
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် မြဝတီမြို့ကို အုပ်ချုပ်ခွင့်ရရန် ကြိုးစားနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။
“မြဝတီမြို့ဟာ ကျွန်တော်တို့ရဲ့မြို့ဖြစ်တာပေါ့။ မြဝတီမြို့ဟာ ကျွန်တော်တို့မြို့ဖြစ်တာနဲ့အညီ ကျွန်တော်တို့ကိုယ်တိုင် အုပ်ချုပ်ဖို့ လိုအပ်ပါတယ်” ဟု KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက Myanmar Now ကို ပြောသည်။
မြဝတီမြို့နှင့်အနီးတစ်ဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU ၏ လက်နက်ကိုင်တပ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် မဟာမိတ်တို့က သီတင်းပတ်ပေါင်းများစွာ ပူးပေါင်းတိုက်ခိုက်နေသည်။
မြို့တွင် ကျန်နေသည့် စစ်ကောင်စီ၏ ခလရ ၂၇၅ စခန်းကိုလည်း KNU နှင့် မဟာမိတ်တို့က ဝိုင်းထားသည်။ မြို့တွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့တွင် တပ်စွဲထားပြီး ခံစစ်ပြင်နေကြသည်။

KNU ပြောခွင့်ရအရာရှိ ပဒိုစောတောနီးကလည်း ထိုင်းနိုင်ငံအခြေစိုက် The Reporters သတင်းဌာနနှင့် မေးမြန်းခန်းတွင်လည်း မြဝတီ၏ နယ်မြေအများစုကို KNU က ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။
“ကျွန်တော်တို့ပြောနိုင်တာက ၉၀ ရာခိုင်နှုန်းဟာ ကျွန်တော်တို့ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ မြို့ထဲမှာ ၂၇၅ တပ်ရင်းနဲ့ တပ်မ ၄၄ တပ်ဖွဲ့ဝင်တွေ ကျန်ပါသေးတယ်။ ကျွန်တော်တို့ သိမ်းပိုက်နိုင်ဖို့ ဆက်ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။
မြဝတီမြို့အခြေအနေနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး စောခင်မောင်မြင့်ထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။
မြဝတီတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် အခြားပုဂ္ဂလိကဘဏ်မှ ငွေကြေးများကို ထိုင်းနိုင်ငံမဲဆောက်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ သယ်နေသည်ဟု ကရင်ပြည်နယ်သတင်းများအဓိကဖော်ပြနေသည့် KIC သတင်းဌာနက ရေးသားသည်။
စစ်ကောင်စီဘက်ကလည်း မြဝတီမြို့သည် ၎င်းတို့ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသေးကြောင်း ပြသသည့်အနေဖြင့် မြို့တွင်းတွင် ပွဲလမ်းသဘင်များ ဟန်မပျက်ကျင်းပနေသည်။
၂၀၂၄ ခုနှစ်အတွက် စာတတ်မြောက်ရေးအခမ်းအနားကို ဧပြီလ (၆) ရက်တွင် အမှတ် (၁) အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို မြဝတီမြို့အုပ်ချုပ်ရေးမှူး ဦးသက်လွင် တက်ရောက်ကြောင်း စစ်ကောင်စီဘက်က နောက်တစ်နေ့တွင် သတင်းထုတ်ပြန်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ စာရင်းအရ မြဝတီမြို့တွင် လူဦးရေ ၁၃၉၅၁၀ ဦးနေထိုင်ကြောင်း သိရသည်။

မြဝတီ၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တည်ရှိသည်။ KNU က ၉၀ ရာခိုင်နှုန်းထိန်းချုပ်ထားသည်ဆိုသည့် မြဝတီသည် ဧပြီလ ၈ ရက်အထိ ပစ်သံခတ်သံများ မကြားရဘဲ ပုံမှန်လှုပ်ရှားလည်ပတ်လျက်ပင်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများသည် မြဝတီအနောက်ဘက် သင်္ဃန်းညီနောင်ရွာရှိ စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (စဗခ) လက်နက်ချပြီးနောက် ဧပြီလ ၇ ရက်မှစတင်ကာ အသံတိတ်နေသည်။ မြဝတီတွင် မြန်မာဖုန်းဆက်သွယ်ရေးလိုင်းများမရသော်လည်း ထိုင်းနိုင်ငံမှ ဆင်းကတ်များဖြင့် သုံးနေသည့် အင်တာနက်လိုင်းများ အသုံးပြု၍ရနေဆဲပင်ဖြစ်သည်။
KNLA တပ်မဟာ ၆ ဗျူဟာမှူးဖြစ်သူ နယ်ဒါးထူးကလည်း “မြဝတီ ဘာမှမဖြစ်သေးဘူး။ အေးဆေးပဲ” ဟု ဆိုသည်။
