သတင်း

ပလက်ဝတွင် ဒေသခံများပါဝင်သည့် အုပ်ချုပ်ရေးဖော်ဆောင်မည်ဟု AA ဆို

ပလက်ဝကို တိုက်ခိုက်သိမ်းယူခဲ့သည့် AA က ဒေသခံများပါဝင်သော အုပ်ချုပ်ရေးဖွဲ့စည်းထူထောင်ကာ ၎င်းတို့ အုပ်ချုပ်မှုအောက်တွင် ထားရှိသွားမည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လုံခြုံရေးနှင့် အုပ်ချုပ်ရေးအစီအစဉ်များ ရေးဆွဲပြီး အားလုံးပါဝင်နိုင်ရေး လုပ်ဆောင်သွားမည်ဟု‌ AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောလိုက်သည်။ 

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဆက်သွယ်ရေးအရ အရေးပါသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်းကုန်းများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် AA က စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ဒုတိယပတ်တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ပလက်ဝဒေသ တည်ငြိမ်ရေးအတွက် AA ၏ အုပ်ချုပ်မှုအောက်တွင် ဆက်လက်ရှိနေသည်ဟု ဦးခိုင်သုခက ယမန်နေ့ (မတ် ၄) က အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ပလက်ဝဒေသရဲ့လုံခြုံရေး တည်ငြိမ်ရေး အာမခံချက်ရှိဖို့အတွက် ဒီပလက်ဝဒေသဆိုတာ ULA ရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်ပြီးရှိနေပါတယ်။ ပလက်ဝဒေသဆိုတာ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့အတွက် လူမျိုးပေါင်းစုံရဲ့ လုံခြုံဖို့အတွက်နဲ့  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်ကောင်းတွေ ဆွဲပြီး အားလုံးအတူပါဝင်တဲ့ အုပ်ချုပ်ရေးအစီအစဉ်တွေ လုပ်ဆောင်ရဖို့ ဖြစ်ပါတယ်”

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ အခိုင်အမာ အထိုင်ချတပ်စွဲထားသည့် မီးဝ၊ နှုန်းဘူး၊ ထရွန်အိုင် စသည့် စခန်းဗျူဟာကုန်းများအပါအဝင် စစ်တပ် တပ်စွဲထားရာ နေရာများကို နှစ်လကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ချုပ်ငြိမ်းသွားပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်နေ့တွင် AA က ထုတ်ပြန်ထားသည်။

ပလက်ဝဒေသခံများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေရေး၊ လူမှုသဟဇာတဖြစ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဒေသခံများနှင့် ပူးပေါင်းပြီး စီမံဆောင်ရွက်သွားမည်ဟု ဦးခိုင်သုခက ဆိုသည်။

ထိုသို့ AA က ဦးဆောင်အုပ်ချုပ်မည့်အခြေအနေတွင် တန်းတူအခွင့်အရေး ရရန် မျှော်လင့်ကြောင်း ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

“တစ်ဖက်က နိုင်သွားတဲ့ အချိန်မှာ တန်းတူအခွင့်အရေးမရဘူးဆိုရင် အရင်ကနဲ့ ဘာမှ ထူးခြားမှာ မဟုတ်ဘူးလို့ ကျွန်တော်က အဲ့လိုပဲ ယုံကြည်တယ်။ ရခိုင်လူမျိုးအခွင့်အရေးနဲ့ ဒေသခံချင်းလူမျိုးတွေရဲ့အခွင့်အရေးက တန်းတူဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

“သို့သော်လည်းပဲ သူတို့က ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်မလဲဆိုတာကို ကျွန်တော်တို့က စိတ်ဝင်တစားနဲ့ စောင့်ကြည့်တဲ့အဆင့်ပဲ ရှိသေးတယ်။ လောလောဆယ်အနေအထားမှာ ပြောဆိုဖို့အတွက် စောသေးတယ်လို့ မြင်တယ်” ဟု ဆိုသည်။

တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်ရှိ ထောင်နှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာ တောတောင်များ၊ အိန္ဒိယနယ်စပ်နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့ကို AA က ထိန်းချုပ်ပြီးနောက် ဒေသခံတချို့ မြို့ထဲ ပြန်ဝင်ကြသော်လည်း အများစုမှာ လေကြောင်းရန်ကြောင့် လက်ရှိအချိန်ထိ မြို့ထဲ ပြန်ဝင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“(AA) က အလုံးစုံထိန်းချုပ်ထားလို့ရပြီ ပြန်လာလို့ရပြီဆိုပေမဲ့ အပေါ်က လေကြောင်းရန်ကို ကြောက်နေဆဲပေါ့လေ။ အဲ့ဒါကြောင့် လေးပုံမှာ သုံးပုံကျော်ကျော်က မပြန်သေးဘူး။ မပြန်ချင်တာမဟုတ်ဘဲနဲ့ မပြန်ရဲသေးတာ။ ပြန်တဲ့သူတော့ရှိပေမဲ့ အနည်းစုပဲ ရှိသေးတယ်” ဟု မြို့ကြီးတစ်မြို့တွင် လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်သည့် အထက်ပါ ပလက်ဝဒေသခံက ဆက်ပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်သည့် အချက်အလက်များအရ ပလက်ဝမြို့နယ်တွင် လူဦးရေ တစ်သိန်းကျော်ရှိသည့်အနက် ချင်းလူမျိုး ရှစ်သောင်းကျော်ရှိပြီး ရခိုင်လူမျိုး နှစ်သောင်းဝန်းကျင် နေထိုင်သည်။

ပလက်ဝမြို့နေရာပြမြေပုံ။

ချင်းပြည်နယ်တွင် အခိုင်အမာအခြေပြုတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ထုတ်ရန် လိုအပ်ပြီး AA အနေဖြင့်လည်း ချင်းပြည်တစ်ခုလုံးလွတ်မြောက်ရေးအတွက် မဟာမိတ်များကို ပံ့ပိုးကူညီမှုများ ရှိသည်ဟု ဦးခိုင်သုခက ဆိုသည်။

“ချင်းအဖွဲ့အစည်းတွေနဲ့ ပလက်ဝဒေသကို စိုးရိမ်ပူပန်နေရတဲ့လူတွေကို ပြောချင်တာက ဒီပလက်ဝဒေသတစ်ခုတည်းပဲကို စိုးရိမ်ပူပန်နေတာထက် ချင်းပြည် လွတ်မြောက်ရေးကို ပိုပြီးအာရုံစိုက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ အကြံပြုဖြေကြားလိုပါတယ်”

ချင်းပြည်နယ်တွင် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) နှင့် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် မြို့နယ်အလိုက်၊ မျိုးနွယ်စုအလိုက် အခြေပြုသည့် ချင်းတော်လှန်ရေးလက်နက်ကိုင်အင်အားစုများက စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည်။

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ချင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားသည့် ဝေဘူလမြို့၊ နှာဟရိန်မြို့၊ ဆူခွားမြို့နှင့် မကွီအိမ်နူးမြို့တို့ကို တော်လှန်ရေးအင်အားစုတို့က ထိန်းချုပ်ထားသော်လည်း ပြည်နယ်မြို့တော် ဟားခါး အပါအဝင် ဖလမ်း၊ မတူပီ စသည့် မြို့များတွင် စစ်တပ်အခိုင်အမာစခန်းများရှိနေဆဲဖြစ်ပြီး မြို့ပေါ်ကို ထိန်းချုပ်ထားဆဲဖြစ်သည်။

ချင်းပြည်နယ်တော်လှန်ရေးအင်အားစုများအနက် မရာလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် Maraland Defense Force ၊ CDF (မင်းတပ်) တို့နှင့် AA တို့ကြား ခိုင်မာသည့် ဆက်ဆံရေးတစ်ရပ်ရှိပြီး MDF သည် ပလက်ဝမြို့နယ် တိုက်ပွဲများတွင် AA နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသည့် MDF အဖွဲ့နှင့် မရာလူမျိုး လက်နက်ကိုင်တော်လှန်ရေးအင်အားစုဖြစ်သည့် CDF (Mara) တို့မှာ မရာဒေသဖြစ်သည့် ပလက်ဝနှင့် မတူပီ နယ်စပ်တွင် ယခုနှစ်ဆန်းပိုင်းက စပြီး တစ်ကျော့ပြန် တိုက်ပွဲများပြင်းထန်နေသည်။

