သတင်း

မံစီနှင့် မိုးမောက်မြို့တို့ကို သိမ်းရန် KIA အပြင်းအထန်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်ထဲမှ မံစီနှင့် မိုးမောက်မြို့တို့ကို သိမ်းနိုင်ရေးအတွက် KIA က အင်္ဂါနေ့မှစတင်ပြီး အပြင်းအထန်ထိုးစစ်ဆင်နေသည်။

ကချင်ပြည်နယ်တောင်ပိုင်း မိုးမောက်မြို့နှင့် မံစီမြို့တို့တွင် မြို့ပေါ်နေရာအများစု၌ ၎င်းတို့တပ်များ ဝင်ရောက်တပ်စွဲထားပြီး မြို့ပြင်ရှိ စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးအရာရှိက ဆိုသည်။

KIA သည် ပြီးခဲ့သည့် အင်္ဂါနေ့မှစတင်ပြီး ထိုမြို့များကို ထိုးစစ်ဆင်နေရာ စစ်ကောင်စီ၏ ကြည်းတပ်နှင့် လေတပ်တို့ကလည်း အပြင်းအထန်ပြန်လည်ခုခံနေသည်။

“ကျွန်တော်တို့ (မြို့ထဲကို) ဝင်တော့ ဝင်ထားနိုင်တယ် မိုးမောက်ကို၊ နောက်ပြီးတော့ မံစီဘက်မှာလည်း ဒီနေ့ တိုက်ပွဲတွေဖြစ်တယ်၊ အဲဒီမှာလည်း (မြို့ထဲကို) ဝင်ထားနိုင်တဲ့ အဆင့်ဖြစ်တယ်၊ အားလုံးထိန်းချုပ်နိုင်တဲ့ အနေအထားလောက်တော့ မရှိလောက်ပါဘူး” ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးမောက်မြို့သည် ဒေသတွင်းတွင် အချက်အချာကျသည့် ဗန်းမော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး၊ မံစီမြို့သည် ဗန်းမော်မြို့ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင်ရှိသည်။

မံစီမြို့မြောက်ဘက် ကပ်လျက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၃၁၉) နှင့် ဗန်းမော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) လက်အောက်ခံ ခမရ (၆၀၁) တို့ အခြေစိုက်ထားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

မေ ၇ ရက်က တိုက်ပွဲဖြစ်ပွားနေစဉ် မြို့ပြင်ရှိ စစ်ကောင်စီ ခလရ (၆၀၁) တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်းသတင်းဌာနဖြစ်သည့် The 74 Media က ရေးသားထားသည်။

သို့သော် မံစီမြို့ရှိ ဒေသခံ ထိခိုက်သေဆုံးမှုမှာ ပိုမိုးများပြားနိုင်ပြီး မြို့ပေါ်ရှိ လမ်းများပေါ်တွင် အရပ်သားအလောင်းတချို့ရှိနေသလို မြို့တွင်း၌ ဒေသခံတချို့ ဆက်လက်ပိတ်မိနေသည်ဟု ယနေ့ (မေ ၉ ရက်) နံနက်အစောပိုင်း မံစီမြို့မှ ဗန်းမော်မြို့သို့ တိမ်းရှောင်လာနိုင်သည့် ဒေသခံ အမျိုးသားနှစ်ဦးကို ကိုးကားပြီး ဗန်းမော်မြို့ရှိ စစ်ရှောင်အရေးကူညီသူ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးက ပြောသည်။

သို့သော် ယနေ့နံနက် ၈ နာရီခန့်မှ စတင်ပြီး ဗန်းမော်မြို့ အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က ပိတ်ဆို့လိုက်သည့်အတွက် သွားရောက်ကယ်ဆယ်ရန် ခက်ခဲနေသည်ဟု အထက်ပါ ခရစ်ယာန်သင်းအုပ်ဆရာက ပြောသည်။

ထို့ပြင် ဗန်းမော်မြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသည့် ၅ မိုင်ရွာတွင် အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့သည့် ဒေသတချို့ကိုလည်း စစ်တပ်က ဖမ်းဆီးထားသည်ဆိုသည့် သတင်းများထွက်ပေါ်နေသည်ဟု အဆိုပါ သင်းအုပ်ဆရာက ပြောသည်။

