သတင်း

မင်းပြားမြို့ရှိ စစ်သင်တန်းကျောင်းကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်ထိုးစစ်တွင် စခန်းများ ဆက်တိုက် ရရှိနေသော AA တပ်က မင်းပြားမှ စစ်ကျောင်းကို သိမ်းလိုက်သည်၊ လေတပ် တုံ့ပြန်ဗုံးကြဲမှုတွင် သုံ့ပန်းများရှိသည့် ဆေးရုံ ထိခိုက်သွားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် တစ်ခုတည်းသော စစ်ကောင်စီ လက်ကျန်တပ်ဖြစ်သည့် အမှတ် (၉) တိုင်း ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဖေဖော်ဝါရီ ၂၆) ညနေက သိမ်းပိုက်လိုက်ပြီဟု ဒေသခံများနှင့် AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သင်တန်းကျောင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏အလောင်းများနှင့်၊ စစ်လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟုလည်း AA က ယနေ့ညထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကမ်းနီရွာအနီး တောင်ကြောပေါ်ရှိ ထိုသင်တန်းကျောင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့ကတည်းက ထိုးစစ်ဆင်ခံရသည်၊ အနီးရှိရွာများကို လေတပ်က လာရောက် ဗုံးကြဲခဲ့သည်ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

“တချို့စစ်သားတွေ လက်နက်လည်းမချဘဲ ဖုံသာချောင်းအထက်ဘက်ကို ထွက်ပြေးသွားတယ်။ အဲဒါကို AA က လိုက်လို့ ချေမှုန်းနေတယ်။ မနေ့က အကျအဆုံးများမယ်ထင်တယ်၊ အဲဒါကို မကျေနပ်လို့ မဆီမဆိုင် ရွာတွေကိုလည်း ဗုံးကြဲခဲ့တယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ထိုစစ်သင်တန်းကျောင်းကို ဒေသခံများက တိုင်းဗဟို (၉) ဟု ခေါ်ဆိုကြသလို ကမ်းနီလေ့ကျင့်ရေးစစ်သင်တန်းကျောင်းဟုလည်း ခေါ်ဆိုကြသည်။

မင်းပြားမြို့မှ ၁၀ မိုင်ခန့်အကွာရှိ ထိုသင်တန်းကျောင်းမှာ မင်းပြားနှင့် မြေပုံမြို့နယ်အကြား စစ်တွေ – ရန်ကုန် ကားလမ်းဘေးတွင် တည်ရှိသည်၊ အနီးဝန်းကျင်မှ ရွာများမှာ ကမ်းနီ၊ အိုးပုံတောင်၊ မေလွန်း၊ ချဲရွာ စသည့် ကျေးရွာများဖြစ်သည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းခါနီး AA နှင့် အပစ်ရပ်လိုက်သော်လည်း စစ်ရေးတင်းမာနေသည့် ၂၀၂၂ ဒီဇင်ဘာလဆန်းတွင် အဆိုပါ သင်တန်းကျောင်းက လက်နက်ကြီးများ ပစ်ခတ်လေ့ကျင့်သဖြင့် မြို့ခံများ ထိတ်လန့်ခဲ့ရသည်။

ထိုစစ်သင်တန်းကျောင်းအသိမ်းခံရပြီးနောက် လူများ အိပ်မောကျနေသည့်အချိန် ယနေ့(ဖေဖော်ဝါရီ ၂၇ )၊ နံနက် ၁ နာရီခန့်တွင် စစ်ကောင်စီလေတပ်က ရွာများကို ဗုံးကြဲခဲ့သည်။

ထိုကျောင်းနှင့် ၈ မိုင်ခန့် ဝေးကွာသည့် ကျေးရွာများကို ဗုံးကြဲခဲ့သဖြင့် သေကန်ရွာမှ အရပ်သား ၁၂ ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မင်းဖူးရွာတွင် ဆေးရုံနှင့် နေအိမ်တချို့ ပျက်စီးသွားသည်ဟု အထက်ပါ ဒေသခံက ပြောသည်။

“သေကန်ရွာကို ကြဲလို့ စာသင်ကျောင်းကို နှစ်လုံးကျတယ်။ ရွာထဲကို တစ်လုံးကျတယ်။ လူ ၁၂ ယောက်လောက် ဒဏ်ရာရတယ်။ နောက်ထပ်တော့ မင်းဖူးဆေးရုံကို ဗုံးကြဲတယ်” ဟု သူက ပြောသည်။

မင်းဖူးရွာတွင် ဒေသခံများ ထိခိုက်မှု ရှိမရှိ မသိရသေးဟု သူက ဆိုသည်။

လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် မင်းပြားမြို့နယ်၊ မင်းဖူးဆေးရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ-AA)

သေကန်ရွာတွင် ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲပြီးနောက် မင်းဖူးရွာဆေးရုံကို လေယာဉ်က ဗုံးထပ်ကြဲခဲ့ကြောင်း သေကန်ရွာအနီး ကျေးရွာတစ်ရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“(သေကန်ရွာ) စာသင်ကျောင်းလည်း လုံးဝပျက်စီးသွားတယ်။ အိမ်နှစ်အိမ် သုံးအိမ်လောက် ပျက်သွားတယ်။ မင်းဖူးဆေးရုံ ကတော့ ဘာမှမကျန်လိုက်ဘူး။ ဆေးရုံက လူနာတွေကိုတော့ တခြားရွာကို ပြောင်းထားတယ်” ဟု သူက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာနေသော သေကန်ရွာဒေသခံများကို ဆေးကုသမှုပေးနေသော နေရာတွင် ကလေးငယ်များ၊ အမျိုးသမီးများ ဦးခေါင်း၊ ဝမ်းဗိုက်၊ ခြေ၊ လက်၊ တင်ပါး စသည့် နေရာများတွင် ဒဏ်ရာရရှိထားသည်ကို တွေ့ခဲ့ရသည်ဟုလည်း ဆိုသည်။

