
ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရက္ခိုင့်တပ်တော် (AA) အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းပေးရန် နောက်တက်လာမည့်အစိုးရအဖွဲ့သစ်နှင့် တပ်မတော်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တောင်းဆိုလိုက်သည်။
တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းသက်တမ်းကို နိုဝင်ဘာ ၁၁ မှ ဒီဇင်ဘာ ၃၁ ရက်အထိ တိုးမြှင့်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယနေ့ ထုတ်ပြန်ခဲ့ရာတွင် ‘တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အဖွဲ့၊ မတရားအသင်း ကြေညာထားခြင်းကို ရုပ်သိမ်းပေးရန်’ စသည့်အချက်ကို ထည့်သွင်းတောင်းဆိုခဲ့သည်။
တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တွင် AA ကိုသာ အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။
တပ်မတော်က အပစ်ရပ်ဒေသများတွင် ရခိုင်ပြည်နယ်ကို ချန်လှပ်ခဲ့ခြင်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများကို နှောင့်နှေးစေသည်ဟု TNLA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
“AA ကို အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ မဟုတ်ဘဲနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့အတူ တန်းတူညီမျှထားပြီးမှ ဆောင်ရွက်သွားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းက ပိုပြီးထိရောက်မယ်လို့ ယုံကြည်တယ်” ဟု ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
တပ်မတော်ဘက်ကမူ နိုဝင်ဘာ ၉ တွင် ‘ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်’ ဟု ဆိုကာ ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦးပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ၎င်းကော်မတီအနေဖြင့် အပစ်ရပ် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအပြင် NCA မထိုးထားသော အဖွဲ့များဖြင့်ပါ ဆွေးနွေး၍ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
တိုင်းရင်းသားလက်နက်ကိုင်များတွင် အင်အားကြီးအဖွဲ့များဖြစ်သည့် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ပါဝင်သည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင်လည်း AA သည် အဖွဲ့ဝင်ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်က နေပြည်တော်တွင်ပြုလုပ်သည့် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံတွင် FPNCC အဖွဲ့ဝင်များထဲမှ AA ကို ချန်လှပ်ပြီး ကျန်သည့်အဖွဲ့များကိုသာ ဖိတ်ကြားခဲ့သည့်အတွက် FPNCC အဖွဲ့ဝင်များက ညီလာခံတက်ရောက်ရန် ငြင်းဆန်ခဲ့သည်။
၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်စဉ်ကာလများအတွင်းက တိုင်းရင်းသားလက်နက်ကိုင် အချို့ကို အကြမ်းဖက်အဖွဲ့၊ မတရားအသင်း စသဖြင့် ကြေညာထားသည့်အခြေအနေများတွင် ဆွေးနွေးမှု များစတင်ခဲ့ရပြီး ယုံကြည်မှုတည်ဆောက်ခြင်းကို ဦးစွာလုပ်ဆောင်ခဲ့ရကြောင်း ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။
“ယုံကြည်မှုတည်ဆောက်ပြီးတော့ ရလဒ်ထွက်အောင် ဆောင်ရွက်နိုင်ခြင်းက အဓိကပါပဲ။ ရှေ့မှာလည်း ၂၀၁၁ ကစတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၂၀၁၅ အောက်တိုဘာလလယ် NCA မထိုးခင် နှစ်ရက်အလိုကျမှ မတရားအသင်းက ပယ်ဖျက်တယ်၊ အကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်ကြောင်း ကြေညာလိုက်တာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် KIA ၊ TNLA နှင့် MNDAA ၊ AA တို့ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေသောကြောင့် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးမှုများလည်း ရပ်တန့်နေသည်။
ပြီးခဲ့သည့်နှစ်များအတွင်း အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့တို့အကြား ၇ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိကျသည့်အဖြေ မရရှိခဲ့ပေ။ နောက်ဆုံးအကြိမ်ဆွေးနွေးမှုကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ၂၀၁၉ နိုဝင်ဘာတွင် ပြုလုပ်ခဲ့ပြီး နောက်တစ်ကြိမ်ဆွေးနွေးရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် ၄ ဖွဲ့အပါအဝင် FPNCC အဖွဲ့ဝင်အားလုံးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။
၂၀၁၈ ဒီဇင်ဘာနှောင်းပိုင်းမှစ၍ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြန်ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ရခိုင်မြောက်ပိုင်းဒေသများတွင် လတ်တလောအချိန်အထိ စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။