
ကာလရှည် ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံဒေသ ရေအားလျှပ်စစ်စီမံကိန်းများကို ပြန်လည်စတင်ရန် စစ်ကောင်စီက ပြင်ဆင်နေပြီး အဖွဲ့ဝင် ၁၁ ဦးပါသည့် ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို ဧပြီ ၂၄ ရက်တွင် ဖွဲ့စည်းထားကြောင်း မေ ၁၇ ရက်ထုတ် စစ်ကောင်စီပြန်တမ်းတွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအေးကျော်ခေါင်းဆောင်သည့် ထိုအဖွဲ့သည် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအစိုးရနှင့် ညှိနှိုင်းဆွေးနွေးရေးရန်၊ စီမံကိန်းတွင် ပါဝင်မည့် အစုရှယ်ယာဝင်များနှင့် ဆွေးနွေး၊ ဆုံးဖြတ်ရေးကိစ္စများ လုပ်ဆောင်ရမည်ဟုလည်း စစ်ကောင်စီထုတ်ပြန်ချက်က ဆိုသည်။
ယခု ဖွဲ့စည်းလိုက်သည့်အဖွဲ့သည် ၁၃ နှစ်နီးပါးကြာ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသည့် စီမံကိန်းအတွက် တရုတ်နိုင်ငံ ကူမင်းမြို့အခြေစိုက် SPIC Yunnan International Power Investment Co.,Ltd (SPICYN) နှင့် ပူးပေါင်းကာ သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာများအပါအဝင် ညှိနှိုင်းဆွေးနွေးမှုများ ပူးပေါင်းပြုလုပ်သွားမည်ဟု ဆိုသည်။
SPICYN သည် မြစ်ဆုံစီမံကိန်းကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်ကတည်းက လုပ်ကိုင်ခွင့်ရခဲ့သည့် တရုတ်အစိုးရပိုင် လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း (CPI) အမည်ပြောင်းကုမ္ပဏီဖြစ်သည်။

မြစ်ဆုံစီမံကိန်းကို CPI၊ မြန်မာအစိုးရနှင့် စီပွားရေးလုပ်ငန်းတစ်ခုဖြစ်သော Asia World တို့အကြား စစ်အာဏာရှင်ဟောင်း သန်းရွှေလက်ထက် ၂၀၀၅ ဝန်းကျင်ကတည်းက ဖက်စပ်လုပ်ငန်း ထူထောင်ခဲ့ကြသည်။ ထို့နောက် ၂၀၀၉ တွင် ထိုစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်။
မြစ်ကြီးနားမြို့ မြောက်ဘက် ၂၃ မိုင်အကွာရှိ မြစ်ဆုံဒေသတွင် ရေကာတာ ၇ ခုတည်ဆောက်ကာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀,၀၀၀ ကျော် ထုတ်လုပ်မည့် စီမံကိန်းကို တရုတ်နိုင်ငံနှင့် အာဏာရှင်တို့အကြား နှစ်ရှည်စီမံကိန်းအဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။
အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန် ရေကာတာစီမံကိန်းမှာ မေခနှင့် မလိခပေါင်းဆုံရာ ဧရာဝတီမြစ်ဆုံနေရာနှင့် မြစ်လက်တက်များပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။
စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်ကို တရုတ်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၂၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာ အကျိုးဆောင်ခအဖြစ် Asia World ကုမ္ပဏီက ရရှိမည်ဟု International Rivers ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
ထိုစီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြင်း၊ ထိုဒေသရှိ မြေဧကပေါင်းများစွာ ရေလွှမ်းမိုးသွားနိုင်ခြင်း၊ လူမှုဘဝများပျက်စီးနိုင်ခြင်းတို့ကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများစွာက ကန့်ကွက်ခဲ့ကြသည်။ ထို့နောက် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်ခေါင်းဆောင်ဟောင်း ဦးသိန်းစိန် သမ္မတဖြစ်လာချိန် စီမံကိန်းကို ရပ်ဆိုင်းပစ်ခဲ့သည်။

