ဆောင်းပါး

မိတ္ထီလာမှ မဲဆန္ဒရှင်များ ‘ပဲလှော်ကြား ဆားညပ်’ သည့်ဘဝမှ လွတ်မြောက်လိုကြ 

ရွေးကောက်ပွဲတိုင်းတွင် စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာအကောင်းဆုံး မဲဆန္ဒနယ်များအနက် မြန်မာနိုင်ငံအလယ်ပိုင်းက မိတ္ထီလာနယ်လည်း အပါအဝင်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပြတ်အသတ်ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ်လည်းဖြစ်သည်။

တပ်မတော် တပ်ရင်းတပ်ဖွဲ့များ ဝန်းရံထားပြီး အမျိုးသားရေးလှုပ်ရှားသူများ အခိုင်အမာရှိသည့် မိတ္ထီလာသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောင်မြေဟု မှတ်ယူထားကြသည်မှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်အထိဖြစ်သည်။ ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် NLD ပါတီက မိတ္ထီလာခရိုင်တစ်ခုလုံးတွင် ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။

လက်ရှိ အာဏာရပါတီအတွက် အောင်ပွဲဖြစ်သည့်နည်းတူ မိတ္ထီလာမြို့ပေါ်က မဲဆန္ဒရှင်များအတွက်လည်း အောင်ပွဲပင်ဖြစ်သည်။ ကိုယ်မဲထည့်သော ပါတီအနိုင်ရသဖြင့် ဝမ်းပန်းတသာဖြစ်ရသူ မဲဆန္ဒရှင်များတွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းကြောင့် သောကရောက်နေသူ အစ္စလာမ်ဘာသာဝင်များလည်း အပါအဝင်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို မဲထည့်ခဲ့သော်လည်း အနိုင်မရခဲ့သောကြောင့် ယခုတစ်ကြိမ်အောင်ပွဲက စိတ်သက်သာရာ ရစေသည်။ ကာလကြာရှည်ခံစားနေရသော စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ လျော့ပါးသက်သာစေရန်လည်း မျှော်လင့်နေကြသည်။ 

မိတ္ထီလာမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ သီရိမင်္ဂလာနှင့် ချမ်းအေးသာယာရပ်ကွက်တွင် NLD ပါတီက ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ ဘဝလုံခြုံရေးအတွက် အကာအကွယ်ပေးနိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် NLD ပါတီကို မဲထည့်ခဲ့ကြသည်ဟု ဆိုသည်။

“ဘယ်လူမျိုး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်မိဘဖြစ်ဖြစ် ကျွန်တော်တို့လို စိတ်မဆင်းရဲရဖို့၊ ဒီလိုတွေ နောက်ထပ်မခံစားရဖို့ ဆောင်ရွက်ပေးဖို့ အစိုးရကို မေတ္တာရပ်ခံတာပါ။ ဒါကြောင့်လည်း အားကိုးတကြီးနဲ့ မဲပေးခဲ့တာပါ” ဟု မိတ္ထီလာမြို့မှ အစ္စလာမ်ဘာသာဝင် ဦးဘိုလေးက ပြောသည်။ 

ဦးဘိုလေး၏ တစ်ဦးတည်းသောသား မောင်ဘိုဘိုလတ်သည် မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းအတွင်း ပျောက်ဆုံးသွားခဲ့ရာ ယနေ့အချိန်ထိ သေသည်လား၊ ရှင်သည်လား မသိရသေးပေ။ 

နှလုံးရောဂါသည် သားဖြစ်သူကို ဘာအလုပ်မှ မခိုင်းရက်ဘဲ သာသာရေးဆရာတစ်ယောက်ဖြစ်လာစေရန် ဦးဘိုလေးက ရည်မှန်းထားခဲ့သည်။ အသက် ၁၇ နှစ်အရွယ် သားဖြစ်သူမှာ စာသင်သွားရာမှ ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ 

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်အတွင်း တစ်ဦးတည်းသော သားဖြစ်သူ ပျောက်ဆုံးခဲ့သူ အစ္စလာမ်ဘာသာဝင် ဦးဘိုလေး။ (ဓာတ်ပုံ – ရန်မိုးနိုင်/ Myanmar Now) 

