
ရန်ကုန်တိုင်း ရခိုင်နှင့်ကရင် တိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်နေရာများတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်ထုမေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူ နော်လှလှစိုးတို့ နှစ်ဦးမှာ မဲအရေအတွက် ထက်ဝက်ကျော်အကွာဖြင့် ဦးဆောင်နေသည်။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ရခိုင်လူမျိုးအများစုနေထိုင်ရာ မြို့နယ် ၈ ခုမှ မဲရုံပေါင်း ၃၀၀ ကျော်တွင် ရေတွက်ပြီးစီးခဲ့ရာ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဒေါ်ထုမေက မဲရလဒ် ၈ ထောင်မဲကျော်ဖြင့် ဦးဆောင်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေါ်ခင်မျိုးဦးက မဲရလဒ် ၂၇၃၅ မဲ ဖြင့် ဒုတိယလိုက်နေသည်။
ရခိုင်အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးတင်ထူးအောင်ကလည်း တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲရလဒ် ၁၆၂၅ မဲ ဖြင့် တတိယမဲအများဆုံး ရရှိထားသည်။
“ရခိုင်ပြည်သူတွေအတွက် ရန်ကုန်မှာ ရခိုင်စင်တာတစ်ခု တည်ဆောက်သွားနိုင်ဖို့က ကျွန်မရဲ့ပထမ ဦးစားပေးပါ” ဟု ဒေါ်ထုမေက ပြောသည်။
ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် မဲအရေအတွက် ထက်ဝက်ကျော်အသာဖြင့် ဦးဆောင်နေသူ ဒေါ်ထုမေမှာ ရခိုင်ပြည်နယ် ရမ်းဗြဲဇာတိဖြစ်ပြီး လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ထုမေသည် ပါတီထိပ်ပိုင်းခေါင်းဆောင်များကြား သဘောထားကွဲလွဲခဲ့ရာမှ ၎င်း၏ မိခင်ပါတီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) သို့ ပြန်လည်ကူးပြောင်းရန် ကြိုးပမ်းခဲ့သော်လည်း ANP ပါတီက နုတ်ထွက်ခွင့် မပြုခဲ့ပေ။
ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးမဲဆန္ဒနယ်တွင် ရန်ကုန်တိုင်း ၄၅ မြို့နယ်အနက် ကရင်တိုင်းရင်းသားအများစုနေထိုင်ရာ မြို့နယ် ၁၁ ခုတွင် မဲရေတွက်ပြီးချိန်၌ NLD ပါတီကိုယ်စားပြု နော်လှလှစိုးက မဲအရေအတွက် ၅၇,၀၉၅ ဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းက ၁၃,၉၄၃ မဲ ရရှိထားသည်။
နော်လှလှစိုးသည် NLD ပါတီကိုယ်စားပြုပြီး လွှတ်တော်နိုင်ငံရေးထဲ မဝင်ရောက်မီက ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို တည်ထောင်ပြီး အမျိုးသမီးအရေးနှင့်ကလေးသူငယ်အရေးတို့ ဦးစားပေးဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများပါတီ (UNDP) ပါတီမှ နော်အုန်းလှနှင့် နော်လှလှစိုးတို့မှာ ရန်ကုန်ရောက် ကရင်တိုင်းရင်းသားများကြား လူသိများကြသူများဖြစ်၍ ထိုမဲဆန္ဒနယ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု အများက ယူဆခဲ့ကြသည်။
သို့သော်လည်း လက်တွေ့တွင်မူ NLD ပါတီကိုယ်စားပြု နော်လှလှစိုးက မဲအများဆုံးဖြင့် ဦးဆောင်နေပြီး ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ စောဂျက်ကော့ထူးက ဒုတိယမဲအများဆုံး၊ ကရင်ပြည်သူ့ပါတီ (KPP) မှ ဝင်ရောက်ယှဉ်ပြိုင်သူ မန်းသန်းဝင်းဦးက တတိယဆန္ဒမဲအများဆုံး ဖြစ်နေသည်။
လတ်တလော ရေတွက်ထားသည့် ဆန္ဒမဲအရေအတွက်များအရ မဲရလဒ်၏ ၇၀ ရာခိုင်နှုန်းကျော် အသာဖြင့် အနိုင်ရရှိထားသည်ဟု NLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သူ နော်လှလှစိုးက ပြောသည်။
ကရင်စာပေနှင့်ယဉ်ကျေးမှုမြှင့်တင်ဖော်ထုတ်ရေးနှင့် ကရင်တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေးအတွက် အလေးပေးလုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။
ရန်ကုန်တွင် မဲပေးခွင့်ရှိသည့် ကရင်တိုင်းရင်းသား ၁၈၁,၀၀၀ ကျော်နှင့် ရခိုင်တိုင်းရင်းသား ၇၃,၀၀၀ ကျော်ရှိနေပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီမှ ၇ ခု မှ ကိုယ်စားလှယ်လောင်း ၇ ဦး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှ ကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm