
အကြီးမားဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း တည်ရှိရာ မြန်မာ-ထိုင်းနယ်စပ်မှ မြဝတီမြို့ကို လက်လွှတ်ရလျှင် အခွန်ငွေ အကြီးအကျယ်ဆုံးရှုံးမည့် စစ်ကောင်စီက တော်လှန်ရေးအင်အားစုလက်ထဲ ထိုမြို့ ရောက်မသွားရေးအတွက် အပြင်းအထန် ခုခံနေသည်။
စစ်ကောင်စီက ထုတ်ပြန်သည့် စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ယခုနှစ် ဖေဖော်ဝါရီအထိ နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ သန်း ၄၄၀၀ ကျော်ဖိုးရှိပြီး စစ်ကောင်စီသည် ထိုမှတစ်ဆင့် အခွန်ငွေအများအပြားရနေသည်။
ထိုပမာဏသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်ထားသည့် နယ်စပ်ကုန်သွယ်မှုအားလုံး၏ ၂၃ ရာခိုင်နှုန်းမျှဖြစ်သည်။
စစ်ကောင်စီသည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ချင်းရွှေဟော်ကို ကိုးကန့်တပ် MNDAA လက်ထဲသို့လည်းကောင်း၊ လွယ်ဂျယ်ကို ကချင်တပ် KIA လက်ထဲသို့လည်းကောင်း လက်လွှတ်ခဲ့ရသည်။ တရုတ်နယ်စပ် မူဆယ်၁၀၅မိုင် ကုန်သွယ်ရေးဂိတ်ကိုလည်း မြောက်ပိုင်းမဟာမိတ်တပ်များက ပိတ်ဆို့ထားသည်။
အခြားတစ်ဖက်တွင်လည်း မြဝတီ-မဲဆောက်လမ်းကြောင်းသည် စီးပွားရေးမြို့တော် ရန်ကုန်နှင့် ဆက်သွယ်မှုအကောင်းဆုံး ဖြစ်နေရာ ထိုင်းဘက်ခြမ်းမှ ပြည်တွင်းသို့ ဆေးဝါး၊ စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်၊ အဝတ်အစားနှင့် ပလတ်စတစ်ကုန်ကြမ်းများ တင်သွင်းနေသည်၊ တိုက်ပွဲများကြောင့် ထိုင်းနှင့်ကုန်သွယ်ရေး ရပ်တန့်ပါက ဆေးဝါးအစ မီးဖိုချောင်သုံးဂတ်စ်အလယ် ခေါက်ဆွဲခြောက်အဆုံး စျေးနှုန်းများ အကြီးအကျယ် ထိုးတက်သွားဖွယ်ရှိနေသည်။

တိုက်ပွဲပြင်းထန်နေသည့်မြဝတီ
မြဝတီကို စီမံအုပ်ချုပ်ခွင့်ရရေးအတွက် စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ အားပြိုင်နေရာ ယမန်နေ့မှစတင်ပြီး မြို့အနီးတွင် ပြင်းထန်သည့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည်။
ဒေသခံတို့၏အဆိုအရ တိုက်ပွဲများသည် ယနေ့နံနက်ပိုင်းတွင် ပိုမိုပြင်းထန်လာပြီး စစ်တပ်ကလေယာဉ်ဖြင့် ၁၆ ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ မြဝတီမြို့ပြင်ရှိ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း (ခလရ) စခန်းတစ်ဝိုက်တွင် ရှိနေသည့် တော်လှန်ရေးအင်အားစုနှင့် စစ်တပ်အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လေတပ်ကလည်း မကြာခဏလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သင်္ဃန်းညီနောင်စစ်ဗျူဟာမှ စစ်သားများ၊ မိသားစုဝင်များ စုစုပေါင်း ၆၀၀ ကျော် KNU ထံ လက်နက်ချခဲ့သည့်အတွက် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ သည် စစ်ကောင်စီအတွက် ထိုမြို့၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်လာသည်။
ယနေ့တွင် တိုက်ပွဲများမှာ နံနက်ပိုင်းကပင် အစပြုသည်ဟု မြဝတီဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ခုနေကတော့ ၂၇၅ ဘက်မှာပဲ ဖြစ်နေသေးတာ။ မြို့ထဲတော့ (တိုက်ပွဲ) မရောက်သေးဘူး။ မြို့ထဲမှာက ဒီနေ့ ဘုရင့်နောင်စျေးကြီးလည်း ပိတ်တယ်။ လေယာဉ်ကတော့ မနေ့ညက တစ်ညလုံး လာကြဲသွားတယ်။ တချို့လည်း ဟိုဘက်ကမ်း (ထိုင်းနိုင်ငံ မဲဆောက်မြို့) ကို သွားနေကြပြီ” ဟု အထက်ပါ မြို့ခံက ပြောသည်။

