သတင်း

ဗိုလ်ကြီးအဆင့်ရှိ စစ်တပ်အရာရှိကို ပုလဲ PDF က ဖမ်းဆီး

“သူက ဆိုင်ကယ်နဲ့ ထွက်လာတယ်။ အရက်လည်း သောက်ထားတယ်။ ဆိုင်ကယ်နဲ့ ကျွံလာတယ် ဒီဘက်ကို။ မခုခံဘူး။ ခုခံဖို့ရာလည်း ပါမလာဘူး။ ဆိုင်ကယ်ရယ်၊ အိုင်ကွန်စက်တစ်လုံးရယ်ပဲ ပါလာတာ။ အဲ့ဒီတော့ ကျွန်တော်တို့ကလည်း အရှင်ဖမ်းလိုက်တာပေါ့” ဟု ယင်းမာပင်ခရိုင် အမှတ် (၁၉) တပ်ရင်းမှ တပ်ရင်းမှူးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိ စစ်တပ်အရာရှိတစ်ဦးကို ယမန်နေ့ (မတ် ၂၇) တွင် အရှင်ဖမ်းမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယင်းမာပင်ခရိုင်တပ်ရင်းက ပြောသည်။

ပုလဲမြို့မှ ၁၆ မိုင်ခန့်အကွာရှိ ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းမှ အသက် ၃၂ နှစ်အရွယ် ဗိုလ်ကြီးဟိန်းရဲထက် (ကိုယ်ပိုင်အမှတ်- ကြည်း ၆၈၃၈၁) ဆိုသူသည် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာစဉ် ယမန်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူက ဆိုင်ကယ်နဲ့ ထွက်လာတယ်။ အရက်လည်း သောက်ထားတယ်။ ဆိုင်ကယ်နဲ့ ကျွံလာတယ် ဒီဘက်ကို။ မခုခံဘူး။ ခုခံဖို့ရာလည်း ပါမလာဘူး။ ဆိုင်ကယ်ရယ်၊ အိုင်ကွန်စက်တစ်လုံးရယ်ပဲ ပါလာတာ။ အဲ့ဒီတော့ ကျွန်တော်တို့ကလည်း အရှင်ဖမ်းလိုက်တာပေါ့” ဟု ယင်းမာပင်ခရိုင် အမှတ် (၁၉) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ပုလဲက ပြောသည်။

အဆိုပါ ဗိုလ်ကြီးဟိန်းရဲထက်သည် ယခုနှစ်ဆန်းကမှ ကန့်ဒေါင့်နယ်မြေရဲစခန်းသို့ ရောက်ရှိလာသူဖြစ်ပြီး မကြာသေးခင်ကလည်း ၎င်းနှင့်အဖွဲ့ လိုက်ပါလာသည့် မော်တော်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။

“သူ အရင်ရက်တွေတည်းက ကန့်ဒေါင့်ကနေ အပြင်ဘက်ကို အရက်ဆိုင်ကို ထွက်တယ်တို့ အပြင်နားကို ခဏခဏ ကျွံလာတယ်ဆိုတာ ကျွန်တော်တို့က သတိထားမိတော့ စောင့်နေတာ။ အများကြီးတောင် မချောင်းလိုက်ရဘူး။ ရက်ပိုင်းနဲ့ ကျွန်တော်တို့ ရတာပေါ့” ဟု တပ်ရင်းမှူး ဗိုလ်ပုလဲက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက် ပြောသည်။

မကွေးတိုင်း၊ ပုံတောင်ပုံညာဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပုလဲမြို့သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၃၀ ကျော်သာ ကွာဝေးပြီး ကားဖြင့် သွားလာပါက နှစ်နာရီနီးပါးသာ ကြာမြင့်သည်။

ယမန်နေ့တွင် ကျရောက်သည့် ၇၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နံနက်ပိုင်းတွင် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

၃ ဖွဲ့ ခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ လက်နက်အင်အား မမျှသဖြင့် ပြန်ဆုတ်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်သည့် ကျားသစ်နက်တပ်မတော် အမည်ရှိ တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ပုလဲမြို့နယ်တွင် စစ်တပ်က ပုလဲမြို့၊ ကန့်ဒေါင့်နယ်မြေရဲစခန်းနှင့် ပြည်သူ့စစ်အားကောင်းရာ ကျေးရွာများဖြစ်သည့် အင်မထီးရွာနှင့် ဇီးဖြူကုန်းရွာတို့တွင် တပ်စွဲထားသည်။

ကန့်ဒေါင့်နယ်မြေရဲစခန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀ နီးပါးရှိပြီး အင်မထီးရွာနှင့် ဇီးဖြူကုန်းရွာအကြား တည်ရှိပြီး ထိုစခန်းမှာ ပြည်သူ့စစ်အားကောင်းသည့် ကျေးရွာများအတွက် ရိက္ခာနှင့် ထောက်ပံ့ရေးတို့အတွက် အဓိက ပံ့ပိုးနေသည့် စခန်းတစ်ခုဖြစ်သည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်ကြာမြင့်လာချိန်တွင် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှစတင်ကာ ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ် အပါအဝင် မြို့ ၄၀ နီးပါး လက်လွတ်ဆုံးရှုံးခဲ့ရသည်။ 

ရှမ်းမြောက်၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့မှ ဆုံးရှုံးခဲ့သည့်နယ်မြေများကို ပြန်လည်ရရှိရေး တစ်ဆင့်ချင်းစီ ဆောင်ရွက်သွားမည်ဟု ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် စစ်ခေါင်းဆောင်က ကြုံးဝါးခဲ့သည်။

Show More

Related Articles

Back to top button