သတင်း

သံဖြူဇရပ်မြို့မှ အရပ်သား ၄ ဦး PDF ဖမ်းဆီးစစ်ဆေးနေစဉ် သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် PDF ဖမ်းဆီးထားသူ ၄ ဦး သေဆုံးသွားရာ ပစ်ခတ်သူကို ထောင်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖမ်းဆီး စစ်ဆေးနေသည့် ဒေသခံအမျိုးသား ၄ ဦး မတ်လ ၆ ရက်နေ့တွင် သေဆုံးသွားသည်ဟု သိရသည်။

၎င်းတို့မှာ ကရုပ္ပိရွာမှ အသက် ၄၀ အရွယ် နိုင်သန်းဇော်၊ အသက် ၅၀ အရွယ် အကျဲ ခေါ် အခို၊ အံခဲကျေးရွာမှ အသက် ၅၅ ကျော်အရွယ် နိုင်ကွန်တီးနှင့် နိုင်ကွန်တင့်တို့ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရှင်ပြုအလှူပွဲတစ်ခုအတွက် မော်တော်ကားတစ်စီးဖြင့် ရွာတောင်ဘက် ၁၀ မိုင်ခန့်ဝေးသည့် ဝဲခမိကျေးရွာသို့ ဆိတ်ဝယ်ထွက်လာစဉ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ PDF တောင်ညိုစစ်ကြောင်း၏ တပ်ခွဲ ၂ က ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သူက ပြောသည်။

“သွားတဲ့နေ့ ၁၁ နာရီခွဲလောက်မှာ ဖုန်းတစ်ချက်ရတယ်။ အဲဒီနောက်ပိုင်း ဖုန်းလည်းခေါ်လို့မရတော့ဘူး။ လူလည်း ပျောက်သွားတယ်။ အစအနပျောက်သွားတယ်။ နောက်နေ့ လိုက်ရှာတာပေါ့။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအဆက်နဲ့ လိုက်ရှာတယ်။ ဘယ်လိုမှမတွေ့ဘူး။ နောက် ၂၈ ရက်နေ့မှာ လက်လွန်သွားပြီဆိုပြီး သတင်းတွေထွက်လာတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကရုပ္ပိကျေးရွာမှ အထက်ပါ ဒေသခံက ပြောသည်။

အဆက်အသွယ်ပြတ်တောက်နေရာမှ တောင်ညိုစစ်ကြောင်း၏ မတ်၂၈ ရက်နေ့ ရက်စွဲဖြင့် အဖွဲ့အစည်းအတွင်း ထုတ်ပြန်မိန့်များအရ ၎င်းတို့လေးဦးသေဆုံးသွားသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သူက ဆိုသည်။

နိုင်သန်းဇော်သည် မွန်ပြည်နယ် ပေါင်မြို့နယ်ဇာတိဖြစ်ပြီး ကရုပ္ပိရွာသူနှင့် အိမ်ထောင်ကျကာ ထိုရွာတွင် အခြေချနေထိုင်နေသူဖြစ်သည်။ မွန်ပြည်သစ်ပါတီ၏ လယ်ယာမြေရေးရာကဏ္ဍ အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကျောင်းပညာရေးပရဟိတအဖွဲ့တစ်ခုဖြစ်သည့် မွန်အမျိုးသားပညာရေးကော်မတီအဖွဲ့ဝင်ဖြစ်သည်ဟု သိရသည်။

အကျဲ ခေါ် အခိုသည် ကရုပ္ပိရွာခံ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး အံခဲကျေးရွာမှ နိုင်ကွန်တီးနှင့် နိုင်ကွန်တင့်တို့နှစ်ဦးသည် ညီအကိုတော်စပ်သည်ဟု သိရကြောင်း ထိုဒေသခံက ပြောသည်။

၎င်းတို့လေးဦးထဲတွင် စစ်ကောင်စီနှင့် ဆက်စပ်သူပါနေသည်ဆိုသော သံသယဖြင့် ဖမ်းဆီးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းဘက်က တုံ့ပြန်သည်ဟုလည်း ထိုဒေသခံက ဆိုသည်။

“တော်လှန်ရေးမှာ ဒီလိုကိစ္စတွေရှိကောင်းရှိပေမဲ့ အသက်သေတဲ့အထိ ဖြစ်တာကိုတော့ ကျွန်တော်တို့ လုံးဝဆန့်ကျင်တယ်” ဟု သူက ပြောသည်။

တောင်ညိုစစ်ကြောင်းမှာ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် ၂၇ တပ်ရင်းထိန်းချုပ်နယ်မြေအတွင်း လှုပ်ရှားနေသည့် အဖွဲ့အစည်းဖြစ်သည်။

ဖမ်းဆီးထားသူများကို အသက်သေသည်အထိ စစ်ဆေးသည့် ရဲဘော်ကို KNLA က ချမှတ်သည့် စည်းမျဉ်းဥပဒေများနှင့် အပြစ်ပေးအရေးယူထားကြောင်း တောင်ညိုစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီလ ၃ ရက်နေ့တွင် Myanmar Now ကို ပြောသည်။

