တပ်မတော်၏ မိုင်းရှင်းလင်းမှုလုပ်ငန်းစဉ် ပြီးဆုံးသွားသည့် ကချင်ပြည်နယ်ရှိ ကျေးရွာအချို့သို့ စစ်ရှောင် ၅,၀၀၀ ခန့်သည် လာမည့်မတ်လမှစ၍ နေရပ်ပြန်နိုင်လိမ့်မည်ဟု ကချင်လူသားချင်းစာနာမှုကော်မတီ (KHCC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
နေရပ်ပြန်နိုင်မည့် ယင်းစစ်ရှောင် ၅,၀၀၀ ခန့်မှာ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း နေရပ်စွန့်ခွာကာ ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်နှင့် ပူတာအိုမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သူများ ဖြစ်သည်။
ဝိုင်းမော်မြို့နယ် မိုင်းနားစစ်ရှောင်စခန်းနှင့် စိန့်ဂျိုးဇက် စစ်ရှောင်စခန်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၂,၀၀၀ ကျော် (အိမ်ထောင်စု ၂၀၀ ခန့်) သည် ၂၀၂၁ မတ်လအတွင်း ၎င်းတို့၏ မူလကျေးရွာဖြစ်သည့် ဒဘတ်ယန်ကျေးရွာသို့ ပြန်ရန်စီစဉ်ထားသည်ဟု ကချင်နှစ်ခြင်းအသင်းတော် (KBC) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွန်က ဆိုသည်။
ဒဘတ်ယန်ကျေးရွာတွင် နေအိမ် ၂၀၀ ကျော် ပြန်လည်ဆောက်လုပ်ရေးအတွက် ဂျပန်အစိုးရ၏ နီပွန်ဖောင်ဒေးရှင်းက ကူညီထောက်ပံ့ပေးထားသော ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည်ဟု KHCC ထံမှ သိရသည်။
ယနေ့ (ဒီဇင်ဘာ ၁၈) နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် မိုင်းနားစစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် ဒဘတ်ယန်ရွာသားအချို့သည် ၎င်းတို့ရွာသို့ပြန်၍ သန့်ရှင်းရေးသွားရောက်လုပ်ဆောင်ကြသည်ဟု စခန်းရှိ စစ်ရှောင်တစ်ဦးက ပြောသည်။
ဗန်းမော်မြို့နယ်အတွင်းရှိ ကျောက်စခန်း၊ ဒေါ့ဖုန်းယန်၊ ဂါးဒါယန်နှင့် ဂွယ်ကထောင်ရွာများ၌လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ရာ နေအိမ်များပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ပြီးစီးပါက ရောဘတ်စစ်ရှောင်စခန်း၌ ခိုလှုံနေသူ ၂,၀၀၀ ကျော် (အိမ်ထောင်စု ၃၀၀ ခန့်) သည်လည်း လာမည့်နှစ်အစောပိုင်းတွင် နေရပ်ပြန်ကြလိမ့်မည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
ထို့အပြင် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ကျေးရွာလေးရွာမှ လူဦးရေ ၈၀၀ ခန့် (အိမ်ထောင်စု ၆၅ စု) သည်လည်း နေရပ်ပြန်ရန် စီစဉ်နေကြပြီဖြစ်သည်။
ဒီဇင်ဘာ ၁ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါက်တာခလမ်ဆမ်ဆွန်တို့ မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပြီးနောက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို တပ်မတော်က ပိုမိုအရှိန်မြှင့်လုပ်ဆောင်ပေးရန် ဆွေးနွေးခဲ့ကြသည်။
“တပ်ချုပ်နဲ့ ကျွန်တော်တို့ မိုင်းရှင်းလင်းရေးမှာ အတူလုပ်ဆောင်မယ်ဆိုတဲ့ သဘောတူညီချက်တွေ ရှိခဲ့တယ်ဆိုတော့ ပိုပြီးမှတော့ အားရှိသွားတာပေါ့” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
KHCC က ၂၀၁၈ တွင် ကချင်ရွာပေါင်း ၂၀၀ ကျော်သို့ ကွင်းဆင်းလေ့လာကာ ပြန်လည်နေထိုင်ရန် သင့်မသင့် စစ်တမ်းကောက်ယူပြီးနောက် ပျက်စီးမှုနည်းပါးသည့် ကချင်ရွာ ၁၇ ရွာမှ စစ်ရှောင် ၁၀,၀၀၀ ခန့်ကို နေရပ်ပြန်နိုင်ရေး စီစဉ်ပေးနေခြင်းဖြစ်သည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆန်ယန်ရွာမှ ရွာသား ၆၀၀ ခန့်ကိုလည်း ၂၀၁၉ ဇန်နဝါရီနှင့် မတ်လတို့တွင် နှစ်သုတ်ခွဲ၍ လည်းကောင်း၊ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာမှ အိမ်ထောင်စု ၁၈ စု (လူဦးရေ ၅၀ ခန့်) ကို ယခုနှစ် စက်တင်ဘာတွင်လည်းကောင်း နေရပ်ပြန်ရန် စီစဉ်ပေးခဲ့သည်။
ကချင်စစ်ရှောင်များနေရပ်ပြန်နိုင်ရေး တပ်မတော်နှင့် KIA တို့က သဘောတူလက်ခံခြင်းသည် ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သည့် လက္ခဏာတစ်ခုဖြစ်သည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
၁၇ နှစ် ကြာမြင့်ခဲ့သည့် တပ်မတော်နှင့် KIA တို့ကြား ငြိမ်းချမ်းရေးသည် ၂၀၁၁ ဇွန်တွင် ပျက်ပြယ်သွားပြီးနောက် ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်စစ်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့ပြီး ကချင်စစ်ရှောင် ၁၂၀,၀၀၀ ကျော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်း ၁၇၇ ခု တွင် ခိုလှုံနေခဲ့ကြရသည်။