ရှမ်းပြည်နယ်တောင်ပိုင်းရှိ ၊ ဆီဆိုင်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ကြေညာခဲ့ပြီး နေရပ်စွန့်ခွာသွားသူများကို ပြန်လာကြရန် တိုက်တွန်းနေသော်လည်း မိုင်းအပါအဝင် စစ်လက်နက်အန္တရာယ်များကြောင့် မြို့ခံများ အိမ်ပြန်၍ မရသေးကြောင်း ပအိုဝ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့က သတိပေးထားသည်။
ဆီဆိုင်မြို့တိုက်ပွဲတွင် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၂ ဖွဲ့စလုံး ပါဝင်တိုက်ခိုက်နေကြသည်။ PNO ပြည်သူ့စစ်သည် စစ်တပ်နှင့် ပူးပေါင်းထားသည့် အဖွဲ့ဖြစ်ပြီး PNLO သည် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်သည်။
အဆိုပါအဖွဲ့ ၂ ဖွဲ့သည် ဆီဆိုင်မြို့ကို စိုးမိုးထိန်းချုပ်နိုင်ရေး အားပြိုင်တိုက်ခိုက်နေသည့် ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည်။
တိုက်ပွဲတွင် PNO ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်သလို PNLO ဘက်ကလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက ပါဝင်တိုက်ခိုက်နေကြသည်။
အာဏာသိမ်းစစ်ကောင်စီဘက်က ဆီဆိုင်မြို့ကို ၃၂ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ပြန်သိမ်းနိုင်ခဲ့ပြီဟု ဆိုသည်။ မြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေသည်ဟု မတ်လ ၃၀ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
ဆီဆိုင်မြို့နယ်သည် ပြန်လည်အေးချမ်းလာပြီဖြစ်သဖြင့် နေရပ်စွန့်ခွာသည့် တိုင်းရင်းသားများသည် သက်ဆိုင်ရာ ကျေးရွာများအတွင်း ပြန်လည်အခြေချနေထိုင်နေကြကြောင်း မြန်မာ့အလင်းသတင်းစာက ရေးသားသည်။
PNO ပြည်သူ့စစ်ဘက်ကမူ ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်သော်လည်း မြို့ထဲတွင် မိုင်းများ ရှိနေသေးသည်ဟု Myanmar Now ကို ပြောသည်။
PNO တာဝန်ရှိသူတစ်ဦးဖြစ်သူ ခွန်ထွန်းရွှေက “မိုင်းတွေတော့ ရှင်းရဦးမှာပေါ့။ သူတို့ (တော်လှန်ရေးပူးပေါင်းတပ်) က မိုင်းတွေဘာတွေ ထောင်ထားတာတော့ ရှိတယ်ပေါ့ဗျာ။ ဘယ်လောက်အထိလဲတော့ မသိနိုင်ဘူးပေါ့” ဟု ဆိုသည်။
PNLO ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယန်ကလည်း မြို့ထဲတွင် စစ်ကောင်စီတပ်ဘက်က ထောင်သည့် မိုင်းများရှိနေသေးသည်ဟု တုံ့ပြန်သည်။
