သတင်း

မြဝတီအနီး သင်္ဃန်းညီနောင်တွင် တိုက်ပွဲဆက်ဖြစ်၊ ဒေသခံ ၂၀၀ ခန့် ပိတ်မိနေ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ရွာဝန်းကျင် စစ်စခန်းတချို့ ဆက်လက် တိုက်ခိုက်ခံနေရစဉ် ဒေသခံတချို့ သေဆုံးပြီး အများအပြား ပိတ်မိနေသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တိုက်ပွဲဖြစ်နေသည့် သင်္ဃန်းညီနောင်ရွာတွင် ဒေသခံ ၂၀၀ ခန့် ပိတ်မိနေသည်ဟု သိရသည်။

သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီစခန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ လက်အောက်ခံ စစ်ကြောင်းများက မတ်လ ၇ ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေသည်။

တိုက်ပွဲသည် ၅ ရက်မြောက် ယနေ့ (မတ်လ ၁၁) ရက်အထိ ဆက်ဖြစ်နေပြီး ဒေသခံတချို့ ပိတ်မိနေခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေး ကူညီပေးနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“၂၀၀ နီးပါးလောက် ကျန်ဦးမယ်လို့ ကြားထားပါတယ်။ ထွက်လို့မရတာက တိုက်ပွဲဖြစ်နေလို့ပါ” ဟု သူက ပြောသည်။

တိုက်ပွဲကာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်သည် စစ်ကောင်စီ၏ အမှတ် ၃၅၅၊ ၃၅၆ ခြေမြန်တပ်ရင်းစခန်းများနှင့် သင်္ဃန်းညီနောင် ရဲစခန်းတို့ကို သိမ်းပိုက်ထားနိုင်သည်၊ အမှတ် ၃၅၇ တပ်ရင်းစခန်းနှင့် အခြေချစစ်ဗျူဟာစခန်းတို့ကို ဆက်လက်တိုက်ခိုက်နေကြောင်း ဒေသခံတချို့က ဆိုသည်။

ပိတ်မိနေသူများကို ကယ်ထုတ်အကူအညီပေးမည့်သူ နည်းပါးနေသည်ဟု ဒေသခံအမျိုးသားက ပြောသည်။

“တိုက်ပွဲအသံခဏနားတဲ့အချိန်မှာ ရရင်ရသလို အပြေးအလွှား သွားဆွဲထုတ်ပေးနေတာပေါ့။ နောက်ပြီးတော့ အဲဒီလို ကူညီပေးနေတာကလည်း သိပ်မရှိဘူး။ တစ်ယောက်စနှစ်ယောက်စပဲ ရှိတော့ ခရီးမတွင်ဘူး” ဟု သူက ဆိုသည်။

ပြီးခဲ့သည့်ရက်များအတွင်း ပိတ်မိနေသူများကို မြဝတီမြို့ပေါ်ရှိ စစ်ရှောင်စခန်းများသို့ ကားဖြင့် ပို့ပေးထားရာ အရေအတွက် ၁၅၀ ခန့် ရှိပြီဖြစ်သည်၊ တိုက်ပွဲတွင်း ထိခိုက်သေဆုံးသည့် အရပ်သား ၁၀ ဦး အနည်းဆုံးရှိသည်ဟုလည်း သူက ပြောသည်။

မတ်လ ၈ ရက်နေ့ကလည်း လေတပ်က ဗုံးကြဲသဖြင့် ရွာသစ်ရွာ သဘာဝတရားရိပ်သာ ဆေးခန်းတွင် ဆေးကုနေသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် အဘိုး၊ အဘွား ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

သဘာဝတရားရိပ်သာ ဗုံးကြဲခံရသည့်နေ့မှာပင် သင်္ဃန်းညီနောင်မှ ထွက်ပြေးလာသည့် အမျိုးသား ၄ ဦးသည်လည်း လေယာဉ်က ကြဲသည့် ဗုံးစထိမှန်သဖြင့် အမျိုးသား ၂ ဦး ပွဲချင်းပြီးဆုံးသည်၊ အမျိုးသား ၂ ဦး ဒဏ်ရာရသည်ဟု သင်္ဃန်းညီနောင်ဒေသခံ စစ်ရှောင်တချို့က ဆိုသည်။