ချင်းအမျိုးသားတပ်ဦး (CNA) မှ ကမကထပြု ဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီအဖွဲ့ဝင်ဖြစ်သည့် CDF (Mara) နှင့်အတူ ချင်းအမျိုးသားတပ်မတော် (CNA) က မရာနယ်တိုက်ပွဲများတွင် ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

MDF သည် ချင်းပြည်ကောင်စီတွင် မပါဝင်သော မင်းတပ်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံတို့မှ ချင်းတော်လှန်ရေးအင်အားစုများဖြင့် စုဖွဲ့ထားသည့် “ချင်းညီနောင်” တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည်။ ချင်းညီနောင်အဖွဲ့မှာ “ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ” နှင့် လက်တွဲလုပ်ဆောင်လျက်ရှိသည်။

မရာနယ်တိုက်ပွဲများတွင် MDF နှင့်အတူ AA က ပူးပေါင်းပါဝင်တိုက်ခိုက်မှုများရှိကြောင်း CDF (Mara) က ပြောထားသည်။ 

“MDF က AA မှာ သင်တန်းသွားတက်တယ်။ မဟာမိတ်အနေနဲ့လည်း သူတို့လုပ်ထားတာ ရှိတယ်။ အဲ့ဒါကြောင့် ပါလာတာဖြစ်နိုင်တယ်။ အရင်က MDF က အင်အားဘယ်လောက်မှမရှိဘူး။ အင်အား ၄၀၊ ၅၀ ပဲ ရှိတယ်။ အခုက တအားများသွားတယ်။ ပလက်ဝမြို့နယ်ဘက်ခြမ်းမှာ နေရာယူတာက အယောက် ၂၀၀၊ ၃၀၀ ရှိတယ်။ အဲ့ဒါကြောင့် AA က ပါတယ်ဆိုတာ သေချာပြောနိုင်တယ်” ဟု CDF Mara ပြောခွင့်ရသူ ကိုဂျိမ်းက ပြောသည်။

“ကျွန်တော်တို့ဘက်က ရှေ့တန်းသွားတဲ့သူတွေက သူတို့ (AA) ယူနီဖောင်းလည်း တွေ့တယ်။ တံဆိပ်နဲ့ တွေ့တယ်။ မျက်မြင်ကိုယ်တွေ့နဲ့လည်း တွေ့တာရှိတယ်။ အဲ့ဒါနဲ့ကြောင့် AA ပါတယ်လို့ ဆိုနိုင်တယ်” ဟု ၎င်းက ဆိုသည်။

AA ဘက်ကမူ ထိုစွပ်စွဲချက်များမှာ ကောလာဟလသာဖြစ်ပြီး နိုင်ငံရေးအရ အပုပ်ချတိုက်ခိုက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယမန်နေ့ (မတ် ၄) ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“သက်ဆိုင်ရာလူမျိုးအချင်းချင်းဖြစ်တဲ့ကိစ္စ၊ မရာနှစ်ဖွဲ့ဖြစ်တတ်တဲ့ ကိစ္စဆိုတော့ သူတို့အထဲကနေ သူတို့ရဲ့ အချင်းချင်းကြားက ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လုံးဝပါဝင်ကူညီခြင်း၊ ဝင်ရောက်ပြီးပံ့ပိုးတိုက်ခိုက်တာမျိုး လုံးဝ လုံးဝ မရှိဆိုတာကို ကျွန်တော့်အနေနဲ့ အခိုင်အမာ ပြောပြလိုပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။

ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာတွင် CDF Mara ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင်များကို MDF က ဇန်နဝါရီလအတွင်း ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ပြီးနောက် နှစ်ဖွဲ့ကြား စစ်ရေးတင်းမာပြီး တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားကာ နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

နှစ်လတာတိုက်ပွဲများအတွင်း CDF (Mara) တပ်ဖွဲ့ဝင် ၁ ဦးနှင့် CNA တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း CDF (Mara) ထံမှ သိရသည်။

MDF က ဖမ်းဆီးထားသည့် ဗျူဟာမှူးအပါအဝင် CDF Mara တပ်ဖွဲ့ဝင် ၄ ဦးမှာ ယခုချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘဲ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း ကိုဂျိမ်းက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် မရာလူမျိုးများ နယ်မြေပဋိပက္ခတွင် မရာမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ဆင်ရေးများရပ်တန့်ရန်နှင့် မရာလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာရန် တိုက်တွန်းကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button