
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် မန္တလေးမြို့တွင် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုများ ဆက်တိုက်ဖြစ်နေကာ ယမန်နေ့ (ဖေဖော်ဝါရီ ၂၅) ကလည်း လူငယ် ၁၇ ဦး ထပ်အဖမ်းခံရသည်ဟု မြို့ခံများက ပြောသည်။
စစ်မှုထမ်းဥပဒေဂယက်ကြောင့် နေရာဒေသအနှံ့တွင် ပေါ်တာဆွဲသည်ဆိုသော သတင်းများပြန့်နှံ့နေစဉ် မဟုတ်မမှန်ဟု စစ်ကောင်စီက မန္တလေးမြို့အနှံ့ လိုက်လံကြေညာထားသော်လည်း ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေကာ ယခုလအတွင်း၌ပင် အဖမ်းခံရသူ ၇၀ နီးပါးရှိသည်ဟု သိရသည်။
ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ်မှ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော အောင်ပင်လယ်ရှိ နေအိမ်များ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်များကို ဧည့်စာရင်းဟု အကြောင်းပြ ဝင်ရောက်စစ်ဆေးပြီးနောက် လူငယ် ၁၇ ဦးကို ဖမ်းသွားသည်ဟု အသက် ၃၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ပါသွားတာက အရပ်သားလူငယ်တွေချည်းပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေ မဟုတ်ဘူး။ ဘယ်သူတွေလည်း အသေးစိတ် မသိရသေးပေမဲ့ ရပ်ကွက်ခံတွေပါတယ်။ လက်ဖက်ရည်ဆိုင်၊ ကေတီဗီတို့မှာ လုပ်တဲ့ နယ်ဝေးက လာတဲ့ အလုပ်သမားတွေပါတယ်။ ဧည့်စာရင်းစစ်ပြီး ဖမ်းသွားတာပါ” ဟု ၎င်းက ပြောသည်။
လာရောက်ဖမ်းဆီးသည့်အဖွဲ့မှာ အင်အား ၃၀ ခန့်ရှိပြီး စစ်သားများနှင့် အောင်ပင်လယ်ရဲစခန်းမှ ရဲတချို့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်များနှင့် အရပ်ဝတ် ပျူစောထီးများပါဝင်ပြီး ညနေပိုင်းအထိ ဖမ်းဆီးခြင်းများရှိသည်ဟု သိရသည်။
အဖမ်းခံရသူများမှာ အသက် ၂၀ ကျော်အရွယ် လူငယ်များဖြစ်ပြီး ငွေပေးညှိနှိုင်းသူတချို့ကို ပြန်လွှတ်ပေးသော်လည်း ကျန်လူငယ်များကိုမူ အောင်ပင်လယ်ရဲစခန်း၌ ချုပ်နှောင်ထားသည်ဟု ဆိုသည်။
ယခုလ ၄ ရက်နေ့ကလည်း မန္တလေးတောင်ခြေရှိ ရွာတစ်ရွာကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ထိုနေ့က တိုက်ပွဲဖြစ်ရာဒေသများမှ ထွက်ပြေးလာပြီး ခေတ္တခိုလှုံနေသူများအနက် အမျိုးသား ၃၀ ခန့်ကို အဖမ်းခံရပြီး ယနေ့အထိ လွတ်မြောက်ခြင်း မရှိသေးပေ။
နယ်မှ ရွှေ့ပြောင်းလာကာ မန္တလေးမြို့တွင် အလုပ်လုပ်ကိုင်နေသူများနှင့် ခေတ္တခိုလှုံနေသူများကို ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးနေသည့်အပြင် မြို့ခံများ မကြာခဏဖမ်းခံရသူများလည်း ရှိနေသည်။
ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းက မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို အိမ်စီးကားများဖြင့် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ထိုနေ့က အဖမ်းခံရသူမှာ “နိုင်စေသော်” ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဒေါ်ပိုပိုထွေးဖြစ်ပြီး လူမှုကွန်ရက်၌ ရေးသားပြောဆိုမှုများကြောင့် အဖမ်းခံရခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာတွင် လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသည့်သတင်းနှင့် ပတ်သက်ပြီး သူ၏ခံစားချက်ကို ရေးသားခြင်းကြောင့် ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု သူက ဆိုသည်။
“မီးရှို့သတ်ခံရတဲ့ လူငယ်နှစ်ယောက်အတွက် ရင်ထဲဆို့နင့်နေရပါတယ်ဆိုပြီး ဖေ့ဘုတ်မှာ တင်ခဲ့တာတွေ၊ ပေါ်တာဆွဲသတင်းကြောင့် မြို့မှာ လူတွေတိတ်ဆိတ်သွားတယ်လို့ တင်တာတွေ၊ ဒါတွေကြောင့် လာဖမ်းတယ်လို့ သိရတယ်ရှင့်”
တယ်လီဂရမ်လူမှုကွန်ရက်ရှိ စစ်ကောင်စီလော်ဘီစာမျက်နှာများက ဒေါ်ပိုပိုထွေးက ဖမ်းဆီးရန် လှုံ့ဆော်ရေးသားပြီး နာရီပိုင်းအကြာတွင် လက်ထိတ်တန်းလန်းဖြင့် အဖမ်းခံထားရသည့် ဓာတ်ပုံ တင်ထားသည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ကမ်းကုန်အောင် ဆိုးရွားနေသည့်အတွက် ယခုဖမ်းဆီးမှုသည် မထူးဆန်းဟု ဒေါ်ပိုပိုထွေးနှင့် နီးစပ်သူ အမျိုးသမီးက ပြောသည်။
“အသက်ကြီးတဲ့ အမေအရွယ်တစ်ယောက်ကို ခုလို ဖမ်းတာ စိတ်ထဲမကောင်းဘူး။ ဒါပေမဲ့ ရှေ့မှာလည်း ဒီထက်ဆိုးရွားတဲ့ ဖမ်းဆီးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတော့ မထူးဆန်းတော့ပါဘူး”
ဒေါ်ပိုပိုထွေးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဟု မသိရသေးဘဲ မိသားစုနှင့် ရင်းနှီးသူများက စိတ်ပူနေကြသည်။
ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း ထိုနှစ်ဦးအတွက် အွန်လိုင်းတွင် ဆုတောင်းပေးသည့် မန္တလေးမှ အသက် ၁၈ နှစ်အရွယ် မယွန်းစန္ဒီမောင် ရိုက်နှက် ဖမ်းဆီးခံရသေးသည်။
စစ်ကောင်စီက ထိုနှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုဖြစ်စဉ် မဟုတ်မှန်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယခုလ ၂၂ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ် စက်မှုမြို့သစ် စွယ်တော်ကားကြီးဝန်း အနောက်ဘက်ရှိ “ရွှေစံပယ်” အမည်ရ တည်းခိုခန်းရှိ လူငယ်တချို့နှင့် တည်ခိုခန်းပိုင်ရှင်ကို စစ်သားများက ရိုက်နှက်ဖမ်းဆီးသွားသည်ဟု သိရသည်။ ထိုလူငယ်များကို လက်နက်များနှင့်အတူ ဖမ်းမိခြင်းဖြစ်သည်ဟု စစ်တပ်ထောက်ခံသူများက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။