အရေးပေါ် စစ်ရှောင်စခန်း ဖွင့်ထားရ၊ အကူအညီပေးမှု နည်းပါး

တိုက်ပွဲကြောင့် မြဝတီမြို့ပေါ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် အရေးပေါ် စစ်ရှောင်စခန်းများ ဖွင့်ထားရသည်။ မြဝတီမြို့ပေါ်သို့ တိမ်းရှောင်နေကြသူ အရေအတွက် ၃၀၀၀ ကျော် ရှိသည်ဟု ဒေသခံ အမျိုးသားက ပြောသည်။

ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများထဲတွင် ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မုတ်သုံ ပါဝင်ကြောင်း သူက ဆက်ပြောသည်။

“ဗိုလ်မုတ်သုံတို့ ဦးစီးပြီးတော့ နေရာရွှေ့ပြောင်းရေးတွေ လုပ်ပေးနေတယ်။ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းကတော့ ဘာမှလုပ်ပေးတာမရှိဘူး” ဟု သူက ဆိုသည်။

“ဘုန်းကြီးကျောင်းတွေမှာ အများစု နေတယ်။ အိမ်ငှားပြီးနေတာလည်း ရှိတယ်။ လောလောဆယ် လိုအပ်ချက်ကတော့ များတယ်။ အားလုံးက ကမန်းကတန်း ပြေးလာကြရတော့ စားဝတ်နေရေး အဓိကပေါ့”

သင်္ဃန်းညီနောင်ရွာသာမက အနီးရှိ ရွာသစ်၊ ဖားချောင်း၊ မဲကနယ်၊ ဝှေ့ရှမ်း စသည့် ရွာများမှ ဒေသခံများပါ မြဝတီမြို့ပေါ် စစ်ရှောင်နေရသည်၊ ဒေသခံ စေတနာ့ဝန်ထမ်းများနှင့် အလှူရှင်များက အကူအညီပေးနေသည်ဟု သိရသည်။

လိုအပ်နေသည့် စစ်ရှောင်စခန်းများကို အဓိကထားကာ ကူကြစေလိုကြောင်း မြဝတီမြို့ပေါ်သို့ တိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးက Myanmar Now ကို‌ ပြောသည်။

စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး စောခင်မောင်မြင့်ကမူ မြဝတီမြို့ပေါ်ရှိ စစ်ဘေးရှောင်များကို မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ယူကာ အကူအညီများပေးနေသည်ဟု ဆိုသည်။

“မြဝတီကို သွားဖို့အတွက်က လက်ရှိမှာ အစိုးရအဖွဲ့တွေအနေနဲ့က ဘယ်လိုမှ သွားလို့မရပါဘူး။ လက်ရှိ မြဝတီမှာ ရှိနေတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကို ညွှန်ကြားပြီးတော့မှ လိုအပ်တဲ့ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့တွေ အဆင်ပြေအောင် လတ်တလော အဲဒီလိုပဲ တာဝန်ပေးပြီး စီစဉ်ခိုင်းနေရပါတယ်” ဟု စောခင်မောင်မြင့်က Myanmar Now ကို ပြောသည်။

သင်္ဃန်းညီနောင်မှ ကျောင်းသူကျောင်းသားတချို့လည်း မြဝတီမြို့ပေါ်ရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေနေကြသည်ဟု သိရသည်။

သင်္ဃန်းညီနောင်ရွာသည် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် မြဝတီမြို့၏ အနောက်ဘက် ၁၂ မိုင်ကျော်တွင် တည်ရှိသည်။

တိုက်ပွဲများပြင်းထန်နေသဖြင့် မြဝတီမှ ကုန်ကားများသည် ထိုးကော့်ကိုး – ကျော်ခိုလမ်းကိုသုံးကာ သင်္ဃန်းညီနောင်ကို ရှောင်ကွင်း၍ သွားနေရသည်ဟုလည်း စောခင်မောင်မြင့်က ပြောသည်။

Show More

Related Articles

Back to top button