ဖုန်းအဟောင်းလေးထဲတွင် သိမ်းထားသော သားဓာတ်ပုံကို ထုတ်ပြရင်း “ဘယ်ကများ အဖေလို့ ခေါ်လိုက်မလဲလို့ စောင့်ခဲ့ရတာ အရူးကြီးလိုပါပဲဗျာ။ သူ့ကိုလွမ်းတိုင်း ဒီပုံလေးထုတ်ကြည့် အလွမ်းဖြေရသလို ကြည့်မိတိုင်းလည်း သူပျောက်သွားတာ ဒီနေ့အထိ အိပ်မက်လိုပါပဲ” ဟု ပြောလိုက်သော ဦးဘိုလေး၏ အသံမှာ တိမ်ဝင်လျက်ရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည်သာ ယုံကြည်ကိုးစားရာဖြစ်သည်ဟု ဘာသာရေး၊ လူမျိုးအရေးအရ အကဲဆတ်သည့် မိတ္ထီလာမြို့မှ အစ္စလာမ်ဘာသာဝင်များက ဆိုကြသည်။ 

“ကိုယ့်ရှေ့မှာတင် သတ်ဖြတ်နေတာတွေကို ဘာမှမပြောရဲဘဲ နေခဲ့ရတယ်။ ဒီအစိုးရတက်လာရင်တော့ ဒီလိုတွေ မဖြစ်နိုင်ဘူး၊ ပြည်သူတွေကို ညှာမယ်လို့ ယုံကြည်တဲ့အတွက် မဲပေးခဲ့တာပါ။ အမေ့ (ဒေါ်အောင်ဆန်းစုကြည်) အပေါ် သားသမီးတွေက သိတတ်ပြီးသွားပြီ။ အမေဘက်က သားသမီးတွေကို ပြန်သိပေးဖို့ပဲ လိုပါတော့တယ်” ဟု မိတ္ထီလာအရေးအခင်းတွင် နေအိမ်မီးရှို့ခံခဲ့ရသူ ဒေါ်ခင်စန်းမြင့်ရီက ပြောသည်။

အသက် ၅၀ အရွယ် ဒေါ်ခင်စန်းမြင့်ရီမှာ ယနေ့အချိန်ထိ နေအိမ်အစားပြန်ရခြင်း မရှိသေးဘဲ အိမ်ငှားဘဝဖြင့် နေထိုင်နေရသူဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲအပြီး Myanmar Now က တွေ့ဆုံခဲ့သော မိတ္ထီလာမြို့ခံ အစ္စလာမ်ဘာသာဝင်အများစုသည် ၂၀၁၃ က အဖြစ်အပျက်ကို ပြောပြရန် တွန့်ဆုတ်နေကြသည်။ မိသားစုဝင်များ အသတ်ခံလိုက်ရခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခံရခြင်း စသော အဖြစ်ဆိုးများကို ပြန်လည်တူးဆွရင်း အဟောင်းမှ အသစ်ဖြစ်မည်ကို စိုးရွံ့နေကြသည်။

“၂၀၁၃ တစ္ဆေက ကျနော်တို့ကို အခုထိ ခြောက်နေတုန်းပဲ” ဟု မိတ္ထီလာမြို့ခံ ကိုစန်းဝင်းရှိန်က ဆိုသည်။

၂၀၁၃ ခုနှစ် မတ်လအတွင်းက မိတ္ထီလာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်မှ အစပြုကာ လူမျိုးရေးနှင့် ဘာသာရေးအဓိကရုဏ်ဖြစ်ပွားခဲ့သည်။ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ ထိုအဓိကရုဏ်းတွင် လူပေါင်း ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ သီရီမင်္ဂလာနှင့် ချမ်းအေးသာယာရပ်ကွက်ရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရသဖြင့် အစ္စလာမ်ဘာသာဝင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ 

၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းအတွင်း နေအိမ်များဖျက်ဆီးခံခဲ့ရသည့် ချမ်းအေးသာယာရပ်ကွက်ရှိ ယာယီအိမ်ခန်းများကို နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – ရန်မိုးနိုင်/ Myanmar Now)

