စစ်ကိုင်းမြို့တွင် ဒေသခံ အများအပြား ဖမ်းဆီးခံနေရသလို “ရင်သွေးရတနာ” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးလည်း မေ၂၅ ရက်နေ့တွင် အကြမ်းဖက်ပုဒ်မဖြင့် ထောင် ၄ နှစ် ချခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက အသက် ၅၇ နှစ်အရွယ် ဆရာမ ဒေါ်ထားထားဦးကို ၂၀၂၃ ခုနှစ် စက်တင်ဘာ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့၊ သာစည်ရပ်ကွက်မှ ဖမ်းဆီးသွားပြီး ကျောင်းကိုပါ ချိပ်ပိတ်ခဲ့သည်၊ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်သည့် စစ်ကိုင်းဖယ်ဒရယ်ကျောင်းတွင် စာသင်ပေးနေသည့် အထောက်အထားများ တွေ့ရှိသည်ဟု စွပ်စွဲကာ အမှုဖွင့်ခဲ့သည်။
ထို့နောက်ရွှေဘိုထောင်သို့ ပို့ဆောင်လိုက်ပြီး ကိုးလအကြာတွင် ထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထောင်ချခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“မိသားစုဝင်နဲ့ တွေ့ခွင့်မရဘူးလို့ သိရတယ်။ အပြင်ရုံးမထုတ်ဘဲ ထောင်အတွင်းတရားရုံးကနေပဲ အမိန့်ချလိုက်တာ။ ရှေ့နေကနေပဲ ပြန်သိရတယ် ကြားတယ်။ ကျန်းမာရေးအခြေအနေလည်း မသိရဘူး” ဟု ထိုသူက ပြောသည်။
ယမန်နှစ်က ကိုယ်ပိုင်အထက်တန်းကျောင်းကိုချိပ်ပိတ်ခဲ့စဉ် ကျောင်းရှေ့၌ ချိတ်ဆွဲထားသည့် စစ်ကောင်စီ၏ သတိ ပေးချက်၌ အကြမ်းဖက်အဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေသည်ဟု ဖော်ပြထားသည်။
အလားတူ စစ်တပ်ဝါဒဖြန့် စာမျက်နှာများကလည်း ကျောင်းအုပ်ဒေါ်ထားထားဦးသည် NUG ကျောင်းတွင် စာသင် ပေးနေသည့်အထောက်အထားများတွေ့ရှိသည်ဟု စွပ်စွဲထားကြသည်။
ကျောင်းအုပ်ကြီးကို ထိုသုိ့ ပြောဆိုစွပ်စွဲချက်များမှာ မှားယွင်းနေသည်ဟု အဆိုပါ “ရင်သွေးရတနာ” ကိုယ်ပိုင်အထက် တန်းကျောင်းတွင်စာသင်ကြားနေသူ ဆရာမတစ်ဦးက ထိုစဉ်က Myanmar Now ကို ပြောထားသည်။
“သတင်းတွေက ဆရာမကြီးကို မဟုတ်မမှန်တာတွေ ရေးသားနေတာတွေရှိနေတယ်။ ဆရာမကြီးက သူ့ကျောင်းက ကလေးတွေရော၊ ဝန်ထမ်းတွေရောအပေါ်မှာ တကယ်ကိုစေတနာကောင်းပြီး မေတ္တာထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ် တယ်”ဟု ထိုအမျိုးသမီးက ဆိုသည်။
ဒေါ်ထားထားဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့် ဆွေမျိုးတော်စပ်သူဟု သတင်းထွက်နေသဖြင့် ထိုကဲ့သို့ စွပ်စွဲခြင်း ဖြစ်နိုင်ကြောင်း စစ်ကိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဆရာမကြီးမိသားစုနဲ့ ဝန်ကြီးချုပ်နဲ့က ရင်းနှီးတဲ့ဆက်ဆံရေးလည်းရှိကြတယ်။ ဆွေမျိုးလည်းတော်တယ် ကြားဖူး တယ်။ ဒါကြောင့်မို့လို့ ခုလိုမတရားစွပ်စွဲပြီး အကြမ်းဖက်နဲ့ဖမ်းဆီးအမိန့်ချတာပါ။ စာသင်တယ် ဆိုတာ ပြစ်မှုမှ မဟုတ်တာ”
ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက အမှု ၇ မှုဖြင့် ထောင်ဒဏ်၂၁နှစ် ချမှတ်ထားပြီး မုံရွာထောင်မှ မြင်းခြံထောင်သို့ ပြောင်းရွှေ့ထားသည်။
အဆိုပါစာသင်ကျောင်း ချိပ်ပိတ်ခံရသည့်အတွက် ကျောင်းသားဦးရေ ရာချီကာ ပညာရေးအခက်အခဲ ဖြစ်ပေါ်ခဲ့ပြီး၊ အဆိုပါကျောင်းမှ ဝန်ထမ်းများလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်ဟု စစ်ကိုင်းမြို့ခံများက ဆိုကြသည်။ ကျောင်းသားနှင့် ဝန်ထမ်းအရေအတွက် မည်မျှ ရှိသည်ကို မသိရပေ။
စစ်ကိုင်းမြို့ အဖမ်းအဆီးများ
နိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် ညီအစ်ကိုမြို့ဟု တင်စားခေါ်ဝေါ်ကြပြီး နယ်နိမိတ်ထိစပ်နေသည့် စစ်ကိုင်းမြို့ ပေါ်တွင် သကြင်္န်ကာလအပြီးမှစတင်ကာ ဒေသခံ အများအပြား ဖမ်းဆီးခံနေရပြီး မေလ နောက်ဆုံးပတ်အထိ မြို့ခံ ၅၀ ကျော် ဖမ်းဆီးခံထားရသည်ဟု စစ်ကိုင်းမြေပြင်ကင်းထောက်အဖွဲ့များနှင့် မြို့ခံတို့ထံမှ သိရှိရသည်။
ထိုအထဲတွင် အမျိုးသမီး ၅ ဦးခန့် ပါဝင်ပြီး ကျန်သူများမှာ စစ်ကိုင်းကျောက်ဝိုင်းတွင် လုပ်ကိုင်နေကြများ၊ ပရဟိတသမားများ၊ စက်ရုံလုပ်သားများနှင့် လမ်းသွားလမ်းလာများဖြစ်ကြပြီး လူငယ်အများစုသာ ဖြစ်ကြ သည်ကို တွေ့ရသည်။
အမျိုးသားများကို ရွေးချယ် ဆွဲခေါ်သွားခြင်းမှာ စစ်တပ်အတွက် အထမ်းသမား ခေါ် ပေါ်တာအဖြစ် ခိုင်းစေရန် ဖမ်းဆီးခြင်းနှင့် ဆင်တူကြောင်း၊ စစ်သားစုဆောင်းရေး အစီအစဉ်အတွက် ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောသည်။
“အများစုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲတယ်လို့ပဲ ယူဆရပါတယ်။ ဘာပြစ်မှုမှမရှိတဲ့ အလုပ်သမားလူငယ်တွေလည်း ဖမ်းခံကြရတယ်။ လမ်းသွားလမ်းလာတွေလည်း ခရီးမထွက်ရဲအောင်ပဲ၊ လမ်းဂိတ်တွေမှာ ဖမ်းဆီးကြတယ်။ အများစုက ပြန်လွတ်မလာကြဘူး”ဟု သူက ဆိုသည်။
မေ ၁ ရက်နေ့တွင် မအူပင်ကျေးရွာသား အသက် ၃၀ ဝန်းကျင်အရွယ် ကိုဝေလင်းဦး မြို့အထွက် တိုးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရသည်။ နောက်တစ်နေ့တွင် အုတ်စက်ရပ်ကွက်မှ စစ်မှုထမ်းစာရင်း ပါရှိသူများကို စစ်တပ်က လာရောက်ခေါ်ဆောင်ရာ မတွေ့ခဲ့ကြကြောင်း၊ လမ်းတွင် တွေ့သည့် လူငယ် ၃ ဦးကို ဖမ်း ခေါ်သွားကြောင်း သိရသည်။
