သတင်း

မုံရွာအရှေ့ခြမ်းရွာများ မီးရှို့ခံရ၊ အဘွားအိုတစ်ဦး မီးလောင်သေဆုံး

ရွာစဉ်လှည့်မီးရှို့နေသည့် စစ်တပ်ကြောင့် ၃ ရက်အတွင်း အိမ် ၂၀၀ ကျော် မီးလောင်သွားပြီး အသက် ၈၀ ကျော်တစ်ဦး သေဆုံးသည်ဟု မုံရွာဒေသခံတို့က ပြောသည်။ တပ်က မီးဆက်ရှို့နေသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အရှေ့ဘက်ခြမ်းရှိကျေးရွာ ၄ ရွာကို စစ်တပ်က လိုက်လံမီးရှို့ရာ နေအိမ် ၂၂၀ ကျော် မီးလောင်ပြာကျသွားပြီး အသက် ၈၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

မုံရွာမြို့ပေါ်မှ ထွက်လာသည့် စစ်သား ၁၀၀ ခန့်ပါဝင်သော စစ်ကြောင်းတစ်ခု ယမန်နေ့က ကံကြီးကုန်းရွာကို မီးတင်ရှို့စဉ် မီးလောင်သေဆုံးခဲ့သူ အဘွားအိုမှာ ကျန်းမာရေးမကောင်းသဖြင့် ရွာတွင် ကျန်ရစ်ခဲ့သူဖြစ်ကြောင်း ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။

“အဘွားက လေဖြန်းထားတာပေါ့ဗျာ၊ ပြေးလည်းမပြေးနိုင်ဘူး၊ မသယ်နိုင်တာပေါ့ဗျာ.. ကျွန်တော်တို့ ရောက်တော့ တော်တော်ပျက်စီးနေပြီ၊ ဘာမှကို မကျန်တော့ဘူး၊ အရိုးပဲ ကျန်တော့တာ” ဟု သူက ဆိုသည်။

သေဆုံးသူ ဒေါ်တင်ရွှေ၏  မီးသင့်ရုပ်ကြွင်းကို ကာကွယ်ရေးအဖွဲ့ဝင်များက ကောက်ယူကာ ယမန်နေ့က သင်္ဂြိုဟ်ပေးခဲ့ ကြောင်းသိရသည်။

နေအိမ်များအပြင် ဆိတ်ခြံနှစ်ခြံလည်း မီးတင်ရှို့ခံရသဖြင့် ဆိတ်အကောင်ရေ ၈၀ ခန့်လည်း မီးလောင်သေဆုံးသွားသည်ဟု ကံကြီးကုန်းရွာ ပကဖတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့က စစ်တပ်မီးရှို့ခဲ့သည့် မုံရွာမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှ နေအိမ်များ (ဓာတ်ပုံ – ပေးပို့)

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် မုံရွာအရှေ့ဘက် ၃ မိုင်အကွာရှိ ဘူးတောင်းကန်ရွာမှ နေအိမ် ၁၇ လုံး၊ ၂၉ ရက်နေ့တွင် တဲကြီးကုန်းရွာမှ နေအိမ် ၂၉ လုံးနှင့် ကံကြီးကုန်းရွာမှ နေအိမ် ၂၈ လုံး၊ ယနေ့ (မတ်လ ၁ရက်) နံနက်ပိုင်းတွင် ခိုသန်းကျေးရွာရှိ နေအိမ် ၁၅၀ ခန့် မီးလောင်ပြာကျခဲ့သည်ဟုလည်း ဒေသခံများ ကောက်ခံထားသည့် စာရင်းများအရ သိရသည်။

စစ်ကာင်စီလက်နက်ကိုင်များသည် ယမန်နေ့ နေ့လယ်ပိုင်းက ကံကြီးကုန်းရွာမှ ထွက်သွားပြီး အနောက်ဘက် ၄ မိုင်အကွာရှိ ကျောက်စစ်ပုံရွာအမြာက်တပ်ထဲသို့ ပြန်လည်ဝင်ရာက်ကာ တစ်ညအိပ်ပြီးနောက် ယနေ့ မနက်ပိုင်းတွင် အနီးရှိ ကျေးရွာများကို ထပ်မံမီးရှို့နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့က မုံရွာမြို့နယ်၊ ကံကြီးကုန်းကျေးရွာကို စစ်တပ်မီးရှို့ခဲ့ပြီးနောက် သေဆုံးသွားသည့် မွေးမြူရေးဆိတ်များ (ဓာတ်ပုံ – ပေးပို့)

ယနေ့မနက်ပိုင်းတွင် စစ်သားများမီးရှို့ခဲ့သည့် ခိုတန်းကျေးရွာကို ကာကွယ်ရေးအဖွဲ့ဝင်များ မီးငြှိမ်းသတ်ပေးခဲ့ရပြီး မီးလောင်ပြာကျသည့်နေအိမ်မှာ အနည်းဆုံး ၁၅၀ ခန့်ရှိကြောင်း သိရသည်။

“(သံသယရှိတဲ့အိမ်ကို) ရွေးရှို့တာမဟုတ်ဘူး၊ ပိုက်စိပ်တိုက်အကုန်ရှို့တာ။ တစ်ရွာလုံးအပြောင်ရှို့တာပဲ။ မလောင်တဲ့အိမ်တွေကေတာ့ ကျွန်တော်တို့ အရောက်မြန်လို့ပဲ” ဟု မီးငြှိမ်းသတ်ပေးခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မုံရွာဝန်းကျင် မီးလောင်မှုများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယခင်မီးရှို့မှုများအနက် တချို့ကို စစ်တပ်က ၎င်းတို့ မကျူးလွန်ကြောင်း သတင်းထုတ်ဖူးသည်။

ပြီးခဲ့လည့် ဖေဖော်ဝါရီ ၂ ၅ ရက်နေ့ကလည်း မုံရွာမြို့နယ်တောင်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီး ကာကွယ်ရေးတပ်စခန်းတစ်ခုလည်း စီးနင်းခံရသဖြင့် လက်နက်ခဲယမ်းများဆုံးရှံးခဲ့သည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် အာဆီယံက ၂၀၂၃ စက်တင်ဘာ ၅ တွင် ကြေညာချက်ထုတ်ရာ စစ်ကောင်စီက ပြည်တွင်းရေး ဝင်မရှုပ်ရန် အကြောင်းပြန်ခဲ့သည်။

Show More

Related Articles

Back to top button