မြဝတီမြို့ဒေသခံ အမျိုးသားတစ်ဦးက မြဝတီတွင် KNLA တပ်ဖွဲ့ဝင်များ သွားလာနေကြသလို စစ်ကောင်စီလက်အောက်က ခွဲထွက်ထားသည့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များလည်း သွားလာနေကြကြောင်း ဆိုသည်။
BGF သည် စစ်ကောင်စီလက်အောက်မှ ခွဲထွက်ပြီးနောက် ကရင်အမျိုးသားတပ် (KNA) အဖြစ် ရပ်တည်နိုင်ရန် ပြင်ဆင်နေသည်။ လက်ရှိကရင်ပြည်နယ်ထဲက တိုက်ပွဲများတွင် မည်သည့်ဘက်ကမှ မပါဘဲ ကြားနေအဖြစ် ရပ်တည်နေသည့် အဖွဲ့လည်းဖြစ်သည်။
ယခင်တွေ့နေကျ စစ်ကောင်စီလက်နက်ကိုင်တို့ ပျောက်နေသည်ဟု မြဝတီမြို့ဒေသခံအမျိုးသားက ပြောသည်။
“ရဲနဲ့ စစ်ယူနီဖောင်းဝတ်တွေကတော မြို့ပေါ်မှာ လုံးဝမတွေ့ဘူး။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ခံထားတော့ ဒီနေ့မနက်တော့ ရုံးအခြေအနေကို မသိသေးဘူး” ဟု သူက ဆိုသည်။
မြဝတီမှ ငွေကြေးတတ်နိုင်သည့်သူတချို့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့၊ BGF ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ်မြို့ဘက် ပြောင်းရွှေ့နေထိုင်သော်လည်း သာမန်ပြည်သူအများစုသည် မြဝတီမှာပင် ဆက်လက်နေထိုင်လျက်ရှိကြောင်း သိရသည်။
မြဝတီနှင့် မဲဆောက်မြို့အကြား ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ စင်းသည်လည်း ပုံမှန်အတိုင်းပင် ဖွင့်ထားပြီး ၂ နိုင်ငံ ကူးသန်းသွားလာမှုများရှိနေဆဲဖြစ်သည်။
မြဝတီမြို့ဒေသခံ အမျိုးသမီးတစ်ဦးကလည်း စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရား ရှိနေဆဲဖြစ်ကြောင်း ပြောသည်။
“ဌာနဆိုင်ရာ ရုံးတွေလည်း ဖွင့်တယ်။ လဝကရုံး၊ အကောက်ခွန်ရုံး၊ တံတား ၁ ကနေ သွားမယ်ဆိုရင် ပြည်ထဲရေးတွေဘာတွေ အကုန်ထိုင်နေဆဲပဲ၊ သူတို့လုပ်ဆောင်နေကြအတိုင်း လုပ်နေကြတာပဲ၊ တံတားတွေလည်း မပိတ်ဘူး။ အစစ်အဆေးလည်း တိုးချထားတာမရှိဘူး။ အရင်အတိုင်းပါပဲ” ဟု ထိုအမျိုးသမီးက ဆိုသည်။
မြဝတီသည် ယခင်ကတည်းက မြို့ဝန်းကျင်တွင် တိုက်ပွဲ မကြာခဏ ဖြစ်လေ့ရှိသဖြင့် ပစ်ခတ်တိုက်ခိုက်သံများနှင့် ယဉ်ပါးနေသောဒေသလည်း ဖြစ်သည်။
မြဝတီ၏ တောင်ဘက် ၉ မိုင်အကွာရှိ လေးကော်မြို့ဝန်းကျင်တွင်မူ စစ်ကောင်စီ၏ ရေကန်ကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းထားပြီး စွယ်တော်ဗျူဟာကုန်းတစ်ခုသာ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ကြောင်း သိရသည်။
လူထုအာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ထားသည့် ဗိုလ်ကြီးဟောင်းလင်းထက်အောင်ကလည်း စစ်ကောင်စီတပ်သည် မြဝတီမြို့ကို မစိုးမိုးနိုင်တော့သည်မှာ သေချာနေပြီဟု ဆိုသည်။
“ဘာလို့လဲဆိုတော့ မြဝတီပတ်ပတ်လည်မှာရှိတဲ့ စစ်တပ်ရဲ့ဌာနချုပ်တွေ စခန်းတွေက အကုန်လုံးကျဆုံးသွားပြီလို့ ပြောလို့ရတယ်။ မြို့ထဲမှာရှိတဲ့ ၂၇၅ လို တပ်ရင်းဌာနချုပ်တစ်ခုတည်းနဲ့ စိုးမိုးလို့မရဘူးဆိုတာလည်း သေချာတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သည် မြဝတီနှင့် မြဝတီတောင်ဘက် လေးကေကော်အမြောက်စခန်းတို့တွင်သာ လက်နက်ကိုင်အရေအတွက် ရာဂဏန်းဖြင့် ရှိနိုင်ပြီး၊ အဆိုပါအင်အားနှင့် မြဝတီမြို့ကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ကြောင်း ဆိုသည်။
မြဝတီမြို့ကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ရန် စောင့်ကြည့်နေသည့် အခြေအနေဖြစ်နေသည်ဟု ထင်မိကြောင်း ကိုလင်းထက်အောင်က သုံးသပ်သည်။
မြဝတီကိုသာ KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်က သိမ်းပိုက်နိုင်မည်ဆိုပါက မြဝတီသည် မြန်မာပြည်တောင်ပိုင်းရှိ KNU နှင့် တော်လှန်ရေးအင်အားစုများအတွက် ပထမဆုံးသိမ်းနိုင်သော နယ်စပ်ကုန်သွယ်ရေးအချက်အချာကျသည့်မြို့ ဖြစ်လာမည်ဖြစ်သည်။
မြဝတီသည် ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများ အခြေစိုက်သည့်မြို့လည်း ဖြစ်သည်။