မေ ၄ ရက်နေ့ကလည်း ဧမြဝတီရပ်ကွက်တွင် အမျိုးသား ၄ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု အထက်ပါ စစ်ကိုင်းဒေသခံ အမျိုးသားက ဆိုသည်။
“ဧမြဝတီရပ်ကွက်က ၄ ဦးကတော့ မန္တလေးကနေ ကျောက်ပုတီး သွားရောင်းပြီးပြန်အလာ အိုးဝေ (အငှားယာဉ်ငယ်) ပေါ်က ဆင်းဆင်းချင်း ၃ ဦး ဖမ်းခံရတယ်၊ နောက်ထပ်အိမ်မှာ ကျောက်ပုတီးဖြတ်နေသူကိုလည်း ဝင်ဖမ်းသွားတယ်” ဟု ၎င်းက ပြောသည်။
“မိသားစုတွေက ပိုက်ဆံနဲ့လိုက်ရွေးတော့ ငွေလိုလို့ မဟုတ်ဘူး၊ လူလိုလို့…..ဖမ်းတာဆိုပြီး ပြောတယ်”
ယင်းနေ့တွင်ပင် စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်နှင့်အုန်းတောကျေးရွာတို့အကြား ထန်းတောတွင် ကိုအောင်ကြီး ဆိုသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အုန်းတောရွာမှ အမျိုးသားတစ်ဦးလည်း ဖမ်းဆီးခံရသည်ဟု သိရသည်။
ထိုသူ့ကို ဖမ်းဆီးခြင်းမှာ စစ်သားစုဆောင်းခြင်းနှင့် ဆက်စပ်မှု ရှိမရှိ မသိရသေးသလို အာဏာသိမ်းတပ်ကလည်း စစ်ကိုင်းမြို့ အဖမ်းအဆီးအများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။
စစ်တပ်က စစ်သားသစ် အကြီးအကျယ် စုဆောင်းနေခြင်းမှာ တော်လှန်ရေးအဖွဲ့များကို နိုင်ငံအနှံ့တွင် စစ်မျက်နှာ ဖွင့်ထားရသဖြင့် စစ်သည်အင်အား အများအပြား လိုအပ်နေခြင်းကြောင့် ဖြစ်သည်။
မေ ၅ ရက်နေ့တွင် စိန်ကုန်းရပ်ကွက်မှ သုခကာရီလူမှုရေးအသင်း တည်ရှိသည့် နေရာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး အသင်းသား ၆ ဦးနှင့် အရပ်သားတစ်ဦးတို့ကို တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့သည်ဟု စွပ်စွဲဖမ်းဆီးခဲ့သည်။
မေ ၉ ရက်နေ့တွင် ဖမ်းဆီးခံရသူတို့မှာ မင်းလမ်းရပ်ကွက်မှ အာဏာဖီဆန်ထားသည့် ကျောင်းဆရာမ ဒေါ်သက်သက်ဆွေ၊ စစ်ကိုင်း တောင်ရိုး၊ ထွဋ်ခေါင်ရပ် သီလရှင်ကျောင်းတွင် နေထိုင်သူ ကလေးနှစ်ဦး၏မိခင် အွန်လိုင်းစျေးသည် ဒေါ်ဝင်းဝင်းတို့ ဖြစ်သည်။
ဖမ်းဆီးခံရသူများကို စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ စခန်းသို့ ခေါ်ဆောင်သွားသည်ဟု ဒေသခံများက ဆိုကြပြီး ထိုသူ များ၏ အသေးစိတ်အခြေအနေကိုမူ စုံစမ်းနိုင်ခြင်း မရှိသေးပေ။
မကြာသေးခင်ကလည်း စစ်ကိုင်းမြို့ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်တွေ့ပြီး အပြန် လှန်ပစ်ခတ်မှုဖြစ်ရာ စစ်ကောင်စီဝန်ထမ်း ၃ ဦး၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။