ဖမ်းဆီးစစ်ဆေးခံရသူ ၄ ဦးထဲမှ ၁ ဦးသည် ထိုဖြစ်စဉ်မတိုင်မီ တောင်ညိုစစ်ကြောင်း စစ်ရေးလှုပ်ရှားသည့် KNLA တပ်ရင်း ၂၇ ထိန်းချုပ်နယ်မြေတွင် လက်နက်ခဲယမ်းများနှင့် ဖမ်းမိသူဖြစ်ကြောင်း၊ နယ်မြေအတွင်း စစ်ရေးမလှုပ်ရှားရန် ခံဝန်ထိုးကာ ပြန်လွှတ်ပေးခဲ့သူဖြစ်ကြောင်း သူက ဆိုသည်။

“ထိန်းချုပ်နယ်မြေထဲကို အပြင်လူပေးဝင်တာမျိုးမရှိဘူး။ ဝင်မယ်ဆိုရင် ဥက္ကဋ္ဌတွေ အသိပေးတာမျိုးနဲ့ လာရမယ်။ ဆိတ်ဝယ်မယ်ဆိုရင် ရွာအနီးတစ်ဝိုက်မှာ ဝယ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စစ်စခန်းချတဲ့နေရာတွေအထိ ရောက်လာပြီးတော့ ဆိတ်မရှိတဲ့နေရာမှာ ဆိတ်လာဝယ်သလိုဖြစ်နေတယ်” ဟု သူက ဆိုသည်။

တောင်ညိုစစ်ကြောင်းတွင် ကာယကံရှင်မိသားစုဝင်များနှင့် ဆွေမျိုးနီးစပ်တော်သူ ပါဝင်ကြောင်း၊ သားစုဝင်များ၏ ကိုယ်စားလှယ်ဖြစ်သော ထိုသူ့ကိုလည်း ထိုဖြစ်ရပ်အတွက် တောင်းပန်ခဲ့ကြောင်း သူက ပြောသည်။

Myanmar Now က ဖတ်ရှုခွင့်ရရှိသည့် တောင်ညိုစစ်ကြောင်း၏ မှုခင်းမှတ်တမ်းများတွင် မတ် ၆ ရက်နေ့က ဝဲခမိရွာအရှေ့ဘက် ရေတံခွန်တောစပ်နှင့် ထိုရွာအပြင်ဘက်ရှိ ဇရပ်တွင် သံသယဖြစ်ဖွယ် ၎င်းတို့လေးဦးကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ရေတံခွန်လမ်း၌ ဖမ်းမိသူနှစ်ဦးအနက် တစ်ဦးမှာ ယခင်က ဖမ်းဆီးပြီး နယ်နှင်ဒဏ်ပေးထားသည့် မွန်ပြည်သူစစ်အဖွဲ့ဝင်ဖြစ်သည်၊ ကျန်တစ်ဦးမှာ စစ်ကောင်စီနှင့် နီးစပ်သည့် မွန်ငြိမ်းချမ်းရေးကာကွယ်ရေးအထူးတပ်ဖွဲ့မှ ဖြစ်ကာ ကျန်နှစ်ဦးမှာလည်း ခရီးအတူလာသူများဖြစ်သည်ဟု ဆိုသည်။

ဖမ်းမိသူများအနက် မွန်ပြည်သူ့စစ်အဖွဲ့ဝင်မှာ ဦးအမောင် ခေါ် ဦးမောင်မြင့်ဟု ထိုမှုခင်းမှတ်တမ်းတွင် ဖော်ပြထားပြီး ဒေသခံများနှင့် မိသားစုဝင်များက ပြောဆိုထားသော နာမည်များ ကွဲလွဲမှုများရှိနေသည်။ ရဲဘော် ဖောဖောက ဖမ်းထားသူ ၄ ဦးလုံးကို စစ်ဆေးမေးမြန်းရာတွင် လက်လွန်သေဆုံးသွားသည်ဟု ထိုမှတ်တမ်း၌ ဖော်ပြထားသည်။

မတ် ၂၈ တွင် ကရင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၂၇ ရှေ့တန်းစခန်းတွင် စတင်ပြုလုပ်သည့် စစ်ခုံးရုံးက ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အဓိကတာဝန်ရှိသည့် ရဲဘော် ဖောဖောကို မူးယစ်သောက်စားမှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မတော်တဆသေဆုံးမှု စသည့် စွဲချက်များဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်ချကာ တပ်ဖွဲ့မှ ရာသက်ပန်ထုတ်ပယ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်မသိရသေးသော်လည်း အပြစ်မဲ့အရပ်သားများ မထိခိုက်စေရန် PDF ကို ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဆိုသည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများက ဖမ်းဆီးထားသူတချို့ကို စစ်ဆေးစဉ် လက်လွန်သေဆုံးသည့် ဖြစ်စဉ်တချို့ ရှိနေသည်။

ယခင်လကလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဖမ်းဆီး ထိန်းသိမ်းထားသူ ပစ်သတ်ခံရမှုအတွက် တပ်ဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် နှစ် ၂၀ နှင့် ၁ လ ချမှတ်လိုက်သည်ဟု ဆိုသည်။

Show More

Related Articles

Back to top button