နေအိမ်မီးရှို့ဖျက်ဆီးခံရသူများတွင် ပိုင်ဆိုင်မှုအထောက်အထားပြနိုင်သူများ အိမ်ခန်းအစား (ယာယီနေထိုင်ရန်) ပြန်ရသော်လည်း တချို့မှာ အထောက်အထားမပြနိုင်၍ အိမ်ငှားဘဝဖြင့် ရုန်းကန်နေရသည်။ 

“အစကတော့ ဒီပြဿနာက ဘာသာခြားတွေကိုပဲ ဦးတည်ဖြစ်တာဆိုပြီး တချို့က မဆိုင်သလို နေလိုက်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီဂယက်က ကိုယ့်ဆီကို ရိုက်လာတာကို ခံစားရတော့ ဘယ်သူ့အတွက်မှ မကောင်းဘူးဆိုတာ လက်ခံလာကြတယ်” ဟု NLD ပါတီမှ အနိုင်ရ မိတ္ထီလာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုဘုန်းကျော်က ဆိုသည်။ 

မိတ္ထီလာမြို့ပေါ်တွင် နိုင်ငံရေးအမြတ်ထုတ်လိုသူများက ရွေးကောက်ပွဲကာလအတွင်း မကြာခဏ ဆူပူအောင်လှုံ့ဆော်မှုများ ရှိခဲ့သည်ဟုလည်း မြို့ခံများက ဆိုကြသည်။ အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ ရပ်ကွက်များအတွင်း အမျိုးဘာသာနှင့် သက်ဆိုင်သော ကြွေးကြော်သံသီချင်းများဖွင့်လှစ်ခြင်း၊ လူမျိုးရေးအကြောင်းပြု၍ ရန်စခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

“ကုလားတွေ ငါတို့မြို့မှာ မနေနဲ့၊ ထွက်သွားဆိုပြီး လာအော်သွားကြတယ်။ ကျွန်တော်တို့ဘက်က ဘာမှ ပြန်မပြောဖို့၊ သည်းခံကြဖို့ပဲ ကလေးတွေကို မှာထားရတယ်” ဟု သီရီမင်္ဂလာရပ်ကွက်တွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့တွင် ချမ်းအေးသာယာရပ်ကွက်မှ ဟာဂျီဦးမင်းစိုးက “ဒီကာလမှာ ကျွန်တော်တို့က ပဲလှော်ကြား ဆားညပ်သလိုပဲ။ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက် NLD နိုင်လို့ အောင်ပွဲဆိုပြီးသွားတာ။ လမ်းမှာ ရန်စခံရလို့ ဝတ်ထားတဲ့ NLD ပါတီတံဆိပ်နဲ့ အင်္ကျီကိုချွတ်ပြီး အိမ်ပြန်လာရတယ်” ဟု ပြောသည်။ 

လူမျိုးရေး၊ ဘာသာရေး အကြောင်းပြုကာ ဝါးမြိုခံလိုက်ရသဖြင့် စီးပွားရေးနှင့် လူမှုရေးအရ ယိုင်နဲ့သွားသော မိတ္ထီလာကို ပြန်လည်ထူထောင်နိုင်ရန် အခြားမြို့ခံများနည်းတူ အစ္စလာမ်ဘာသာဝင်များကလည်း ဆန္ဒရှိနေသည်ဟု ဟာဂျီဦးမင်းစိုးက ဆိုသည်။ 

“ရင်ထုမနာကိစ္စတွေ ထပ်မဖြစ်စေချင်တော့ဘူး။ အချင်းချင်းရိုင်းပင်းမှု မရှိရင် နိမ့်ကျသည်ထက် နိမ့်ကျပြီး စည်ပင်ဝပြောမှုဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး” ဟု ချမ်းအေးသာယာရပ်ကွက်၏ ရပ်မိရပ်ဖတစ်ဦးလည်းဖြစ်သူ ဦးမင်းစိုးက ပြောသည်။ 

မိတ္ထီလာအဓိကရုဏ်းအတွင်း အစ္စလာမ်ဘာသာဝင်များအပါအဝင် ဘေးဒုက္ခရောက်ခဲ့သူများကို ကယ်တင်စောင့်ရှောက်ခဲ့သူ ဦးဇင်းပိန်ခေါ်  ဆရာတော်ဦးဝိသုဒ္ဓ။ (ဓာတ်ပုံ – ရန်မိုးနိုင်/ Myanmar Now) 

