သတင်း

မိုးမောက်မြို့ ခြေလျင်တပ်ရင်းကို လေတပ်မှားယွင်းဗုံးကြဲဟု KIA ပြော

လေတပ်ကကြဲသည့်ဗုံးကြောင့် ဒဏ်ရာရသွားသော စစ်သားများ၊ သံချပ်ကာကားတို့ ပါဝင်သည့် ယာဉ်တန်းကို မိုးမောက်မှ ဗန်းမော်သို့ သွားစဉ် ချေမှုန်းလိုက်သည်ဟု KIA က ဆိုသည်။

မေလ ၉ ရက်နေ့က ကချင်ပြည်နယ်တောင်ပိုင်း မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲတွင် ဒဏ်ရာရသွားသည့် စစ်ကောင်စီတပ်သား အများအပြားပါဝင်သည့် ယာဉ်တန်းကို လိုက်လံ တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်မြောက်ရေးတပ် (KIA) က ပြောသည်။

မြို့အနောက်ဘက်ရှိ အမှတ် (၄၃၇) ခြေလျင်တပ်ရင်းစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီက Y 12 အမျိုးအစားလေယာဉ်ဖြင့် လာရောက် ဗုံးကြဲသော်လည်း ကြဲချသည့်ဗုံးများ စခန်းအတွင်းသို့ ကျရောက်သည်ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ဗုံးဒဏ်ကြောင့် စခန်းအတွင်း အများအပြားသေဆုံးသည်၊ ဒဏ်ရာရသည့် တပ်သားများကို ဗန်းမော်မြို့သို့ ပို့ရန် ကြိုးပမ်းသည့် ယာဉ်တန်းတွင် တင့်ကားတစ်စီးနှင့် စစ်ကားသုံးစီး ပါဝင်သည်ဟု သူက ဆက်ပြောသည်။

“သူတို့ရဲ့ လူနာတင်တဲ့ ကားတွေကတော့ ကျွန်တော်တို့ဘက်ကနေ ပြန်ပြီးမှ တိုက်ပြီး ကားတွေလည်း ရတယ်၊ အဲဒီကားတွေမှာပါသွားတဲ့ လူနာတွေကတော့ အားလုံးသေသွားတဲ့ သတင်းရပါတယ်” ဟု သူက ဆိုသည်။

ယာဉ်တန်းရှေ့မှ ဦးဆောင်သည့် တင့်ကား မီးလောင်ပျက်စီးသည်ဟုလည်း သူက ဆိုသည်။

ခလရ (၄၃၇) စခန်းကို မသိမ်းနိုင်သေးဘဲ တိုက်ပွဲများ ဆက်ပြင်းထန်နေဆဲဖြစ်သည်ဟု သိရသည်။

KIA ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ထို့ပြင် ဗန်းမော်နှင့် မိုးမောက်ကြား ၅ မိုင်ရွာအနီးတွင်လည်း ယနေ့ (မေ ၁၀) တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ဗန်းမော်မြို့အခြေစိုက် စစ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်နေရာ တိုက်ပွဲဖြစ်သည့် နေရာသို့ လက်နက်ကြီးပစ်ကူပေးနေသည်ဟု ယူဆရကြောင်း ဗန်းမော်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီမနက်ဘက် တိုက်ပွဲဖြစ်တယ်၊ အခုနေ့လယ်ပိုင်းတော့ ငြိမ်နေတယ်၊ ဒီနေ့တော့ လေယာဉ်သံ မကြားဘူးဗျ၊ လက်နက်ကြီးလည်း မနက်ပိုင်းကြားရပြီး နေ့လယ်ပိုင်းကတော့ ငြိမ်နေတယ်” ဟု ထိုအမျိုးသားက ပြောသည်။

မေ ၇ ရက်နေ့မှစတင်ကာ ဗန်းမော်မြို့အနီးရှိ စင်းခန်းရွာ၊ မံစီမြို့နှင့် မိုးမောက်မြို့တို့ကို KIA ပူးပေါင်းတပ်က တစ်ပြိုင်နက် ထိုးစစ်ဆင်ရာ စင်းခန်းရွာနှင့် မံစီမြို့ရှိ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

တရုတ်နယ်စပ်နှင့် ကပ်လျက် တည်ရှိသည့် မံစီနှင့် မိုးမောက်မြို့များကို အပြီးသတ် မသိမ်းနိုင်သေးဘဲ တိုက်ပွဲများ ယနေ့အထိ ဆက်လက်ပြင်းထန်နေသည်၊ စစ်ကောင်စီတပ်က အခြားဒေသတိုက်ပွဲများကဲ့သို့ပင် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံနေသည်ဟု သိရသည်။

