သတင်း

မံစီ၊ မိုးမောက်တို့တွင် တိုက်ပွဲပြင်းထန်၊ မံစီရဲစခန်းကို KIA ပြန်သိမ်း

၈ ရက်ကြာ တိုက်ပွဲဖြစ်နေသော ကချင်ပြည်နယ်တောင်ပိုင်း မြို့နယ်တချို့တွင် စစ်ကောင်စီက လေတပ်အားပြုပြီး ပြင်းပြင်းထန်ထန် ခုခံစစ်ဆင်နေသည်၊ ဒေသခံတို့ ဘေးလွတ်ရာတွင် ခိုလှုံနေကြသည်။

ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင်အတွင်းရှိ မံစီ၊ မိုးမောက်မြို့နယ်တို့တွင် တိုက်ပွဲများ ၈ ရက်ကြာ ဆက်လက်ပြင်းထန်နေပြီး မံစီမြို့ပေါ်ရှိ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဒုတိယအကြိမ် ပြန်လည်သိမ်းယူလိုက်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ ယနေ့ (မေ ၁၄) တွင် သိရသည်။

မေ ၇ ရက်မှစတင်ကာ ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်က ထိုမြို့များရှိ စစ်ရေးပစ်မှတ်များကို တစ်ပြိုင်နက် ထိုးစစ်ဆင်ခဲ့ရာ ဗန်းမော်မြို့နယ် စင်းခန်းရွာနှင့် မံစီမြို့ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီလေတပ်က မံစီမြို့ကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် KIA တပ်များ နောက်ဆုတ်ထားစဉ် စစ်ကောင်စီကြည်းတပ်က မြို့တွင်းသို့ ဝင်ရောက်လာပြီး ရဲစခန်းတွင် နေရာယူလိုက်သည်။

ထို့နောက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရဲစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်၊ မြို့တွင်းရှိ စစ်ကောင်စီတပ်များကိုလည်း ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မံစီမြို့က ရဲစခန်းကို ပြန်သိမ်းထားပါတယ်၊ တိုက်ပွဲကလည်း ဆက်ဖြစ်နေပါတယ်၊ အဲဒီဘက်ကတော့ စစ်မြေပြင်ဖြစ်နေပြီး စစ်ရေးတင်းမာမှုလည်း ရှိနေပါတယ်၊ မိုးမောက်ရော မံစီရော တိုက်ပွဲဆက်ဖြစ်နေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မံစီနှင့် မိုးမောက်မြို့ကို KIA နှင့် ပူးပေါင်းတပ်များက နယ်မြေစိုးမိုးမှု ရယူထားသည်၊ မိုးမောက်မြို့အနီးရှိ ခြေမြန်တပ်ရင်း ခမရ (၄၃၇) နှင့် မံစီမြို့အနီးရှိ ခမရ (၆၀၁), ခမရ (၃၁၉) တို့ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

အဆိုပါ ခြေမြန်တပ်ရင်းများသည် အခိုင်အမာ ခံစစ်ဆင်ထားသည့် ဗျူဟာမြောက်စခန်းများဖြစ်သည်၊ ကပ်လျက်တည်ရှိသည့် ထို ၂ မြို့အတွက် အရေးကြီးစခန်းများ ဖြစ်သောကြောင့် စစ်ကောင်စီက အပြင်းအထန်ခုခံနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ရှေ့တန်းကသူတွေ ပြောတာတော့ ဘယ်နှကြိမ် ဘယ်နှခေါက်ဆိုတာတောင် တွက်လို့မရတော့ဘူးလို့ ပြောတယ်၊ အမြဲတမ်းလာပြီးမှ ဗုံးကြဲတာပေါ့၊ ဂျက်ဖိုက်တာတို့ Y 12 (လေယာဉ်) တို့နဲ့ ဆက်တိုက်ဆိုသလို ဗုံးကြဲတယ်လို့ ပြောလို့ရတယ်” ဟု သူက ပြောသည်။

တရုတ်နယ်စပ်နှင့် နီးကပ်စွာ တည်ရှိသည့် ထိုဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသော်လည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဘာသာရေးခေါင်းဆောင်တစ်ဦးကို ညသန်းခေါင်တွင် သွားရောက် ဖမ်းဆီးထားသည်၊ ငြိမ်းချမ်းရေးအတွက် ပြောဆိုဆွေးနွေးလိုခြင်းကြောင့် ခေါ်ထားခြင်း ဖြစ်သည်ဟု စစ်ကောင်စီက ပြောသည်။

