အာဏာသိမ်းစစ်ဗိုလ်ချုပ်များ နေထိုင်ရာ နေပြည်တော်တွင် စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သည့် လူငယ်များကို စာရင်းသွင်းရန် ဆင့်ခေါ်နေပြီး သင်္ကြန်အပြီးတွင် မဲနှိုက်ရွေးချယ်မည်ဟု အုပ်ချုပ်ရေးမှူးများက အသိပေးထားသည်ဟု သိရသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အသက်အရွယ်ရှိသူများကို စာရင်းကောက်ယူနေခြင်းဖြစ်ကာ မဲနှိုက်ရွေးခံရသူများ စစ်သင်တန်းတက်မရမည်ဟု အိမ်တိုင်ရာရောက် အသိပေးသွားသည်ဟု ပျဉ်းမနားမြို့နယ်မှ လူငယ်တစ်ဦးက ဆိုသည်။
“စစ်မှုထမ်းဖို့ ပါတယ်ဆိုပြီး အိမ်ကို လာတာ၊ ရပ်ကွက်ထဲမှာ အကျုံးဝင်တဲ့သူ ၁၃၀ ရှိတယ်။ အဲထဲကနေ ငါးယောက်ကို မဲနှိုက်ရွေးမယ်ဆိုပြီး ပြောသွားတယ်”
နေပြည်တော်ရှိ မြို့နယ်ရှစ်ခုအနက် ပျဉ်းမနား၊ ပုဗ္ဗသီရိနှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ ရပ်ကွက်နှင့် ကျေးရွာတချို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သူများကို ရပ်ကွက်ရုံးသို့ ဆင့်ခေါ်ကာ စာရင်းသွင်းခိုင်းသည်ဟု ဒေသခံတချို့ထံမှ သိရသည်။
စစ်မှုထမ်းရန် အကျုံးဝင်သူများကို နေပြည်တော်ပြင်ပ ခရီးမထွက်ရန်၊ ခရီးသွားပါက အုပ်ချုပ်ရေးမှုးထံ အကြောင်းကြားကာ ထောက်ခံချက်လုပ်ရန် မှာကြားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်တချို့တွင်လည်း သန်းခေါင်စာရင်းနှင့်အတူ မိသားစုဝင်များ၏ ဓာတ်ပုံကို ရပ်ကွက်အုပ်ချုပ်ရေးမှုးထံ ပို့ပေးထားရသည်ဟု ဆိုသည်။
စစ်မျက်နှာအသီးသီးတွင် ဆက်တိုက်အရှုံးပြနေသော စစ်ကောင်စီက အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရေး ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ကြေညာပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေး အပူတပြင်းကြိုးပမ်းလျက်ရှိသည်။
စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် ဗဟိုအဆင့်အပါအဝင် တိုင်းနှင့်ပြည်နယ်မှ မြို့နယ်အထိ အဆင့်လိုက် အဖွဲ့များဖွဲ့စည်းထားပြီးဖြစ်ကာ သင်တန်းကျောင်းများ အဆင်သင့်ပြင်ဆင်ထားသည်ဟုလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ပြီးဖြစ်သည်။
နေပြည်တော်နည်းတူ ရန်ကုန်မြို့တွင်လည်း လွန်ခဲ့သည့်ရက်ပိုင်းမှစ၍ စစ်ကောင်စီလက်အောက်ခံအဖွဲ့များက စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အရွယ်ရှိသူများကို အမည်၊ ဖုံးနံပါတ်နှင့်တကွ လိုက်လံ စာရင်းကောက်ယူလျက်ရှိသည်။
နေပြည်တော်တွင် ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေး အပါအဝင် မြို့နယ်ပေါင်း ရှစ်ခုရှိကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေတစ်သန်းကျော်ရှိသည်။
စာရင်းကောက်ယူထားသူများအနက် စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း ဇဗ္ဗူသီရိမြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မတ်လထဲမှာတော့ စာရင်းကောက်တာနဲ့ စာရင်းသွင်းတာတွေ လုပ်မယ်။ ပြီးရင် ဘက်လိုက်တယ် မရှိရအောင် မဲနှိုက်ရွေးမယ်။ ခုမကောက်သေးတဲ့ ရပ်ကွက်တွေလည်း မကြာခင် ပါလာမှာပါ”
ဇဗ္ဗူသီရိနှင့် လယ်ဝေးမြို့နယ်တို့ရှိ ရပ်ကွက်တချို့တွင်လည်း လွန်ခဲ့သည့်လမှစ၍ အုပ်ချုပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ကွင်းဆင်းစာရင်းကောက်ယူသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အိမ်ထောင်ဦးစီးနာမည်ရယ်၊ အိမ်မှာရှိတဲ့လူဦးရေရယ်၊ မေးသွားတယ်၊ အသက်အရွယ်တော့ မပါဘူး။ ဧည့်စာရင်းလည်း တိုင်ဖို့ သတိပေးသွားတယ်”
စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းမထမ်းနှင့်ပတ်သက်၍ အခြေအနေစောင့်ကြည့်ပြီးမှသာ ဆုံးဖြတ်ချက်ချမည်ဟု ပျဉ်းမနားမှ ၂၇ နှစ်အရွယ် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် သင်္ကြန်ရုံးပိတ်ရက်များအပြီး လာမည့်ဧပြီလတွင် စစ်မှုထမ်း စခေါ်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် အမျိုးသမီးများကို ဆင့်ခေါ်ရန်မရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်က အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သူတိုင်း ၅ နှစ်ကြာ စစ်မှုထမ်းရမည်ဖြစ်ကာ ငြင်းဆိုပါက ထောင်ဒဏ်ငါးနှစ်ထိ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။ စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်မှုထမ်းဥပဒေကြောင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထံ ခိုလှုံမည့် လူငယ်များရှိနေသည့် နည်းတူ ပြည်ပသို့ ရရာ နည်းလမ်းဖြင့် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေသူများလည်း ရှိနေသည်။
စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီး အရပ်သားများကို လမ်းပေါ်တွင် ပစ်သတ်ခြင်း၊ မြို့ရွာများကို ဗုံးကြဲခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့်အမှုများ နိုင်ငံအနှံ့တွင် ကျူးလွန်နေသဖြင့် နာမည်ပျက်နေသည်။