၂၀၁၃ အရေးအခင်းနောက်ပိုင်း အလှမ်းဝေးကွာသွားသော နှစ်ဖက် ဘာသာရေးအသိုင်းအဝိုင်းအကြား ပြန်လည်သဟဇာတဖြစ်ရေးအတွက် သွေးထိုးလှုံ့ဆော်မှုများကို လက်မခံကြဘဲ အပြန်အလှန်ယုံကြည်မှုဖြင့် သံသယစိတ်များ ချေဖျက်ကြရန် လိုအပ်သည်ဟု ရတနာဦးကျောင်းတိုက် ဆရာတော်ဦးဝိသုဒ္ဓက မိန့်ကြားသည်။

“ဟိုအရင်က လူမျိုးမတူ၊ ဘာသာမတူလို့ သွေးကွဲတာမျိုးမရှိဘဲ ဦးဇင်းတို့ဆို အစ္စလာမ်ဘာသာဝင်တွေအိမ်မှာလဲ ဆွမ်းခံခဲ့ကြတာပါပဲ။ အကြောင်းတစ်ခုကြောင့်သာ လူမျိုးဘာသာခေါင်းစဉ်တပ်ပြီး မြို့က အရောင်ဆိုးခံလိုက်ရတာပါ” ဟု မိတ္ထီလာအဓိကရုဏ်းအတွင်း အစ္စလာမ်ဘာသာဝင်များအပါအဝင် ဘေးဒုက္ခရောက်ခဲ့သူများကို ကယ်တင်စောင့်ရှောက်ခဲ့သူ ဦးဇင်းပိန်ခေါ် ဆရာတော်ဦးဝိသုဒ္ဓက မိန့်သည်။

မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် NLD ပါတီကိုယ်စားပြု ဝင်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဒေါက်တာဆင့်စိုးက “အားလုံးအတွက် လိုအပ်တဲ့ ဘုံရည်မှန်းချက်ဆိုတာရှိတယ်။ အဲဒါကို အပြန်အလှန်နားလည်လက်ခံပြီး အတူလက်တွဲသွားတဲ့ အလေ့အကျင့်ကောင်းတွေဆီ ရောက်အောင်သွားရမယ်။ အဲဒီအတွက် ပညာရေးလိုအပ်တယ်” ဟု Myanmar Now ကို ပြောသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို မဲပေးခဲ့သော်လည်း မိတ္ထီလာမြို့၌ အခြားပါတီက အနိုင်ရသွားသဖြင့် မြို့လူထုလိုလားချက် ဖြည့်ဆည်းမပေးနိုင်ခြင်းအပေါ် နားလည်ပေးနိုင်သော်လည်း ယခုရွေးကောက်ပွဲတွင် မိမိရွေးချယ်လိုက်သော ပါတီက အနိုင်ရသွားပြီဖြစ်သဖြင့် များစွာမျှော်လင့်ထားသည်ဟု မြို့ခံအစ္စလာမ်ဘာသာဝင်များက ဆိုသည်။

“အခုအစိုးရသက်တမ်းမှာတော့ ကိုယ်မျှော်လင့်ထားသလို ရလဒ်ကောင်းတွေ သေချာမမြင်ခဲ့ရဘူး။ ဒါပေမဲ့ ကိုယ့်အစိုးရကို နောက်တစ်ကြိမ်ထပ်ယုံတဲ့အနေနဲ့ မဲတစ်ပြားနဲ့ အကျိုးပြုပြီးပြီမို့ ပြည်သူတွေအပေါ်လဲ ပြန်သိတတ်စေချင်ပါတယ်” ဟု ဒေါ်ခင်စန်းမြင့်ရီက ဆိုသည်။ 

မိတ္ထီလာမြို့ခံ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအာကာသိန်းကလည်း “လူကို လူလို့ပဲ မြင်ပေးပြီး အားလုံးအတူ ဒွန်တွဲနေထိုင်နိုင်ဖို့ပဲ ကျွန်တော်တို့ ဆန္ဒရှိကြတာပါ။ ၂၀၁၃ မတိုင်မီ ကာလတွေတုန်းကလိုပဲ ပြန်လည်ရှင်သန်ချင်ပါတယ်” ဟု ဆိုသည်။ 

Show More

Related Articles

Back to top button