တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထမ်းယမ်ရွာ ဘုန်းကြီးကျောင်း ယနေ့ (မတ် ၁၅) နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရှိပြီး ကျောင်းဆောင်နှစ်ခု ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။
မြို့အရှေ့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ ထမ်းယမ်ရွာဘုန်းကြီးကျောင်းကို လေတပ်က ဗုံးနှစ်လုံး ကြဲချခဲ့ပြီး ပေါက်ကွဲမှုပြင်းထန်သဖြင့် အနီးအနားရှိ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) ပြောဆိုခွင့်ရှိသူ ခွန်ရိန်းယံက Myanmar Now ကို ပြောသည်။
“ပအိုဝ်းတိုင်းရင်းသားတွေ အလေးအမြတ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးကျောင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ဖျက်ဆီးနေတာတွေ့ရတယ်။ ဒါတွေက မင်းတို့တော်လှန်ရင် မင်းတို့ အလေးအမြတ်ထားတဲ့ ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးမယ်ဆိုပြီးတော့ ခြိမ်းခြောက်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
နှစ်ထပ် အုတ်ကျောင်းဆောင် နှစ်ခု ပျက်စီးနေသည့် မှတ်တမ်းဓာတ်ပုံများကိုလည်း PNLA က ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားတပ် (PNA) ပြည်သူ့စစ် ပူးပေါင်းတပ်များက PNLA ၏ လက်နက်ယာဉ်တန်းကို ပိတ်ဆို့တားဆီးခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ပအိုဝ်းဒေသတွင် တိုက်ပွဲများဖြစ်ပွားလာသည်။
ထို့နောက် PNLA နှင့် ကရင်နီမဟာမိတ်တပ်များက ဆီဆိုင်မြို့ကို စိုးမိုးထိန်းချုပ်ခဲ့ပြီး မြို့မြောက်ဘက် ဟိုပုံးနှင့် အရှေ့ဘက်ရှိ မိုင်းပွန်၊ လွိုင်လင်မြို့နယ်အထိ တိုက်ပွဲများကျယ်ပြန့်လာရာ စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် နေ့စဉ် တုံ့ပြန်တိုက်ခိုက်နေသည်ဟု သိရသည်။
ဆီဆိုင်မြို့မဈေး၊ လူနေအိမ်နှင့် အဆောက်အအုံများ အကြီးအကျယ်ထိခိုက်ပျက်စီးနေပြီး စစ်ကောင်စီနှင့် PNO အဖွဲ့က ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်ရန် ယခုပတ်အတွင်း တင့်ကားသုံးစီးဖြင့် စစ်ကြောင်းထိုးလာကြောင်း ခွန်ရိန်းယံက ပြောသည်။
“ကျေးရွာတွေ ဘာသာရေးအဆောက်အအုံတွေကို ပစ်တာပေါ့။ အဲ့ဒီဟာတွေ အဓိကထိခိုက်နေတယ်” ဟု သူက ဆိုသည်။
ပအိုဝ်းဒေသသာမက နိုင်ငံအနှံ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးတိုက်ပွဲများတွင် တိုင်းရင်းသားနှင့် ပြည်သူလူထုအထွတ်အမြတ်ထားရာနေရာနှင့် လူနေအိမ်များကို စစ်ကောင်စီက တိုက်ခိုက်နေသည်ဟု သူက ဆိုသည်။
ပအိုဝ်းဒေသတွင် တိုက်ပွဲများကြောင့် ဘုန်းတော်ကြီးများအပါဝင် ဒေသခံအများပြား စစ်ရှောင်နေရပြီး စားဝတ်နေရေးခက်ခဲကြောင်း ဆီဆိုင်ဒေသခံ ပအိုဝ်းတိုင်းရင်းသားတစ်ဦးက ပြောသည်။
“ရှင်းရှင်းပြောမယ်ဆိုရင် မြန်မြန်ပြီးစေချင်တာပေါ့နော်။ ရွာထဲကလူတွေလည်း ရွာပြန်စေချင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရွာက ဘုန်းကြီးတွေက တောထဲမှာ တဲတွေထိုးပြီး အိပ်နေရတယ်ဆိုတော့ စိတ်မကောင်းဘူးဗျ” ဟု ၎င်းက ပြောသည်။