ကချင်ဒေသ တိုက်ပွဲများနှင့် တရုတ်အား မက်လုံးပေးမှု
ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် မတ်လဆန်းမှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီ အထိနာလျက်ရှိသည်။ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်တပ်ခြေကုပ်စခန်းများကို KIA က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက တပ်စခန်းရာနှင့်ချီကို လက်လွှတ်လိုက်ရပြီဖြစ်သည်။
ယမန်နေ့ (မေ ၂၁) မှာပင် ဝိုင်းမော်မြို့တောင်ဘက် ၁၀ မိုင်အကွာရှိ စစ်တပ် ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၃၂၁) ကို KIA က စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီဖြစ်သည်။
မြစ်ဆုံဒေသ ဧရာဝတီမြစ်ဆုံအထက်ပိုင်း အင်ဂျန်းယန်မြို့သို့ သွားရာလမ်းပေါ်ရှိ ဂွေထောင်ရွာအခြေစိုက် တပ်စခန်း၊ ဇွပ်မိုင်ယန်ရွာရှိ ၁၆ မိုင်တပ်စခန်းနှင့် မြို့ပေါ်၌ တပ်စွဲထားသည့် စစ်သားနှင့် ရဲများ တိုက်ပွဲဖြစ်ပွား မှုမရှိဘဲ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာတွင် ဆုတ်ခွာသွားခဲ့ကြရာ မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပြီဖြစ်သည်။
ထိုဒေသသည် KIA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်ပြီး ယမန်နှစ် နှစ်ကုန်ပိုင်းတွင် အင်ဂျန်းယန်မြို့နယ်ရှိ စစ်ဘက်ဝန်ထမ်းများသာမက အရပ်ဘက်ဝန်ထမ်းများပါ စွန့်ခွာသွားခြင်းဖြစ်သည်။
KIA နှင့်အတူ အာရက္ခတပ်တော် (AA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်တပ်စခန်းပေါင်း ၁၀၀ ကျော်ကို ချေမှုန်းထားနိုင်ပြီဖြစ်သည်။
ထို့ပြင် အင်ဂျန်းယန်မြို့အပါအဝင် ကချင်ပြည်နယ်အတွင်းရှိ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့နှင့် နယ်စပ်ကုန်သွယ်ရေးအချက်အချာကျသည့် လွယ်ဂျယ်မြို့တို့ကို KIA က သိမ်းပိုက်ထားသည်။
ကချင်ပြည်နယ်နှင့် ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့ရှိ စစ်ကောင်စီတပ်ကိုလည်း KIA တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ သိမ်းပိုက်ထားပြီဖြစ်သည်။ လက်ရှိတွင် မံစီမြို့နှင့် မိုးမောက်မြို့တွင်လည်း စစ်တပ်စခန်းနှင့် ရဲစခန်းတို့ကို KIA က စီးနင်းတိုက်ခိုက်ထားသည်၊ ထိုမြို့တို့ရှိ အခြေစိုက်တပ်ရင်းများနှင့် KIA ပူးပေါင်းတပ်အကြား ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
KIA ထိုးစစ် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့အနီးသို့ ရောက်ရှိလာချိန် စစ်ကောင်စီက အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် ပြန်လည်ခြေလှမ်းလှမ်းလာခြင်းဖြစ်သည်။
ထိုအခြေအနေတွင် ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ ဖွဲ့စည်းလိုက်ခြင်းသည် KIA ထိုးစစ်ကို ရပ်တန့်နိုင်ရန်အတွက် တရုတ်အစိုးရကို မက်လုံးပေးခြင်း ဖြစ်နိုင်ကြောင်း ဒေသတွင်း ကချင်သတင်းအရင်းအမြစ်တစ်ဦးက သုံးသပ်သည်။
“သူတို့တွေရဲ့ အဓိကဗျူဟာက တိုင်းရင်းသားတွေရဲ့ ထိုးစစ်တွေရပ်အောင် တောင်းပြီးမှာ တရုတ်နဲ့ အပေးအယူလုပ်တာပဲလို့ထင်ပါတယ်။ တရုတ်ကို မြစ်ဆုံပြန်စဖို့အတွက် သူတို့ဘက်ကနေ ကြိုးစားပေးမယ်။ KIA ဘက် ထိုးစစ်ဆင်နေတာတွေ အမြန်ဆုံးရပ်တန့်အောင် လုပ်ပေးဖို့ တောင်းဆိုမှာ။ ဒီဟာ (ထိုးစစ်ရပ်တန့်ဖို့) ကတော့ အင်မတန်ခက်မယ်လို့ ထင်ပါတယ်”