သတင်း

ချောင်းဦးတွင် ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးကို စစ်တပ်ပစ်သတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အနီး မုံရွာ-မန္တလေးကားလမ်းမတွင် ငွေကောက်ခံနေသည့် ဒေသကာကွယ်ရေးအဖွဲ့ကို စစ်တပ်က ပစ်ခတ်ရာ ၄ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရသွားသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အနီး မုံရွာ-မန္တလေးကားလမ်းမတွင် အလှူငွေကောက်ခံနေသည့် ဒေသကာကွယ်ရေးအဖွဲ့ကို စစ်တပ်က ယမန်နေ့ (မတ်၇) တွင် ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ရာ ကာကွယ်ရေးအဖွဲ့များဘက်က ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ အပြင်းအထန်ရသွားကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့သည် ချောင်းဦးမြို့အရှေ့ဘက်နှစ်မိုင်အကွာ ငယှန်ကျေးရွာအနီး ရှိနေစဉ် အင်အား ၃၀ ကျော်ခန့်ပါသည့် စစ်ကားတစ်စီးရောက်ရှိလာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကလည်း တော်တော်နာမည်ပေါက်တယ်၊ အဲလမ်းမပေါ်မှာ ပိုက်ဆံကောက်တာ၊ သူတို့ကောက်တဲ့နေရာကလည်း စစ်ကောင်စီစွဲထားတဲ့ နေရာနဲ့လည်း တော်တော်နီးတယ်” ဟု ချောင်းဦးဒေသခံ အမျိုးသားတစ်ယောက်က ပြောသည်။

ပစ်ခတ်မှုဖြစ်သည့်နေရာ၏ အရှေ့ဘက် ၂ မိုင်ခွဲအကွာတွင် စစ်တပ်တပ်စွဲထားသည့် နတ်ရေကန်ရွာရှိပြီး အနောက်ဘက် နှစ်မိုင်အကွာတွင် ချောင်းဦးမြို့ရှိသည်။

အဆိုပါ ဒေသကာကွယ်ရေးအဖွဲ့သည့် ယခင်က မုံရွာခရိုင် PDF တပ်ရင်း (၁၂) ၏ တပ်ဖွဲ့ဝင်များဖြစ်သော်လည်း နောက်ပိုင်းတွင် သီးခြားခွဲထွက်ကာ ဒေသကာကွယ်ရေးတပ် (LDF) အနေဖြင့် လှုပ်ရှားသဖြင့် PDFတပ်ရင်းများ၊ မြို့နယ်ပကဖအဖွဲ့၏ အမိန့်ပေးကွပ်ကွဲမှုအောက်တွင် မရှိကြောင်း သိရသည်။

အဆိုပါ အဖွဲ့ကို လမ်းမပေါ်တွင် ပိုက်ဆံမကောက်ရန် ချောင်းဦးမြို့နယ် ပကဖက အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာရန် ငြင်းဆန်ခဲ့ကြောင်း မြို့နယ်ပကဖအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ချောင်းဦးကားလမ်းမကြီးတွေမှာ ကောက်တဲ့ဂိတ်အခြားအဖွဲ့အစည်းတွေလည်း ရှိတယ်။ အရင်က ပိုက်ဆံကောက်ခံဂိတ်တွေ ဆယ်ဂဏန်းနီးပါးရှိတယ်။ (ပကဖက တားလို့) ခုနောက်ပိုင်း တခြားအဖွဲ့တွေ မရှိတော့ဘူး၊ သူတို့ပဲ တားလို့မရတာ” ဟုဆိုသည်။​

ပစ်ခတ်မှုတွင် သေဆုံးသွားသူများမှာ အသက် ၂၀ခန့်အရွယ် လူငယ်များ ဖြစ်ပြီး ရုပ်အလောင်းများကို ယနေ့ မနက်ပိုင်းထိ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း အထက်ပါဒေသခံက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် လမ်းပေါ်တွင် ဆက်ကြေးကောက်ခံနေသည့် PDF အဖွဲ့ကို သွားရောက်ရှင်းလင်းရာ PDF အလောင်း ၄ လောင်း၊ သေနတ် ၂ လက်၊ ကျည်ဘောက် ၂ ခုနှင့် ကျည် ၈ တောင့် သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

Show More

Related Articles

Back to top button