သတင်း

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်တွင် နွံကန်ပေါက်ပြီး လူ ၂၀ ကျော် သေဆုံး

လူ ၂၀ မှ ၃၀ အကြား နွံအတွင်း နစ်မြုပ်သေဆုံးသည့်အပြင် မြေတူးကားနှင့် မြေသယ်ကား ၁၀ စီးကျော်လည်း နစ်မြုပ်သည်ဟု ဖားကန့်လူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ်မှ ဖားကန့်မြို့တွင် ယနေ့ (မတ် ၁၂) နံနက် အစောပိုင်းက ကျောက်စိမ်းတူးဖော်ရာအနီး နွံကန်ပေါက်ကျရာ လူ ၂၀ ကျော် သေဆုံးသွားသည်ဟု ဒေသခံ ကူညီကယ်ဆယ်ရေးသမားက ပြောသည်။

ဖားကန့်မြို့နယ် ရှရော်ခကျေးရွာအနီးရှိ မနမှော်တွင် နွံကန်ကြီးတစ်ခု ပေါက်ကျခြင်းဖြစ်ကာ လူ ၂၀ မှ ၃၀ အကြား နွံအတွင်း နစ်မြုပ်သေဆုံးသည့်အပြင် မြေတူးကားနှင့် မြေသယ်ကား ၁၀ စီးကျော်လည်း နစ်မြုပ်သည်ဟု ဖားကန့်လူမှုရေးအသင်းမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“နွံကန်ပေါက်ကြတာဆိုတော့ ဆိုးတာပေါ့ဗျာ။ နွံဆိုတော့ အားလုံးပါသွားတာပေါ့၊ ကယ်ဆယ်ရေးကလည်း ဘတ်ဖိုး (မြေတူးစက်) နဲ့ ဟိုနားနည်းနည်း ဒီနားနည်းနည်း တူးကြည့်ရတာပေါ့။ အောက်တော့ ဆင်းမရဘူး”

ဖားကန့်မြို့နယ်တွင်းရှိ ကျောက်စိမ်းတူးဖော်သည့် မှော် (လုပ်ကွက်) များတွင် စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းတူးဖော်ရာ၌ စွန့်ပစ်မြေစာနှင့် အမှိုက်သရိုက်များ စုပုံထားလေ့ရှိသည့်နေရာများမှာ ရေဝပ်ပြီး နွံကန်ကြီးများအဖြစ် တည်ရှိနေတတ်သည်။

ယခင်ကလည်း ဖားကန့်ဒေသ၌ လူရာချီသေဆုံးသည်အထိ နွံကန်ပေါက်ခြင်းနှင့် မြေစာပုံပြိုသည့် ဖြစ်စဉ်များရှိခဲ့ဖူးသည်။ ထိုသို့ အသက်အန္တရာယ်ရှိနေသော်လည်း ထောင်နှင့်ချီသော အနယ်နယ်အရပ်ရပ်မှ လာသူများ ကျောက်စိမ်းမြေတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်။

ယနေ့ နံနက်ပိုင်းက ဖားကန့် နွံကန်ပေါက်ကျမှုတွင် အသက်ရှင်လွတ်မြောက်သူ ၄ ဦးခန့်သာရှိပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာ၌ အမျိုးသားအလောင်း တစ်လောင်းသာ ရရှိခဲ့သည်ဟု အထက်ပါ လူမှုရေးအသင်းတာဝန်ခံက ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့ရှိ လူမှုရေးအသင်း အားလုံးနီးပါး အဆိုပါ နွံကန်သို့ ရောက်ရှိကာ ကယ်ဆယ်ရေးများ ဆောင်ရွက်နေသော်လည်း နွံကန်အောက်တွင် နစ်မြုပ်သွားသူများကို ပြန်လည်ဆယ်ယူရန် ခက်ခဲသည်ဟု ၎င်းက ဆက်ပြောသည်။

ရှရော်ခကျေးရွာအနီးရှိ မနမှော်တွင် နွံကန်ပေါက်ပြီးနောက် ယနေ့ မွန်းလွဲတွင် တွေ့မြင်ရသော အခြေအနေ။ (ဓာတ်ပုံ- Tarkin Mg)

ယနေ့ မွန်းတည့်ချိန်တွင် လူမှုကူညီရေးအသင်းတချို့ ပြန်သွားကြပြီဖြစ်ပြီး ရှရော်ခရွာနှင့် နီးသည့် ကယ်ဆယ်ရေးအဖွဲ့တချို့သာ ကျန်တော့သည်ဟု မနမှော်အနီး ရောက်ရှိနေသည့် ဖားကန့်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“အလောင်းတစ်လောင်းလားပဲ ပြန်ရတယ်၊ ကျန်တဲ့ဟာတွေ ဘယ်ရမလဲ အကုန် ကွန်ကရစ်ဖျော်ထားသလို ပျစ်ပျစ်ကြီးဟာ။ အခုက မရသေးဘူး ဆယ်လို့တောင် မလွယ်လောက်ဘူး” ဟု ၎င်းက ဆိုသည်။

သယံဇာတကျိန်စာသင့်နေသည်ဟု တင်စားပြောဆိုကြသည့် ကျောက်စိမ်းနယ်မြေ ဖားကန့်တွင် ၂၀၂၀ ဇူလိုင်အတွင်း မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံး ၁၇၂ ဦး သေဆုံးခဲ့ရပြီး ၁၆၆  လောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည်မှာ နှစ်လခန့်ရှိနေပြီဖြစ်ပြီး ဖားကန့်မြို့ အနောက်ဘက်ရှိ စစ်တပ်၏ ကသိုဏ်းတောင်စခန်းကို ယမန်နေ့ညတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော် ( KPDF) တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

အဆိုပါ စခန်းမှာ ဆုတ်ခွာသွားသည့် စစ်ကောင်စီစစ်ကြောင်းကို လိုက်လံတိုက်ခိုက်နေရာ ယနေ့ နံနက်အထိ ဆိုင်းတောင်ရွာအနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု KIA နှင့် နီးစပ်သူ အသက် ၄၀ ကျော်အရွယ် ဖားကန့်ဒေသခံ နောက်တစ်ဦးက ပြောသည်။

“ဆိုင်းတောင် ရွှေခြေင်္သေ့ဆီဆိုင် လမ်းကြားထဲမှာ၊ လက်ကျန်လိုက်ရှင်းနေတာ အခု ပစ်နေကြတယ်၊ မနက် ၁၁ နာရီလောက်က အဲဒီဘက်တစ်ကြောကို အကုန်ရှင်းနေတာ”

အဆိုပါ တိုက်ပွဲများကြောင့် ဆိုင်းတောင်၊ နမ့်မှော်၊ ဆိပ်မူ စသည့် ကျေးရွာများမှ ဒေသခံများမှာ ပြီးခဲ့သည့် ရက်အနည်းငယ်မှ စပြီး နီးစပ်ရာ ရွာများနှင့် ဖားကန့်မြို့ပေါ်သို့ တိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် KIA နှင့် စစ်ကောင်စီတပ်တို့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာရာ ကျောက်စိမ်းအကျိုးစီးပွားရှိသည့် ဖားကန့်မြို့နယ်တွင် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည်။

ထိုသို့တိုက်ပွဲပြင်းထန်နေသော်လည်း နှစ်ဖက်လုံးအတွက် အကျိုးစီးပွားရသော ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်သည်။

Show More

Related Articles

Back to top button