မံစီမြို့တွင်လည်း တိုက်ပွဲများပြင်းထန်နေဟု သိရပြီး မြေပြင်သတင်းပေးပို့မှု အသေးစိတ်မရသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြည်နယ်မြောက်ပိုင်းတွင် ဆွမ်ပရာဘွမ်မြို့ကို KIA က သိမ်းပိုက်နိုင်ပြီးနောက် ပူတာအိုမြိုနှင့် မိုင် ၄၀ ကျော်အကွာ မြစ်ကြီးနား-ပူတာအို လမ်းမကြီးပေါ်ရှိ ဖုန်ကျန်းစခန်းမှ စစ်ကောင်စီတပ်သားများ မေ ၉ ရက်နေ့တွင် ထွက်ပြေးသွားရာ စခန်းမီးရှို့ဖျက်ဆီးခံရသည်။

ပူတာအိုမှ စစ်ကောင်စီတပ် အင်အားတချို့ ဆွမ်ပရာဘွမ်မြို့ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာသည် ဆိုသည့် သတင်းများကိုလည်း ကြားရသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဆွမ်ပရာဘွမ်ကိုလည်း ပြန်ရအောင် ကြိုးစားပုံတော့ ရပါတယ်။ နောက် ဖုန်ကျန်းတို့၊ ဖုန်ရင်တို့ အဲဒီမှာလည်း တံတားတွေရှိတယ်၊ အဲဒီမှာ လုံခြုံရေး ပြန်ထိုင်ဖို့ ကြိုးစားနေတာလားပေါ့နော်၊ အဲဒါကို ကျွန်တော်တို့လည်း အမြဲတမ်း စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မေ ၉ ရက်နေ့က ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားရှိ လက်နက်ကိုင်တို့ကို  တိုက်ခိုက်ရာ ရဲမှူးတစ်ဦး သေဆုံးခဲ့ပြီး ရဲနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တံတားဖြတ်သန်းသွားလာခွင့်ကို ၁ ရက် ပိတ်ထားခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။

ကချင်ပြည်နယ် နေရာအတော်များများတွင် အရှိန်အဟုန်ဖြင့် ဆက်လက်အားကောင်းနေသည့် ထိုးစစ်တွင် KIA နှင့်အတူ အာရက္ခတပ်တော် (AA)၊ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့လည်း ပူးပေါင်းတိုက်ခိုက်နေကြသည်။

မတ် ၇ ရက်နေ့မှစတင်ကာ ကချင်ပြည်နယ်တွင်း ထိုးစစ်စတင်ခဲ့ပြီး ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။

၂၀၂၃ နှစ်ကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်စဉ် KIA က ထိုးစစ်အနည်းငယ်သာ ရှိခဲ့သည်။

တရုတ်က ဖိအားပေးသဖြင့် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ရပ်ဆိုင်းပေးလိုက်ရပြီးနောက်တွင် KIA ၏ ထိုးစစ် ပြင်းပြင်းထန်ထန် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဤအတောအတွင်း KIA လှုပ်ရှားနယ်မြေအတွင်း တိုက်ပွဲနှင့် ပတ်သက်ပြီး တရုတ်၏ ဝင်ရောက်စွက်ဖက်သံ ထွက်ပေါ်မလာသေးပေ။

စစ်ကောင်စီဘက်ကမူ ငြိမ်းချမ်းရေးလုပ်လိုကြောင်း လေသံပစ်လာသည်။

စစ်ကောင်စီက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ခေါင်းဆောင်ဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဧပြီလ ၁၇ ရက်နေ့တွင် ထောင်မှ ခြွင်းချက်ဖြင့် ပြန်လွှတ်ပြီး ထိုညသန်းခေါင်တွင် နေအိမ်သို့ သွားရောက်ကာ ခေါ်ထုတ်သွားသည်။

ထိုသို့ ပြန်ခေါ်ခြင်းမှာ ငြိမ်းချမ်းရေးအတွက် ပြောဆိုဆွေးနွေးလိုခြင်းကြောင့်ဖြစ်သည်၊ ဖမ်းဆီးခြင်းမဟုတ်ဟု စစ်ကောင်စီက ပြောကြောင်း BBC သတင်းဌာန၏ ဧပြီလ ၁၉ ရက်နေ့ အွန်လိုင်းသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

Show More

Related Articles

Back to top button