သတင်း

စစ်တွေတွင် ဈေးထဲ လက်နက်ကြီးကျည်ကျ၍ သေဆုံးသူ ၁၂ ဦး ရှိလာ

လူစည်ကားသည့်နေရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ၂ နှစ် ကလေး အပါအဝင် အမျိုးသမီးအများအပြား ထိခိုက်သေဆုံးကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မစျေးနှင့်ကပ်လျက် ကိုးရီးယားဆိပ်ကမ်းရှိ စျေးတစ်ခုတွင် ယနေ့ (ဖေဖော်ဝါရီ ၂၉) နံနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးများအပါအဝင် ဒေသခံ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရသွားကြောင်း သိရသည်။

မြို့အရှေ့ဘက် မိဇံရပ်ကွက်ရှိ ကိုရီးယားဆိပ်ကမ်းအနီး ဖွင့်လှစ်ထားသော ဟင်းသီးဟင်းရွက်ဈေးအတွင်း လူစည်ကားနေချိန် နံနက် ၈ နာရီဝန်းကျင်က ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

စစ်တွေမြို့ ကမ်းနားလမ်း၊ အနောက်စံပြရပ်ကွက်အနီးရှိ ရေတပ်စခန်းအတွင်းမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု စစ်တွေဒေသခံ ၅ ဦးထက်မနည်းက ပြောကြသည်။

လက်နက်ကြီးကျည် ကျရောက်ချိန်တွင် စျေးရောင်း၊ စျေးဝယ်သူများနှင့် စည်ကားနေသည့်အချိန် ဖြစ်သဖြင့် အထိအခိုက်များခြင်းဟု စစ်တွေဒေသခံတစ်ဦးက ဆိုသည်။

“သေဆုံးတဲ့သူတွေမှာ အသက် နှစ်နှစ်အရွယ်ကပင် ပါတယ်။ မိန်းမတွေလည်း ပါတယ်။ စျေးမှာက စျေးရောင်း၊ စျေးဝယ်မိန်းမက ပိုများတယ်လေ။ တိုက်လည်း တစ်လုံးပျက်သွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါဈေး ဖွင့်လှစ်ထားသည်မှာ ၃ နှစ်ခန့် ရှိနေပြီဖြစ်သည်ဟု သိရသည်။

နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားခဲ့ရသည်ဟု စစ်တွေမြို့ခံနောက်တစ်ဦးက ယနေ့ မွန်းလွဲက ပြောသည်။

“အသံကြားလိုက်ရတာပေါ့၊ တဝှီးဝှီးနဲ့မြည်တာ၊ ဘေးနားက ဖြတ်သွားသလိုမျိုး။ ပစ်တာက ပွိုင့်နားက ရေတပ်ဝင်းထဲက ပစ်တာ။ (ဈေးကို) သွားကြည့်နေတုန်းတောင် ထပ်ပစ်သေးတယ် အဲဒီက” ဟု ထိုအမျိုးသားက ဆိုသည်။

လက်နက်ကြီးပေါက်ကွဲရာပြမြေပုံ။

လက်ရှိတွင် မြို့တွင်း တိတ်ဆိတ်ခြောက်ကပ်နေပြီး ဆိုင်များ အကုန်ပိတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

အရပ်သားများ အစုအပြုံလိုက် သေဆုံး၊ ဒဏ်ရာရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ယခင် သေဆုံးမှုများဖြစ်ပေါ်လျှင် စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့လက်ချက်ဟု သတင်းထုတ်ပြန်တတ်သည်။

အဆိုပါ ရေတပ်စခန်းက ယနေ့နံနက်တွင် သုံးကြိမ်ပစ်ခတ်ရာတွင် ပထမပစ်သည့် လက်နက်ကြီးကျည်က စျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်၊ လွန်ခဲ့သည့်တစ်ပတ်ခန့်က စတင်ကာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ညစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု စစ်တွေဒေသခံ အခြားတစ်ဦးက ဆိုသည်။