ယမန်နေ့ညက လေတပ် လာရောက် ဗုံးကြဲသည့် နေရာများမှာ ခလရ ၂၇၅ တပ်ရင်းအနီးတစ်ဝိုက်၊ စိမ်းလဲ့မြိုင်ကားကြီးကွင်း တစ်ဝိုက်နှင့် မြဝတီမြို့အမှတ် ၆ ရပ်ကွက်တို့ ဖြစ်သည်ဟု ၎င်းက ပြောသည်။
မြဝတီမြို့ပေါ် တွင် ယမန်နေ့ ညပိုင်းကတည်းက မြန်မာအင်တာနက်လိုင်းများ ပြတ်တောက်သွားပြီဖြစ်ကြောင်း၊ ဆေးရုံ၊ ရဲစခန်း၊ စစ်စခန်းတို့အနီးတွင် နေထိုင်သူ၊ သွားလာသူ မရှိတော့ကြောင်း သိရသည်။
မြဝတီမြို့ ပစ်ခတ်မှု၊ ပေါက်ကွဲမှုများကို ထိုင်းဘက်တွင် အဆက်မပြတ်ကြားနေရကြောင်း Thai Enquirerသတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ အခြေအနေကြောင့် မဲဆောက်ဘက်တွင် ထိုင်းအာဏာပိုင်တို့က စစ်အားအလုံးအရင်းဖြင့် လုံခြုံရေးယူထားသော်လည်း ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးတံတားမှာ ပုံမှန်အတိုင်းဖွင့်ထားဆဲဖြစ်သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြို့ခံများ၏အဆိုအရ မြို့တွင်းမှ ဘဏ်အပါအဝင် အရေးကြီးနေရာများ ပိတ်သွားသော်လည်း နယ်စပ်တံတားပေါ်တွင် စစ်ကောင်စီ၏ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများ အလုပ်လုပ်နေဆဲဟု သိရသည်။
နှစ်နိုင်ငံချစ်ကြည်ရေးတံတားအောက်အပါအဝင် နယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ်က အသင့်နေရာယူနေပုံ၊ ကင်းလှည့်နေပုံများကိုလည်း ထိုင်သတင်းဌာနတို့က ဖော်ပြလျက်ရှိသည်။
မြဝတီတိုက်ပွဲကြောင့် မဲဆောက်ဘက်သို့ ထွက်ပြေးလာမည့် စစ်ဘေးရှောင်များအနက် အရေအတွက် တစ်သိန်းခန့်ကို လက်ခံကူညီနိုင်မည်ဟု ထိုင်းအစိုးရက ယမန်နေ့က ပြောဆိုကြောင်း Bangkok post သတင်းဌာနက ရေးသားထားသည်။
စစ်တပ်က မြဝတီတွင် လက်နက်ချသည့် စစ်တပ်နှင့် တပ်မိသားစုဝင်များကို ရန်ကုန်မှ မဲဆောက်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ရေး ခွင့်ပြုပေးခဲ့ရပြီးနောက် မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ၊ကာကွယ်ရေးဝန်ကြီးတို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြင်းထန်သည့်တိုက်ပွဲများကြောင့် အလုံးအရင်းဖြင့် ဝင်လာနိုင်သော စစ်ဘေးရှောင်များ လုံခြုံဘေးကင်းစွာ ယာယီနေထိုင်နိုင်ရေးအတွက် ပြင်ဆင်ရန် ထိုင်းအစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲကြောင့် ထွက်ပြေးလာမည့်ရေအတွက် တစ်သိန်းထက်ကျော်လွန်လျှင်ပင် လက်ခံကူညီနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်လျှင် အခြားနိုင်ငံများထံမှ အကူအညီရယူရန် ဆွေးနွေးသွားမည်ဟု Parnpree Bahiddha-Nukara က ဆိုသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မဲဆောက်ဒေသတွင် နှစ်နိုင်ငံကုန်သွယ်မှု ၃၀ရာခိုင်နှုန်းခန့် ကျဆင်းသွားရာ နယ်စပ်ကုန်သွယ်ရေးအခြေနေကိုလည်း ယမန်နေ့က အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
လတ်တလော နယ်စပ်အရေးနှင့်ပတ်သက်၍ အမျိုးသားလုံးခြုံရေးကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားသောလုံခြုံရေးအာဏာပိုင်များပါဝင်သော ကော်မတီ၊ ဆပ်ကော်မတီများဖွဲ့က စောင့်ကြည့်လေ့လာရန်လည်း ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားသည်။