စစ်ကောင်စီတပ်များသည် မြို့ကို သိမ်းပိုက်နိုင်သည်ဟု ဝါဒဖြန့်နေသော်လည်း လက်ရှိတွင် မြို့ထဲ၌ နှစ်ဖက်တပ်များ စစ်ဆိုင်ထားသည့် အခြေအနေသာဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဆီဆိုင်မြို့ထဲမှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းတိုက်ပွဲဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က ဓာတ်ပုံရိုက်တဲ့ဟာကတော့ သူတို့ အင်အားအဆမတန်သုံးပြီး ထိုးစစ်ဆင်လာတဲ့အခါမှာ သူတို့ဝင်လို့ရခဲ့တဲ့ မြို့မြောက်ဘက်ခြမ်း ဖြစ်ပါတယ်” ဟု ခွန်ရိန်းယန်က မှတ်ချက်ပေးသည်။
PNO ဘက်ကမူ မြို့၏ တောင်ဘက်ခြမ်းကို တော်လှန်ရေးတပ်များ ဆုတ်ခွာသွားပြီးနောက် ဆီဆိုင်မြို့၏ ကျေးလက်ဒေသများတွင် လုံခြုံရေးလုပ်ငန်း ထပ်မံတိုးချဲ့မည်ဟု Myanmar Now ကို ပြောသည်။
ဆီဆိုင်ဒေသခံအမျိုးသားတစ်ဦးကလည်း ဆီဆိုင်မြို့ ဒေသခံများသည် မတ် ၃၁ ရက်တွင် မြို့တွင်းသို့ ဝင်ရောက်ကာ ၎င်းတို့၏ နေအိမ်များကို ခေတ္တ ကြည့်ရှုစစ်ဆေးမှုရှိသော်လည်း အိမ်ပြန်မနေရဲကြသေးကြောင်း ဆိုသည်။
၎င်းက “တချို့တွေ သူတို့အိမ်တွေကို ပြန်ပြီးတော့ ကြည့်တယ်။ စည်စည်ကားကားကြီးဖြစ်သွားတယ်ပေါ့ အဲဒီနေ့က။ မြို့ထဲပြန်မနေဖို့ စစ်တပ်က သတိပေးထားတယ်။ ဆီဆိုင်တောင်ဘက်ပိုင်းကို မသွားသေးနဲ့လို့ ပြောထားတယ်” ဟု ဆိုသည်။
မြို့၏ တောင်ဘက်အခြမ်းတွင် မြေမြှုပ်မိုင်းများရှိနေပြီး နေအိမ်ပြန်သည့် လူ ၃ ဦးခန့် မိုင်းထိထားသည်ဟုလည်း ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
PNLA ၏ အချက်အလက်အရလည်း မတ်လအကုန်တွင် နေအိမ်ပြန်သည့် အရပ်သား ၂ ဦးထက်မနည်း မိုင်းထိထားကြောင်း သိရသည်။
ဆီဆိုင်မြို့၏ သုံးပုံ ၂ ပုံခန့်သည် စစ်ကြောင့် ပျက်စီးသွားပြီဖြစ်သလို Google Earth က ကြည့်လျှင်လည်း ဆီဆိုင်မြို့မဈေး၏တစ်ဝက်သည် မီးလောင်ထားသဖြင့် ပြာကျနေကြောင်း တွေ့ရနိုင်သည်။
ဆီဆိုင်မြို့သည် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ အကြိမ်ကြိမ်ကြုံရသည့် မြို့လည်းဖြစ်သည်။
ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ပြုစုထားသည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၂၁ ရက်မှ မတ်လ ၃၀ ရက်အထိ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်ပါဝင်သော ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင် ၆၄၅၆၀ ဦး ရှိနေကြောင်း သိရသည်။
အရပ်သား ထိခိုက်သေဆုံးသူ ၅၅ ဦးရှိပြီး ဒဏ်ရာရသူ ၆၈ ဦးရှိနေသည်။