“ပုဏ္ဏားကျွန်းဘက်ကို ပစ်တာလို့ သိရတယ်။ အဲ့လမ်းကြောင်းကျတယ်လို့ ပြောကြတယ်။ အရင်နေ့တွေက ညနေပိုင်းမှာ တစ်ရက်မှာ သုံးလုံးစီ ပစ်တယ်။ ဒီနေ့မှ မနက်ပိုင်း ပစ်တာ” ဟု ၎င်းက ဆက်ပြောသည်။

ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီး ထိုမြို့ရှိ စစ်ကောင်စီ၏ တစ်ခုတည်းသောတပ်စခန်းဖြစ်သည့် “ခမရ (၅၅၀) တပ်ရင်းဌာနချုပ်” ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

လက်ရှိတွင် သေဆုံး၊ ဒဏ်ရာရရှိသူများကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားကြသည်၊ လမ်းသွားလမ်းလာများ မရှိသလောက် နည်းပါးနေသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“စျေးကိုလည်း ပိတ်လိုက်ပြီ။ ဘာမှ ဝယ်လို့မရတော့ဘူး။ စိုးရိမ်စိတ်ကို ဘယ်လိုပြောပြရမလဲ။ ဘယ်ကို သွားရမလဲ။ ပြေးမယ့်လမ်းလည်း ဘာမှမရှိဘူး” ဟု ၎င်းက ဆိုသည်။

“စျေးမှာ ဆိုင်ခန်းတွေလည်း မဖွင့်တော့ဘူး။ သူတို့ (စစ်ကောင်စီ) က အဲ့လိုဆက်ပစ်နေရင် ထပ်ကျလာမလားဆိုပြီး စိုးရိမ်ပြီး ဖွင့်ကြမှာမဟုတ်ဘူး။ စျေးက အဲ့ (လက်နက်ကြီးသွားတဲ့) လမ်းကြောင်းမှာ ကျနေတယ်”

အဆိုပါ ကိုရီးယားဆိပ်ကမ်းအနီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူအထိအခိုက်မရှိခဲ့ပေ။ အလားတူ ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီခန့်က စစ်တွေလေယာဉ်ကွင်းတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားထားသည်။

ရခိုင်ဒေသအခြေစိုက် အာရက္ခမင်းသမီးသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဒေသခံ ၁၂ ဦး သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရသည်၊ ဒဏ်ရာရသူများကို စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသထားသည်၊ စစ်ကောင်စီရေတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။​

စစ်တွေဆေးရုံရှိ ဒဏ်ရာရလူနာများကို စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် သွားကြည့်ခဲ့သည်၊ ဒဏ်ရာပြင်းထန်သူများကို ရန်ကုန်သို့ ပို့ဆောင်ရန် စီစဉ်နေသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် စစ်တွေမြို့ဝန်းကျင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်နေသလို ရေလမ်းဖြင့် တစ်နာရီခရီးသာရှိသော ပေါက်တောမြို့ကိုလည်း သိမ်းယူထားသည်။

ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားမြို့တို့ကို သိမ်းပိုက်ထားသည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတော၊ မြို့တော်စစ်တွေတို့ကို စစ်ကောင်စီ လက်လွှတ်ရလျှင် မြောက်ပိုင်းတစ်ခွင် AA လက်ထဲ ကျရောက်သွားမည်ဖြစ်သည်။

လက်ရှိတွင်လည်း မြို့တော် စစ်တွေသည် AA ၏ ဝိုင်းပိတ်ဆို့မှု ခံနေရပြီး ပေါက်ကွဲမှုများ၊ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်။ 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစတင်ကာ စစ်တွေမြို့အပါအဝင် တခြားမြို့များကို တစ်မြို့နှင့်တစ်မြို့ ကုန်းလမ်း၊ ရေလမ်း သွားလာခွင့် ပိတ်ပင်ထားသောကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေကြရသော စစ်တွေဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးရန် ခက်ခဲနေကြသည်။

Show More

Related Articles

Back to top button