“လမ်းတွေအကုန်ပိတ်သွားပြီဗျ၊ ကျန်ခဲ့တဲ့သူတွေတောင်မှ တပ်က ဖမ်းထားတယ်ဆိုလို့ အဲဒါတောင်မှ ဘယ်လိုရှိပြီလည်းဆိုတာ မသိတော့ဘူးဗျာ” ဟု အဆိုပါ သင်းအုပ်ဆရာက ပြောသည်။

မိုးမောက်မြို့အနောက်ဘက်တွင်လည်း ခမရ (၄၃၇) တပ် အခြေစိုက်ထားပြီး ယမန်နေ့ ညနေတွင် မြို့တွင်းမှတပ်များ အဆိုပါ တပ်တွင်းသို့ ဆုတ်ခွာသွားသည့်အတွက် မြို့ပေါ်တွင် KIA တပ်များက တပ်စွဲထားသည်။ ခမရ (၄၃၇) တပ်ကို ဆက်လက်တိုက်ခိုက်နေသည်ဟု ယမန်နေ့က မိုးမောက်မြို့မှ ဗန်းမော်မြို့သို့ တိမ်းရှောင်လာသည့် အသက် ၄၀ ကျော်အရွယ် မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နှင့် မံစီမြို့တို့ကို ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးနေရာ ယနေ့နံနက်အစောပိုင်းမှ မွန်းလွဲ ၁ နာရီခန့်အထိ လက်နက်ကြီးပစ်ခတ်သံများကို တစ်မြို့လုံး ကြားနေရသည်ဟု ဗန်းမော်မြို့ခံတချို့က ပြောသည်။

မေ ၇ ရက်က ထိုးစစ်ကြောင့် စင်းခန်ရွာနှင့် မံစီမြို့ပေါ်ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်၏ စခန်းပေါင်း ၇ ထက်မနည်းကို နာရီပိုင်းအတွင်း KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် ဝိုင်းမော်မြို့အရှေ့တောင်ဘက် မိုင် ၂၀ ကျော်အကွာ၊ မြစ်ကြီးနား-ဗန်မော်လမ်းမကြီး၏ အရှေ့ဘက်တောင်တန်းများပေါ်တွင်ရှိသည့် စစ်ကောင်စီတပ်၏ ကဂန်၊ ဆမား၊ ရှန်ခေါင်၊ ကုန်းရင်၊ ငါးဂျန်နှင့် ဂီဒွန် စသည့် စခန်း ၁၁ ခုထက်မနည်းကို မေ ၄ ရက်မှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက နှစ်ရက်အတွင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ စစ်စခန်းများကို KIA က သိမ်းပိုက်ပြီးနောက် ဝိုင်းမော်မြို့နယ် ကဇူးရွာနှင့် ဒဘတ်ယန်ရွာ ကြားတွင်ရှိသည့် ဒဘတ်ချောင်းကူးတံတားကို ယမန်နေ့တွင် စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်သည်။

အဆိုပါ တံတားနှင့် အနီးဆုံးတွင်ရှိသည့် ကဇူးရွာရှိ စစ်ကောင်စီတပ်စခန်းမှ တပ်သားများက တံတားကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ဝိုင်းမော်မြို့၏ ရှေ့တန်းတပ်စခန်းများဖြစ်သည့် ကဇူးတပ်စခန်း ရွှေညောင်ပင်ရွာရှိ ခလရ (၃၂၁) တပ်စခန်းတို့၏ လုံခြုံရေးကို ကာကွယ်ရန် တံတားကို ဖျက်ဆီးခြင်းဖြစ်နိုင်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကဇူးရဲ့ လုံခြုံရေးကို စိုးရိမ်လို့ ဖျက်လိုက်တာထင်တယ်၊ အခုလောလောဆယ်ကတော့ တံတားဖျက်ရုံနဲ့တော့ ဘာမှ တားဆီးနိုင်ဖို့က မလွယ်ပါဘူး နေရာတကာကနေ ကူးလို့ရနေတာကို၊ အဲဒါနဲ့တော့ (KIA ထိုးစစ်ကို) အနှောင့်အယှက်မပေးနိုင်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA သည် နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိသည့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ကို ပေါ်ပေါ်တင်တင် ရှုတ်ချထားသည့် အဖွဲ့ဖြစ်သည်။

အာဏာရှင်စနစ်ဖြုတ်ချရေးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို စစ်သင်တန်းပေးရုံသာမက စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့တွင်တည်း PDF များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

ထို့ပြင် မတ် ၇ ရက်မှစတင်ကာ ကချင်ပြည်နယ်အတွင်း ထိုးစစ်စတင်ခဲ့ပြီး ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button