သတင်း

မိုးကုတ်မြို့အခြေအနေ စိုးရိမ်စရာမရှိဟု မြို့ခံများကို ပြန်ပေးဆွဲခဲ့သည့် TNLA ပြော

လတ်တလော မိုးကုတ်မြို့အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်စရာမရှိဟု မြို့ခံများကိုဖမ်းဆီးကာ ပြန်ပေးဆွဲထားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

မိုးကုတ်မြို့တွင် စိုးရိမ်ထိတ်လန့်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့ မီဒီယာတွေပေါ်မှာ တက်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီလောက်အထိ စိုးရိမ်စရာ မရှိပါဘူး”‌ ဟု ဗိုလ်မှူ တာအိုက်ကျော်က ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် TNLA က မိုးကုတ်မြို့ခံတစ်ဦးကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြန်ပေးဆွဲသည့်နည်းတူ ဒီဇင်ဘာလ ၄ ရက်ကလည်း မိုးကုတ်မြို့ စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းကို မြို့လယ်၌ ဖမ်းဆီးခဲ့သည်။ 

လက်ရှိတွင် စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်း၏ လက်ရှိကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိကြောင်း ဗိုလ်မှူးတာအိုက်ကျော်က ဆိုသော်လည်း ၎င်းကို ဖမ်းဆီးရသည့်အကြောင်းရင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

“လောလောဆယ်က ဒီလောက်ပဲ ပြောလို့ရမယ်။ အထက်ကလူကြီးတွေက ဒီထက်ပိုပြီးညွှန်ကြားမှ၊ ပြောကြားမှ ကျွန်တော်လည်း ဆက်ပြီးပြောလို့ရမှာ” ဟု ဗိုလ်မှူးတာအိုက်ကျော်က Myanmar Now ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်တွင် မိုးကုတ်မြို့ပေါ်မှ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်မြင့်ဌေးကို TNLA က ဖမ်းဆီးခဲ့သည်။ ၎င်းကို ၉ ရက်ကြာ ဖမ်းဆီးထားစဉ်အတွင်း ရိုက်နှက်ခဲ့သည့်နည်းတူ ပြန်ပေးငွေ ကျပ်သိန်းရာချီတောင်းခဲ့ရာ နောက်ဆုံးတွင် ကျပ်သိန်း ၃၄၀ ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။ 

TNLA ၏ အဆိုပါလုပ်ရပ်များနှင့် ပတ်သက်၍ လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့ (HRJI) က မိုးကုတ်မြို့ခံများနှင့်အတူ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို ဒီဇင်ဘာ ၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာလူ့အခွင့်အရေးကော်မရှင်၊ တရုတ်နိုင်ငံနှင့် နိုင်ငံအသီးသီးထံ အသိပေးအကြောင်းကြားသွားမည်ဟုလည်း ဆိုသည်။

မကြာသေးခင်ရက်က မြို့ပေါ်တွင် TNLA အဖွဲ့က ဆက်ကြေးလာတောင်းနေသည်ဆိုသည့် သတင်းကြားသိရသည့်အတွက် လုပ်ငန်းရှင်များအကြား စိုးရိမ်စိတ်များနှင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြောင်း မိုးကုတ်မြို့တွင် ထမင်းဆိုင်ဖွင့်လှစ်ထားသည့် ကိုစိုးမင်းလှိုင်က ပြောသည်။

“မလုံခြုံမှုက ကျွန်တော်တို့ခံစားနေရတာ၊ အကုန်လုံးက စိုးရိမ်သောကတွေရောက်နေတာ။ နောက်ဆုံး ပြောရရင် ကိုယ့်အလှည့်ဘယ်တော့ရောက်မလဲ ဆိုတာမျိုးတွေဖြစ်နေတာ” ဟု ကိုစိုးမင်းလှိုင်က ပြောသည်။

တပ်မတော်နှင့် TNLA နှစ်ဖက်လုံးက လတ်တလောတွင် အပစ်ရပ်ကြေညာထားသော်လည်း နိုဝင်ဘာ ၂၄ ညတွင် မိုးကုတ်မြို့၏ မြောက်ဘက် ၇ မိုင်ခန့်အကွာ၌ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် လူ ၁,၀၀၀ ကျော်ခန့် မိုးကုတ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။ 

Show More

Related Articles

Back to top button