သတင်း

ထားဝယ်ခရိုင်တွင် ရဟတ်ယာဉ် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံး

နိုင်ငံတောင်ပိုင်း တော်လှန်ရေးတပ်များ အားကောင်းသည့် ဒေသ ၂ ခု ကို လေတပ်က ဗုံးကြဲရာ ခရီးသည်တင်ကား ထိခိုက်ပြီး ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရသွားသည်။

ယနေ့ (မတ် ၄) တွင် စစ်ရဟတ်ယာဉ်က တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး​ သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာကို မွန်းလွဲ ၃ နာရီခန့်တွင် ဗုံးကြဲရာတွင် ထိုသို့ သေဆုံးခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“(ရပ်နားထားတဲ့) ခရီးသည်တင်ကား ထိလို့ အမျိုးသမီး တစ်ယောက်သေပြီး ၅ ယောက် ဒဏ်ရာရသွားပါတယ်။ လက်ရှိ အချိန်အထိ ဗုံး ၁၂ လုံးလောက် ကြဲထားပါတယ်” ဟု ၎င်းက ပြောသည်။

MI2 ရဟတ်ယာဉ်က ထိုရွာကိုသာမက ချောက်ချောင်းရွာ၊ ဝင်းဝရွာတို့ကိုလည်း တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထားဝယ်မြို့နှင့် ၇ မိုင်အကွာရှိ သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာတွင် စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်နေရာ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ခရီးသည်တင်ယာဉ်များ သတိပြုသွားလာကြရန် လိုအပ်သည်ဟု ဖက်ဒရယ်စစ်ကြောင်း ဒုစစ်ကြောင်းမှူး ရဲဘော်မင်းထက်က ပြောသည်။

“အဓိကတော့ အမှတ် ၈ လမ်းမကြီးတို့ဘာတို့မှာ ခရီးသွားလာနေတဲ့ ပြည်သူတွေအနေနဲ့က သတိ ဝိရိယနဲ့ သွားကြဖို့လိုတယ်။ လမ်းပေါ်မှာ တိုက်ပွဲတွေ ကြုံတဲ့အခါမှာ အသံကြားတဲ့ အခါမှာ ကားခဏရပ်ပြီးမှ တိုက်ပွဲစဲသွားမှပဲ သွားတာက ပိုပြီးတော့ အန္တရာယ်ကင်းတာပေါ့” ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့နှင့် ၂၅ မိုင်ခန့်အကွာ ထားဝယ်-ထီးခီးလမ်း၊ ထားဝယ်မြို့အနီး မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမ တစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA-PDF) ပူပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၁ လ နီးပါး ကြာမြင့်နေပြီဖြစ်သည်။

နံနက်ပိုင်း တိုက်ခိုက်မှု

ယနေ့ လေတပ်တိုက်ခိုက်မှုများမှာ ထားဝယ်ခရိုင်အတွင်း တော်လှန်ရေးတပ်များ အားကောင်းသည့် ဒေသ ၂ ခု တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ကလည်း MI2 ရဟတ်ယာဉ်တစ်စီး ထားဝယ်-ထီးခီးလမ်းပေါ်ရှိ မေတ္တာဗျူဟာကုန်းကို ဗုံးကြဲခဲ့သည်ဟု ထိုဒေသအတွင်း အခြေစိုက် လှုပ်ရှားနေသည့် ဥဩစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရောင်နီက ပြောသည်။

“ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ဝန်းကျင်လောက်မှာ MI2 နဲ့ ၁၃ လုံး လာကြဲသွားတယ်။ မေတ္တာဗျူဟာကုန်း ပတ်ဝန်းကျင်ကို လာကြဲသွားတာပါ။ မြို့ပေါ်တော့ မကြဲဘူး။ ဗျူဟာကုန်း ပတ်ဝန်းကျင်အနီးတစ်ဝိုက်ကို ကြဲသွားတယ်” ဟု ၎င်းက ပြောသည်။

ကျောက်မဲတောင် စခန်းနှင့် မေတ္တာမြို့တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) နှင့် မဟာမိတ်တပ်ဖွဲ့များက လက်နက်ခဲယမ်းနှင့် ရိက္ခာ ဖြတ်တောက်ထားသည်မှာ တစ်ပတ်နီးပါး ကြာမြင့်ပြီဖြစ်သည်။

ထားဝယ်-ထီးခီးလမ်းမတွင် စစ်သည်အင်အား ရာချီဖြင့် စစ်တပ်က ကြည်းတပ်၊ လေတပ်များ အသုံးပြုပြီး နေ့စဉ် စစ်ကြောင်းထိုးနေသဖြင့် ကြားဖြတ်တိုက်ခိုက်နေရသည်ဟု ဖက်ဒရယ်စစ်ကြောင်း ဒုစစ်ကြောင်းမှူး ရဲဘော်မင်းထက်က ပြောသည်။

“ကျောက်မဲတောင်တို့ မေတ္တာဗျူဟာကုန်းတို့ကိုတော့ တော်လှန်ရေးတပ်တွေဘက်ကတော့ ရိက္ခာလမ်းကြောင်းတွေရော အကုန်ပိတ်ထားတဲ့ သဘောမျိုးရှိတယ်။ မေတ္တာမြို့ထဲမှာတော့ ပြည်သူလူထုက မရှိတော့ဘူး။ တော်လှန်ရေးတပ်တွေဘက်ကတော့ ဝင်ထွက်သွားလာနေတာမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။

မြန်မာပြည်၏ တောင်ဘက်ဦးစွန်း တနင်္သာရီတိုင်းတွင်လည်း စစ်မီး ကူးစက်လာသည်မှာ ၂ နှစ်နီးပါး ရှိပြီဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ဒေသများတွင် အာဏာသိမ်း စစ်တပ်က လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် မြို့ရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း စသည့် အမှုများကို နေ့စဉ် ကျူးလွန်နေသည်ဟု ဒေသခံများ၊ တော်လှန်ရေးအဖွဲ့များက ပြောသည်။

ယနေ့ နေ့လယ် ၁ နာရီခန့်ကလည်း ထားဝယ်မြို့အနီးရှိ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မောင်မယ်ရှောင်ရွာရှိ ရှင်ဓာတ်ဝဲ ဘုရားဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး ရွာခံ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများက သတင်းရေးသားထားကြသည်။

စစ်ကောင်စီကမူ ၎င်းတို့က အကြမ်းဖက်သမားတို့ကိုသာ ပစ်မှတ်ထားသည်၊ ပြည်သူလူထုကို အကာအကွယ်ပေးနေသည်ဟု တုံ့ပြန်ပြောဆိုတတ်သည်။

ထားဝယ်ခရိုင်အတွင်း လက်နက်ကိုင်တော်လှန်ရေးသာမက လမ်းပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လှုပ်ရှားမှုလည်း ဆက်လက် တည်ရှိနေသည်ကို တွေ့ရသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ယနေ့ နေ့လယ်ပိုင်းက အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ရာ ဆန္ဒပြသူများက လမ်းပေါ်တွင် အလံမျိုးစုံ ကိုင်ဆောင်ထားကြသည်ကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ ထုတ်ပြန်သော မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။

Show More

Related Articles

Back to top button