အသက် ၅၀ ကျော်အရွယ် မံစီမြို့ခံ အမျိုးသားတစ်ဦးက ပြီးခဲ့သည့် ရက်အနည်းငယ်မှ စတင်ကာ စစ်ကောင်စီတပ်တချို့ မံစီမြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ မြို့ပေါ်တိုက်ပွဲများ ဖြစ်ပွားနေသည်၊ ရဲစခန်းအပါအဝင် မြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပျက်စီးသည်ဟု ပြောသည်။

“နေအိမ်တွေလည်း မီးလောင်နေတယ်၊ မိုးမောက်လည်း ထူးမခြားနားပဲ၊ ဂျန်ခင်းရပ်ကွက်လည်း အကုန်လောင်သွားပြီတဲ့ စစ်တပ်နဲ့ နီးတဲ့နားက။ မံစီလည်း ဒီမနက် မီးလောင်နေတယ် ကြားတယ်၊ တိုက်ပွဲကလည်း ဆက်လက်ဖြစ်နေတယ်” ဟု သူက ပြောသည်။

မံစီမြို့တွင်း၌ ကျန်ရှိနေသေးသော ဒေသခံတချို့နှင့် အဆက်အသွယ်ပြတ်နေသည့်အတွက် အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ပြီးခဲ့သည့် ရက်အနည်းငယ်က ဗန်းမော်မြို့သို့ စစ်ရှောင်လာသည့် အဆိုပါ မံစီမြို့ခံ အမျိုးသားက ပြောသည်။

ဗန်းမော်မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်၊ မံစီနှင့် မိုးမောက်မြို့တွင်း၌ ပိတ်မိနေသည့် ဒေသခံတချို့မှာ တောလမ်းများကို အသုံးပြုပြီး ဗန်းမော်မြို့သို့ ထွက်ပြေးလာကြသည်ဟု ဗန်းမော်မြို့ခံ စစ်ရှောင်အရေးကူညီပေးသူ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောသည်။

မြို့တွင်းရှိ နေအိမ်များနှင့် ကတုတ်ကျင်းများတွင် ဒေသခံတချို့ ဆက်လက် ပိတ်မိနေရာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုများရှိနေသည်ဟုလည်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ ဘာသာရေးခေါင်းဆောင်က ပြောသည်။

“မိုးမောက်က မနေ့က ထွက်လာတဲ့ သူတွေက ငါးရက်လောက်ရှိပြီတဲ့ အစာမစားရတာ။ ဒီကိုရောက်လာတဲ့ အမျိုးသမီးတစ်ယောက်ဆို မူးလဲသွားတာ။ အချို့လည်း အိမ်ထဲက ကတုတ်ကျင်းထဲမှာ ပုန်းနေတဲ့ သူတွေလည်း သေတဲ့သူ သေတယ်တဲ့၊ လေယာဉ်နဲ့ ဗုံးကြဲလို့” ဟု သူက ပြောသည်။

သေဆုံးသည့် အရေအတွက်ကို အတိအကျမသိရသေးသလို တိုက်ပွဲပြင်းထန်နေသည့်အတွက် ကူညီကယ်ဆယ်ရေးများလည်း မလုပ်နိုင်သေးဟုလည်း သူက ဆက်ပြောသည်။

မံစီ၊ မိုးမောက်မြို့နယ်တို့နည်းတူ ပြည်နယ်မြောက်ပိုင်းရှိ ပူတာအိုမြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။ ပူတာအိုမြို့မှ ဆွမ်ပရာဘွမ်မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တန်ဂျာရွာအနီး မေ ၁၁ ရက်တွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ တနိုင်းမြို့နယ်မှ နမ်ခမ်းစစ်တပ်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာလည်း ၃ ရက်ခန့် ကြာမြင့်လာပြီဖြစ်သည်။

ကချင်တိုက်ပွဲများ ပြင်းထန်နေချိန်တွင် KIA ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းမှာ ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း NUG က ယနေ့ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button