မန္တလေးတိုင်း၊ မတ္တရာမြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင်ရှိသည့် စစ်တပ်ဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ယနေ့ (မေ ၁၀) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
မန္တလေး-မိုးကုတ် ကားလမ်းဘေးရှိ တံငါ (တောင်ရွာ) ဘုန်းကြီးကျောင်းတွင် အခြေပြုတပ်စွဲထားပြီး တံငါတံတားထိပ်တွင် စစ်ဆေးရေးဂိတ်ဖွင့်ထားသည့် စစ်ကောင်စီတပ်သားတို့ကို တိုက်ခိုက်ရာ သေဆုံးသူ ၁၂ ဦးထဲတွင် ဗိုလ်ကြီးချစ်ခိုင် ဆိုသူ ပါဝင်သည်ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က Myanmar Now ကို ပြောသည်။
“ဒီစခန်းငယ်ကတော့ လမ်းသွားလမ်းလာတွေဆီက ပိုက်ဆံတောင်းနေတဲ့ဂိတ်တစ်ခုပါ။ တိုက်ပွဲဖြစ်တော့ ထွက်ပြေးတဲ့စကစတွေလည်း အများအပြားရှိခဲ့ပါတယ်” ဟု သူက ဆိုသည်။
၄၅ မိနစ်ခန့်ကြာ တိုက်ပွဲအတွင်း MDY-PDF ဘက်မှလည်း ၁ ဦး သေဆုံးကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော MA အမျိုးအစား သေနတ်များ အပါအဝင် လက်နက် ၁၂ လက်၊ ဒရုန်းဖျက်လက်နက်တစ်လက်၊ ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို နှစ်ဖက်သေဆုံးမှု အရေအတွက်ကိုလည်း သီးခြား အတည်မပြုနိုင်သေးပေ။
၂၀၂၃ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ကလည်း MDY-PDF သည် မတ္တရာမြို့နယ်၊ ဆည်တော်ကြီးရေလှောင်တမံအနီးရှိ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို တိုက်ခိုက်ခဲ့သလို ဧပြီလ ၂၈ ရက်တွင်လည်း စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာ စစ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။
ပြင်ဦးလွင်၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့် MDY-PDF သည် မန္တလေးတိုင်းနှင့် ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခြေကုပ်ယူထားသည်။
နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ ပူပေါင်းတိုက်ပွဲဝင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး အပစ်ရပ်သွားချိန်တွင်လည်း နောင်ချိုမြို့နယ်အတွင်းမှ ပြင်ဦးလွင်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
“၂၀၂၄ ခုနှစ်မှာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကို အရှိန်မြှင့်ပြီးတော့ ဖော်ဆောင်သွားဖို့ ရည်မှန်းထားတဲ့အတွက် အရင်ကတိုက်ပွဲမဖြစ်ဖူးတဲ့ နယ်မြေတွေမှာပါ တိုးပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ဆိုသည်။
နောင်ချိုမြို့နယ်အတွင်း ပါဝင်သည့် သရက်ကုန်းရွာစစ်စခန်းကို သွားရောက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ကြည်းတပ်ဖြင့် အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်လာနေသလို လေတပ်ဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေ၍ ယနေ့နံနက်တွင်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်နေသည်ဟု MDY-PDF ထံမှ သိရသည်။