“ (ဗုံးကြဲချိန်မှာ) ကျွန်တော်တို့လည်း အိပ်နေရာကနေ လယ်ကွင်းကို ပြေးပြီး ဝပ်နေလိုက်ရတယ်။ နောက်ထပ် ပစ်လာမလားဆိုပြီး မအိပ်ရဲလိုက်။ အိပ်ရေးပျက်သွားတယ်။ လေယာဉ်က အနိမ့်က ပျံသွားတာ။ အိမ်တွေတောင် တုန်ခါသွားတယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။

“ဒီနေ့လည်း စိုးရိမ်နေရတယ်။ ထမင်းစောစော စားပြီး အိပ်မယ့်နေရာတစ်ခု ရှာရဦးမယ်”

အလားတူ ယနေ့ နံနက် ၁ နာရီခွဲခန့်က လေယာဉ်တစ်စီးဖြင့် ဗုံးကြဲသဖြင့် မင်းပြားမြို့နယ်၊ မင်းဖူးဆေးရုံကို ထိမှန်ကာ ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့ အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ခဲ့သည်ဟု AA က ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ထိုဆေးရုံသည် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက်ဆေးရုံတစ်ခုလည်းဖြစ်သည်ဟု AA ဘက်က ဆိုသည်။

မြို့နှင့် ၂ မိုင်ကျော်အကွာတွင် တစ်ဆက်တစ်စပ်တည်း တည်ရှိသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၇၉ ၊ ၃၈၀ နှင့် ၅၄၁ တို့ကို ဇန်နဝါရီနှင့် ဖေဖော်ဝါရီလဆန်းအတွင်း AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထိုစဉ်က အဆိုပါ ခမရတပ်ရင်းများမှ ရာနှင့်ချီသည့် စစ်သားများ၊ ၎င်းတို့မိသားစုဝင်များ ခန့်မှန်း ၅၀၀ ဝန်းကျင် AA ထံ လက်နက်ချခဲ့ကြသည်။

ကြည်း၊ ရေ၊ လေတပ်များဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်များ ဆုတ်ခွာခဲ့ရပြီး မင်းပြားသည် AA လက်အောက်ကျရောက်ခဲ့သည်။

ထိုစဉ်ကတည်းက မင်းပြားမြို့မှ ၁၀ မိုင်ခန့်အကွာ ကမ်းနီ အမှတ်(၉) တိုင်းဗဟိုတန်းမြင့်လေ့ကျင့်ရေးကျောင်း ကျန်ရှိနေခြင်း ဖြစ်သည်။

စစ်ကောင်စီက ထိုးစစ်ဆင်ခံနေရသည့်ဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။

ရခိုင်ရှိ အခြားစစ်မျက်နှာအခြေအနေ

ရမ်းဗြဲမြို့သို့ စစ်ကူရောက်လာသော စစ်ကြောင်းနှင့် AA တို့  ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လေတပ်ဖြင့် စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့် သေဆုံးခဲ့ပြီးဖြစ်ကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့ ပူးပေါင်းထားသည့် အင်အား ၁၂၀ ခန့်ရှိသော စစ်ကူစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၄ တွင် ရဟတ်ယာဉ် ၄ စီးဖြင့် ၇ ကြိမ် လာချပေးထားခြင်းဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့က ၂၀ ခန့် သေဆုံးပြီး ဖေဖော်ဝါရီ ၂၄၊၂၅ တို့တွင် ၆၀ ခန့် သေဆုံးထားသည်ဟု AA ဘက်က ဆိုသည်။

ဖေဖော်ဝါရီ ၂၆ နေ့လယ်က ရမ်းဗြဲမြို့ပေါ်ကို Y-12 ထောက်ပို့လေယာဉ်ဖြင့် လာရောက်ချပေးသော ရိက္ခာ၊ လက်နက်ခဲယမ်းများကို AA က သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့မှ “ခမရ (၅၅၀) တပ်ရင်းဌာနချုပ်” ကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်း စခန်းထိုင်သော မောင်တောမြို့ မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ခမရ ( ၅၅၂) တပ်ရင်း” ကိုလည်း ၃ ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

AA သည် စစ်ကောင်စီ၏ တပ်စခန်းအမြောက်အမြား သိမ်းပိုက်ထားပြီး ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်မြောက်ပိုင်းရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံတို့ကို အလုံးစုံထိန်းချုပ်ထားပြီ ဖြစ်သည်။

အလားတူ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့တို့ကို သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေကာ ပြည်နယ်မြို့တော် စစ်တွေရှိ စစ်တပ်စခန်းများလည်း AA ၏ စစ်ရေးဖိအားနှင့် ရင်ဆိုင်နေရသည်။

Show More

Related Articles

Back to top button