စစ်တပ်ဘက်က မတ်လ ၁၂ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သလို နောက်တစ်ရက်တွင်လည်း MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ကျောက္ကဆျားကျေးရွာအနီးသို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ တုံ့ပြန်ချက်
ပအိုဝ်းဒေသတိုက်ပွဲများကြောင့် ၂၀၂၄ ဇန်နဝါရီ ၂၁ မှစ၍ မတ် ၉ ထိ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမှ စစ်ဘေးရှောင် ၉ သောင်းနီးပါးရှိပြီး ထိုအထဲတွင် ကရင်နီ (ကယား) ဒေသဘက်မှ ရှမ်းပြည်တောင်ပိုင်းကို စစ်ရှောင်သည့် ဒေသခံများပါဝင်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ မတ် ၁၁ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄၉ ဦး သေဆုံး၊ ၆၀ ဒဏ်ရာရပြီး နေအိမ်အဆောက်အအုံပေါင်း ၂၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ပအိုဝ်းဒေသတိုက်ပွဲများနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ခွန်သိန်းမောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။
ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မပြုသေးသော်လည်း စစ်ကောင်စီ၏ မတ် ၁၁ ရက်စွဲတပ် ထုတ်ပြန်ချက်တစ်ခုတွင် ထိုဒေသရှိ နေအိမ်များ မီးလောင်ပျက်စီးရခြင်းမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းထားသည်။
“အကြမ်းဖက်သမားများက ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်” ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။
စစ်ကောင်စီနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုရှိသည့် ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ရှိရာ PNO ခေါ် ပအိုဝ်းပြည်သူ့စစ်သည် အစဉ်အဆက် စစ်ခေါင်းဆောင်များ၏ မဟာမိတ်ဖြစ်ပြီး ပအိုဝ်းဒေသကို စိုးမိုးထားကာ စစ်ကောင်စီတပ်၏ အားကိုးရသည့် အဖွဲ့ဖြစ်လာသည်။ လက်နက်ကိုင်အင်အား ၃၀၀၀ အထိပင် ရှိနိုင်သည်ဟု သတင်းထွက်နေသည်။
PNLO/PNLA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားပြီး ထိပ်ပိုင်းခေါင်းဆောင်များသည် အာဏာသိမ်းစစ်တပ်၏ “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲတိုင်းတွင် ပူးပေါင်းဆောင်ရွက်နေရာမှ စစ်ကောင်စီကို ပထမဆုံးအကြိမ် ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) လည်း ပေါ်ပေါက်လာပြီး ထိုအဖွဲ့ကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် ပအိုဝ်းတော်လှန်ရေးအင်အားစုများ စုပေါင်း၍ ၂၀၂၁ ဒီဇင်ဘာ ၁၁ တွင် ညီလာခံပြုလုပ်ကာ PNFC ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
PNFC ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် လက်နက်ကိုင် တပ်နယ်သုံးခုရှိပြီး ဆီဆိုင်တိုက်ပွဲများတွင် ပူးပေါင်းတိုက်ခိုက်နေသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးဒေသသည် စစ်ကောင်စီ၏ မဟာဗျူဟာကျသော ခံစစ်နယ်မြေဖြစ်သလို PNO ပြည်သူ့စစ်၏ ဂုဏ်သိက္ခာဖြစ်၍ အပြင်းအထန်တုံ့ပြန်တိုက်ခိုက်နေကြောင်း PNFC အတွင်းရေးမှူး (၂) ခွန်ဝေထူးက Myanmar Now ကို ပြောဆိုထားသည်။