
ရန်ကုန် — တစ်နိုင်ငံလုံးရှိ စစ်တိုင်းများအားလုံးတွင် တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်တန့်ပေးရန်နှင့် ရက္ခိုင့်တပ်မတော် AA အပေါ် ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ပေးရန် မြောက်ပိုင်းမဟာမိတ် ဟု ခေါ်သော တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့က အချက် ငါးချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ဒီဇင်ဘာလ ၂ရ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အဆိုပါတောင်းဆိုမှုများကို လိုက်လျောပေးပါက ၎င်းတို့၏စစ်ရေးလှုပ်ရှားမှုများကိုလည်း ရပ်တန့်ပေးသွားမည် ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုက ကတိပြုထားသည်။
ထိုးစစ်ရပ်တန့်မှသာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် ပို၍အဓိပ္ပာယ်ရှိပြီး လက်တွေ့ကျမည်ဟု ယုံကြည်ကြောင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။
“စစ်ဒေသတွေမှာ မရပ်တန့်ဘူး၊ ရခိုင်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းနေဦးမယ်ဆိုရင် ကျွန်တော်တို့ကလည်း မလွှဲသာမရှောင်သာ ခုခံကာကွယ်တဲ့အလုပ်တွေကျွန်တော်တို့ လုပ်ရပါလိမ့်မယ်” ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များရှိ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံတိုင်း တိုင်းစစ်ဌာနချုပ် ငါးခုတွင် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် သတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံပွဲတွင် တပ်မတော်က ကြေညာခဲ့သည်။
တပ်မတော်၏ကြေညာချက်ကို အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ‘ဝ’ တပ်မတော် (UWSA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့က ထောက်ခံကြိုဆိုခဲ့ကြပြီး ရခိုင်ပြည်နယ်ရှိအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေကိုလည်း စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်စေချင်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။
တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များ၊ ချင်းပြည်နယ်ဒေသအချို့တို့တွင် ပြင်းထန်စွာ ဖြစ်ပွားနေပြီး ယခုထုတ်ပြန်ချက် ထုတ်သည့် ဒီဇင်ဘာ ၂၇ ရက်နေ့အထိ ကျောက်တော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်။
တပ်မတော်၏ ထုတ်ပြန်ချက်ကြောင့် မဟာမိတ်လေးဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များအရ ယခုလို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကာ အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရ၊ တပ်မတော်တို့နှင့်လည်း ဆွေးနွေးသွားလိုကြောင်း ကြေညာထားသည်။
ယခင်တွေ့ဆုံပွဲများတွင် တပ်မတော်သည် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အနက်မှ AA၊ TNLA နှင့် MNDAA သုံးဖွဲ့နှင့်သာ ဆွေးနွေးခဲ့သောကြောင့် နောက်ပိုင်းဆွေးနွေးပွဲများတွင် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့လုံးက တပ်မတော်နှင့် တစ်ပြိုင်တည်းဆွေးနွေးသွားလိုပြီး အသိသက်သေများအဖြစ် ‘ဝ’ တပ်ဖွဲ့(UWSA)၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA) နှင့် မိုင်းလားတပ်ဖွဲ့ (NDAA) တို့ကို ပါဝင်စေချင်နေသည်။