စစ်ဘေးရှောင်ကာ ထွက်ပြေးရသူများမှာ ဆီဆိုင်မြို့နယ်မှ အများဆုံးဖြစ်ပြီး လူဦးရေ ၄၅၀၀၀ ကျော် ရှိသည်။ ပင်လောင်းမြို့နယ်တွင် စစ်ရှောင် ၁၅၀၀၀ ရှိပြီး ဟိုပုံးမြို့နယ်တွင်လည်း စစ်ရှောင် ၄၀၀၀ ကျော် ရှိသည်။
ဆီဆိုင်မြို့တွင်း ခေတ္တပြန်ဝင်ကြည့်သည့် ဒေသခံတချို့၏ ပြောဆိုချက်အရ ဆီဆိုင်မြို့အတွင်း မည်သူမည်ဝါ အတည်မပြုနိုင်သည့် ရုပ်အလောင်းတချို့ရှိပြီး ခွေးများက အလောင်းများကို စားသောက်နေကြသည်ဟု ဆိုသည်။
PNO တာဝန်ရှိသူတစ်ဦးဖြစ်သူ ခွန်ထွန်းရွှေကလည်း ဆီဆိုင်မြို့သည် တိုက်ပွဲကာလအတွင်း ပျက်စီးမှုများခဲ့သည်ဟု ဝန်ခံသည်။
၎င်းက “မြို့ကတော့ ဘုန်းကြီးကျောင်းတောင် ပျက်စီးတယ်ဆိုတော့ အိမ်ကတော့ မပြောနဲ့တော့ပေါ့။ ပြာပုံပေါ့။ နည်းနည်းပဲ ကျန်တယ်” ဟု ဆိုသည်။
ပအိုဝ်းလူငယ်အစည်းအရုံး PYO ပြောရေးဆိုခွင့်ရှိသူ ခွန်ဦးကလည်း ဧပြီလ ၃ ရက်အထိ ဆီဆိုင်မြို့တွင် တိုက်ပွဲငြိမ်နေသော်လည်း စစ်ရိပ်စစ်ငွေ့သန်းနေသည်ဟု ဆိုသည်။
တိုက်ပွဲအချိန်မရွေးဖြစ်နိုင်သည့်အခြေအနေရှိပြီး မြို့သည် လုံခြုံမှုမရှိသေးကြောင်း ၎င်းက ပြောသည်။
ဆီဆိုင်မြို့၏ မြောက်ဘက်ကို စစ်ကောင်စီတပ်နှင့် PNO က စိုးမိုးထားပြီး မြို့၏ တောင်ဘက်အခြမ်းတွင် PNLO နှင့် တော်လှန်ရေးတပ်များက နေရာယူထားသည်ဟု PYO ထံမှ သိရသည်။
ခွန်ဦးက “တိုက်ပွဲ zone အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ စစ်ဘေးရှောင်အများစုက မိမိနေရပ်ကို ပြန်လည်နေထိုင်တာ၊ မိမိနေအိမ်ကို ပြန်လည်နေထိုင်တာတွေ ပြုလုပ်နေကြပါပြီ။ ဆီဆိုင်မြို့ပေါ်ရပ်ကွက်နဲ့ အနီးအနားကျေးရွာမှာတော့ ကနေ့အချိန်ထိ ပြန်လည်နေထိုင်ခြင်းများ မပြုလုပ်နိုင်ကြသေးပါဘူး” ဟု ဆိုသည်။
စစ်ရှောင်များအနေနှင့်လည်း စစ်ရှောင်ရသည့် ကာလကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ သောက်ရေ၊ နေစရာအမိုးအကာ၊ ဆေးဝါးနှင့် တစ်ကိုယ်ရေသုံးပစ္စည်းလိုအပ်မှု ပြဿနာများ ပိုမိုရင်ဆိုင်လာရကြောင်း PYO ဘက်က ဆိုသည်။
ထို့ပြင် စစ်သားစုဆောင်းမှုနှင့် လက်နက်ကိုင်အဖွဲ့များ၏ ငွေကြေးတောင်းခံမှုပြဿနာများလည်း ဆက်လက်ရင်ဆိုင်နေရသည်ဖြစ်ရာ စစ်ရှောင်များ၏ ဘဝသည် နှစ်ထပ်ကွမ်းပြဿနာကြုံနေရသည့် အခြေအနေဖြစ်သည်။
ဆီဆိုင်မြို့ပေါ်မှ စစ်ရှောင်လာသည့် ဒေသခံတချို့ကမူ တောင်ကြီးမြို့တောင်ဘက် ကျောက်တလုံးမြို့နယ်ခွဲရှိ နောင်ကားရွာတွင် ပျံကျဈေးသည်အဖြစ် အသက်မွေးနေကြသည်ရှိသလို အခြားသူများ၏ တောင်ယာတွင် နေ့စားအလုပ်သမားအဖြစ် အသက်မွေးနေကြရကြောင်း ဆီဆိုင်ဒေသခံများနှင့် နီးစပ်သူတချို့ထံမှ သိရသည်။