
မန္တလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝန်းရံသူများ စီစဉ်ပြုလုပ်သည့် ကားစတစ်ကာပြိုင်ပွဲအပြင်အဆင်များ ဖျက်ဆီးခဲ့သူများကို တစ်လကြာသည့်တိုင် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အမှုဖွင့်တိုင်ကြားထားသူက ပြောသည်။
NLD ပါတီအမှတ်တံဆိပ်များ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများဖြင့် ကားအလှဆင်သည့် ပြိုင်ပွဲတစ်ခုကို We Love Mandalay အဖွဲ့က မန္တလေး တောင်ဘက်ကျုံးမျက်နှာစာရှိ ၂၆ လမ်းတစ်လျှောက်၌ အောက်တိုဘာ ၂၀ တွင် ကျင်းပရန် စီစဉ်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပရန် တစ်ရက်အလိုတွင် ပြိုင်ပွဲအပြင်အဆင်များ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။
ကျပ်သိန်း ၇၀ ခန့်တန်ဖိုးရှိ ဗီနိုင်း၊ ရွက်ဖျင်တဲစသည့် အခမ်းအနားအပြင်အဆင်များ ဖျက်ဆီးခံခဲ့ရသည့်အတွက် ပြိုင်ပွဲစီစဉ်သည့်အဖွဲ့က အောင်မြေသာစံမြို့နယ် အမှတ် (၂) ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။
အဆိုပါအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဦးက ရဲစခန်းမှတ်တမ်းများဖြင့် အောက်တိုဘာ ၂၀ တွင် အောင်မြေသာစံတရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ပြီး တရားရုံးက မနက်ဖြန် (နိုဝင်ဘာ ၂၀) တွင် ပထမဆုံးရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။
“ရဲစခန်းရဲ့ဖော်ထုတ်မှုကို မနက်ဖြန် သိရမှာ။ CCTV (လုံခြုံရေးကင်မရာ) တွေလည်း ရထားလျက်နဲ့ ဘာကြောင့် မမိသေးလဲ ကျွန်တော်တို့လည်း စဉ်းစားလို့မရဘူး” ဟု ဦးကျော်ကျော်ဦးက ပြောသည်၊၊
ပြိုင်ပွဲနေရာသည် တပ်နယ်နိမိတ်ဖြစ်သည့်အတွက် နေရာရွှေ့ပေးရန် အခမ်းအနားအပြင်အဆင်များ ဖျက်ဆီးမခံရမီ အောက်တိုဘာ ၁၉ ညနေပိုင်းတွင် မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်သားနှင့် ဗျူဟာမှူးဆိုသူ နှစ်ဦးက နှစ်ကြိမ် လာရောက်ပြောခဲ့သည်ဟု ပွဲလုံခြုံရေးတာဝန်ရှိသူ ဦးမြင့်မောင်က Myanmar Now ကို ပြောသည်။
တပ်သည် မည်သည့်ပါတီကိုမျှ မထောက်ခံသည့်အတွက် တပ်နယ်နိမိတ်ရှေ့တွင် NLD ပါတီအလံများ ထားသည်ကို လက်မခံနိုင်ကြောင်း၊ မည်ကဲ့သို့သော ခွင့်ပြုချက်ဖြင့် ပြိုင်ပွဲပြုလုပ်ရကြောင်း ဗျူဟာမှူးဆိုသူက မေးမြန်းကာ နေရာရွှေ့ခိုင်းခဲ့ကြောင်း ဦးမြင့်မောင်က ဆိုသည်။
အခင်းဖြစ်သည့်ညတွင် အဖြူရောင်အိမ်စီးကား စီးလာသူ လူတစ်စုက အဆိုပါနေရာအနီး ရှိနေသူများကို ထွက်ခွာရန် လာရောက်ပြောဆိုမှုများ ရှိခဲ့သည်ဟုလည်း ဈေးသည်တစ်ဦးက Myanmar Now ကို ပြောသည်။
ထိုအိမ်စီးကားအဖြူ ရပ်ခဲ့သည့်နေရာရှိ မန္တလေးစည်ပင်ကော်မတီ၏ အများသုံးသန့်စင်ခန်း အဝင်ပေါက်တွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာမှတ်တမ်းများကို ရဲတပ်ဖွဲ့ဝင်များက ရယူထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။
တစ်လကြာသည်အထိ တရားခံများကို ရှာဖွေတွေ့ရှိခြင်းမရှိသည့်အတွက် ဆက်လက်ရှာဖွေရန် နိုဝင်ဘာ ၂၀ တရားရုံးချိန်းတွင် ရက်ချိန်းထပ်မံတောင်းဆိုရမည်ဟု အောင်မြေသာစံမြို့နယ် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“CCTV က ကျွန်တော်တို့ ကိုယ်တိုင်လိုက်ကြည့်တာ။ လိုက်စစ်ဆေးတော့ ဓာတ်ပုံတွေတော့ ရတာပေါ့။ ဓာတ်ပုံတွေက ညပိုင်းအချိန်ဖြစ်နေတော့ ဝါးနေတာ။ ဝါးနေတော့ ဘယ်သူဘယ်ဝါ သေချာအောင်တော့ ထပ်ပြီး လိုက်နေတုန်းရှိသေးတာ” ဟု အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ်က Myanmar Now ကို ပြောသည်။
ပြိုင်ပွဲမတိုင်မီညတွင် အခမ်းအနားအပြင်အဆင်များ ဖျက်ဆီးခံလိုက်ရသော်လည်း ကားစတစ်ကာပြိုင်ပွဲကို အစီအစဉ်အတိုင်း အောက်တိုဘာ ၂၀ တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲ၀င်ကားအစီးရေ ၂၇၀ ကျော် ပါဝင်ခဲ့သည်။