သတင်း

ကားစတစ်တာပြိုင်ပွဲ အပြင်အဆင် ဖျက်ဆီးသူများ ဖမ်းဆီးရန် အချိန်နှစ်ပတ် ထပ်တိုးပေး

မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝန်းရံသူများ စီစဉ်ပြုလုပ်သည့် ကားစတစ်ကာပြိုင်ပွဲ အပြင်အဆင်များ ဖျက်ဆီးခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အချိန်ထပ်မံပေးရန် ရဲတပ်ဖွဲ့က အောင်မြေသာစံ မြို့နယ်တရားရုံး၌ ယနေ့လျှောက်ထားခဲ့ရာ တရားရုံးက အချိန်နှစ်ပတ် ထပ်မံပေးခဲ့သည်။

NLD ပါတီအမှတ်တံဆိပ်များ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများဖြင့် ကားအလှဆင်သည့် ပြိုင်ပွဲတစ်ခုကို “WE LOVE MANDALAY” အဖွဲ့က အောက်တိုဘာ၂၀တွင် မန္တလေးမြို့တောင်ဘက် ကျုံးမျက်နှာစာရှိ ၂၆လမ်းတလျှောက်၌ ကျင်းပရန်စီစဉ်ခဲ့ပြီး မကျင်းပမီညတွင် ကျပ်သိန်း ၇၀ ခန့်တန်ဖိုးရှိ အခမ်းအနားအပြင်အဆင်များ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းအတွက် “WE LOVE MANDALAY” အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံဦးကျော်ကျော်ဦးက အောက်တိုဘာ၂၀တွင် အောင်မြေသာစံမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးက အမှုကို လက်ခံခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့ကို အချိန်တစ်လပေး၍ ရုံးချိန်းကို ယနေ့ (နိုဝင်ဘာ ၂၀) သို့ ချိန်းဆိုခဲ့သည်။ 

ယနေ့ရုံးချိန်း၌ အောင်မြေသာစံမြို့နယ် အမှတ် (၂) ရဲစခန်းတာဝန်ရှိသူများက ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အချိန်ထပ်မံ လိုအပ်သည်ဟု တင်ပြသဖြင့် တရားသူကြီးက အချိန်နှစ်ပတ် တိုးပေးခဲ့သည်။ 

“ကျွန်တော်တို့က တရားခံကို စုံစမ်းဆောင်ရွက်နေသော်လည်းပဲ ပေါ်ပေါက်မှုမရှိသေးလို့ အချိန်ထပ်တောင်းတယ်။ ရက်ထည့် မတောင်းဘူး။ တရားသူကြီးက နှစ်ပတ်ထပ်ပေးလိုက်တာပါ” ဟု အောင်မြေသာစံမြို့နယ် အမှတ် (၂) စခန်းမှူး ဦးဇော်ဝမ်းလေးက ပြောသည်။ 

ဖျက်ဆီးမှုများ ကျူးလွန်သည်ဟု သံသယရှိသူများသည် အခင်းဖြစ်ရာနေရာသို့ နံပါတ်မပါသည့် ဆိုင်ကယ်လေးစီးဖြင့် လာရောက်ခဲ့သည်ကို လုံခြုံရေးကင်မရာမှတ်တမ်းများအရ တွေ့ရပြီး ၎င်းတို့ကို ရဲတပ်ဖွဲ့က စုံစမ်းဆဲဖြစ်ကာ အသေးစိတ်မပြောနိုင်ကြောင်း စခန်းမှူးက ဆိုသည်။ 

အဆိုပါ အမှုကိုအောင်မြေသာစံမြို့နယ်တရားရုံးက နှစ်ပတ်အကြာ ဒီဇင်ဘာ (၄) သို့ ထပ်မံချိန်းဆိုထားသည်။

Show More

Related Articles

Back to top button