဲ့သည့် အမှု၏ နောက်ဆက်တွဲ ဖြစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်က  မေ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

 ဧပြီ ၂၉ရက်နေ့တွင် အကျဉ်းသား ၁၃ ဦးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုဖြင့် ထိုသို့ ထောင်ဒဏ်များ  ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းသားများကွန်ရက်က ပြောသည်။

၁၃ ဦးထဲတွင် လက်နက်အက်ဥပဒေပုဒ်မ ပုဒ်မ ၁၉(က) ၁၉(င) တို့ဖြင့် ထောင်ဒဏ် ငါးနှစ်ကျော် ချမှတ်ခံထားရသည့် နိုင်ကျဉ်း ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်းမင်းမင်း၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခံထားရသည့် ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံတို့ ပါဝင်သည်။

ထောင်တွင်းမငြိမ်မသက်မှုဖြစ်ပွားပြီး နောက်တစ်နေ့မှစတင်ပြီး ၎င်းတို့ ၁၃ ဦးကို တိုက်ပိတ်ထားကြောင်း အကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက Myanmar Now ကို ယနေ့ (မေ ၂၇) နေ့ခင်းပိုင်းတွင် ပြောသည်။

 “ဧပြီလ ၁၉ ရက်နေ့ကနေ လက်ရှိအချိန်အထိ တိုက်ပိတ်ထားဆဲ ဖြစ်ပါတယ်။ တိုက်ပိတ် ၁ လပြည့်ပြီး နောက်ပိုင်းမှာမှ ရေချိုးခွင့်ရတာကို ကျွန်တော်တို့ သိရပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ထောင်ပြင်ပ တရားရုံးရှိရာသို့ ခေါ်ထုတ်ပြီး ထောင်ဒဏ် ထပ်တိုးခြင်းမှာလည်း တိုက်ပိတ်ခံထားရချိန်တွင် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

တိုက်ပိတ်ခြင်း ဆိုသည်က အကျဉ်းသားကို လေအဝင်အထွက်နှင့် အလင်းရောင် မရှိသလောက် နည်းပါးသည့် အခန်းကျဉ်းအတွင်း ကာလရှည် သီးသန့် ပိတ်လှောင်ခြင်း ဖြစ်သည်။ သံကွင်းများနှင့် ဆက်ထားသည့် သံခြေကျင်းကို အကျဉ်းသား၏ ခြေကျင်းဝတ်နှစ်ဘက်တွင် တပ်ဆင်ပေးသလို လမ်းလျှောက်ရ ပိုမို ခက်ခဲစေရန်လည်း ခြေကျင်းဝတ်ရှိ သံကွင်းနှစ်ခုကို သံချောင်းတိုဖြင့် ချိတ်ဆက်ထားတတ်သေးသည်။  ထိုသို့ ဒဏ်ခတ်ထားသည့် ကာလအတွင်း ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ထားသလို မိသားစုထံမှ စာနှင့် ပစ္စည်းလက်ခံခွင့်လည်း ကန့်သတ်ခံရသည်။ ထို့ပြင် အပြင်းအထန် ရိုက်နှက်ခြင်းလည်း ခံရလေ့ရှိသည်။

အကျဉ်းသားများကို တိုက်ပိတ် ဒဏ်ခတ်ရာတွင် စစ်ကိုင်းတိုင်း၊  ကလေးမြို့ အကျဉ်းထောင်မှာ ဆိုးရွားသည့် ထောင်တစ်ခု ဖြစ်ကြောင်း၊  ရက်ပေါင်း ၇၀၀ကျော် တိုက်ပိတ်ခံထားကြရသဖြင့် နှစ်ဆန်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ကြောင်း  ကိုသိုက်ထွန်းဦးက ပြောသည်။  

“ထုတ်ပြန်ပြီး မကြာခင်မှာတော့ ကလေးအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုတော့ ခြေချင်းဒေါက်တွေကို ဖြုတ်ပေးပြီးမှတော့ အဆောင်ကို ပြန်ပို့ပေးခဲ့တယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

မြစ်ကြီးနားထောင်ရှိ နိုင်ကျဉ်းများကို မည်သည့်ကာလအထိ ထိုသို့ ဒဏ်ခတ်မည်ကို မသိရသေးသလို မြစ်ကြီးနားထောင် နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီးလည်း  ထောင်အရာရှိများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဆန္ဒပြမှုဖြစ်ပွားပြီးနောက်ထောင်ဝင်စာတွေ့ခွင့်ကို စစ်ကောင်စီကပိတ်ပင်ခဲ့ပြီး ရဲအချုပ်များကိုသာ ရုံးထုတ်မှုများသာရှိပြီး၊ လုံခြုံရေးပိုင်းကိုလည်း တင်းကျပ်ထားရှိကြောင်း မြစ်ကြီးနားထောင်နှင့် အဆက်သွယ်ရှိသူ တစ်ဦးကပြောသည်။

မြစ်ကြီးနား အကျဉ်းထောင်သို့သွားသည့် လမ်းပိုင်းကိုလည်း ပိတ်ပင်ထားပြီး ပုံမှန်လုံခြုံရေးအပြင် အဝင်အထွက်လမ်းများတွင်လည်း အရပ်ဘက်ကားများဖြင့် ရဲတပ်ဖွဲ့များက လုံခြုံရေး ရယူထားသည်ဟု သူက ဆိုသည်။

“ထပ်တိုးချတယ်ဆိုရင်တော့ ထောင်ပြောင်းမှာလား၊ အဲသလိုအခြေနေမျိုးနဲ့ အသေးစိတ်တော့ မသိရသေးဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ထိုဖြစ်ရပ်အတွက် မြစ်ကြီးနားထောင် ထောင်ပိုင်ကြီး ဦးကျော်မြင့်စိန်၊ ထောင်ပိုင်လေး ဦးကျောင်မင်းဦး နှင့် ထောင်ဆေးရုံဆရာဝန် ထွန်းထွန်းအောင် အပါအဝင် ထောင်ဝန်ထမ်း ၁၀ဦး ထက်မနည်းကိုလည်း စစ်ကောင်စီက တရားရုံးတင်စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။ သို့သော်လည်း နောက်ဆက်တွဲအသေးစိတ်ကို မသိရှိရပါ။

အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ကိုဆန့်ကျင်သူများကို ဆက်တိုက် ဖမ်းဆီးနေရာ ၂၀၄၇၉ ဦး ဆက်လက်  ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိုအထဲမှ ၉၀၀၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မေလ ၂၃ ရက်နေ့ စာရင်းအရ သိရသည်။

ထိုအဖွဲ့ ထုတ်ပြန်သည့်ကိန်းဂဏန်းများကို မှန်ကန်မှုမရှိဟု စစ်ကောင်စီက တုံ့ပြန်ဖူးသည်။

Show More

Related Articles

Back to top button