သတင်း

ကန့်ဘလူတွင် အမျိုးသား ၃ ဦး သတ်ဖြတ်ခံရ

ထွက်မပြေးနိုင်သည့် အသက် ၇၀ အရွယ် အမျိုးသား၊ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးတို့ကို စစ်တပ်က ဖမ်းလိုက်ပြီး လူမဆန်စွာ ပြုမူခဲ့သည်ကို တွေ့ရကြောင်း ဒေသခံတို့က ပြောသည်။

(စိတ်မချမ်းမြေ့ဖွယ် အသေးစိတ် ဖြစ်ရပ်တချို့ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)

အသက် ၇၀ အရွယ် အမျိုးသား အပါအဝင် အရပ်သား ၂ ဦးကို စစ်တပ်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ဖမ်းဆီးသွားပြီးနောက်တစ်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ၎င်းတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံများနှင့် ကန့်ဘလူတော်လှန်ရေးတပ် ခေါင်းဆောင်များထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကန့်ဘလူ-ကောလင်းကားလမ်းမပေါ်ရှိ တင်မော်ကျေးရွာကို ဝင်ရောက်ခဲ့သည့် စစ်တပ်က အသက် ၇၀ အရွယ် ဦးရဲရွှေ၊ စိတ်ကျန်းမာရေးမကောင်းသူ အသက်၃၀ အရွယ် ကိုမောင်ချို တို့ကို ဖမ်းဆီးခဲ့ကြောင်း၊ နောက်တစ်နေ့ စစ်တပ် ထိုရွာမှ ထွက်သွားခဲ့ပြီး ဒေသခံများနှင့် တော်လှန်ရေးတပ်များ ရွာထဲသို့ ပြန်လည်ဝင်ရောက်လာချိန်တွင်  ထိုသို့ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကျန်းမာရေးမကောင်းသူ၏ ရုပ်အလောင်းမှာ အပိုင်းပိုင်း ဖြတ်တောက်ခံထားရသည်ဟု ကန့်ဘလူမြို့နယ်မှ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

“နှလုံး၊ အဆုတ်တို့၊ ကျောက်ကပ်၊ အူတို့ ဘာမှမရှိတော့ဘူး၊ ရင်ဘတ်ကနေ ဆီးခုံထိ ဖွင့်ပြီးတော့ ဓားနဲ့ကို ခုတ်ထစ်ထားတာ၊ ခေါင်းကိုလည်း ဖြတ်ပြီး ခုတ်ထစ်ထားတာ၊ ခြေထောက်တွေ လက်တွေလည်း ဖြတ်ထားတာ” ဟု ၎င်းက ဆိုသည်။

လည်ပင်းကြိုးကွင်းတပ်လျက်ရှိသော ဦးရဲ​ရွှေမှာ ဝမ်းဗိုက်တွင် ဓားဒဏ်ရာ ငါးချက် တွေ့ခဲ့ရကြောင်း၊ နေထိုင်မကောင်းသူဖြစ်ခြင်းကြောင့် စစ်တပ်ဝင်ရောက်လာချိန်တွင် မပြေးနိုင်ဘဲ ကျေးရွာအတွင်း ကျန်နေခဲ့သူဖြစ်ကြောင်း ချပ်သင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“အသက်ကြီးတော့ မသွားမလာနိုင်လို့ အိမ်ထဲ ကျန်ခဲ့တာကို သတ်ထားခဲ့တာ၊ လူလတ်ပိုင်းကတော့ စိတ်က နည်းနည်းလိုနေတဲ့လူ၊ သူ့စိတ်နဲ့သူ အစိုးမရတဲ့သူ၊ ခါတိုင်းလည်း ဒီလိုသွားလာနေတဲ့သူ” ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၃ ရက်နေ့လည်း ကန်ကြီးကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဒေသခံ အမျိုးသားတစ်ဦးကို သတ်ဖြတ်မီးရှို့ခဲ့ကြောင်း အလောင်းကို မြင်တွေ့ခဲ့ရသည့် ချပ်သင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်တစ်ဦးက ပြောသည်။

“ရွာထဲမှာ ဖမ်းမိတာဖြစ်မယ်၊ ကုပ်ကို ဓားနဲ့ လှီးထားတာ တွေ့တယ်၊ ကျွန်တော်တို့ တွေ့တော့ စပါးတိုက်ပေါ်တင် မီးရှို့ထားတာ၊ တော်တော်ပျက်စီးနေပြီ” ဟု သူက ဆိုသည်။

သတ်ဖြတ်ခံရသူသည် အသက် ၃၀ ခန့်အရွယ် ကိုကျော်စိုးဟု သိရသည်။

ကန့်ဘလူဒေသခံ ၃ ဦး သတ်ဖြတ်ခံရသည့် အကြောင်းရင်းကို မသိရသေးပေ။

ကန့်ဘလူသည် လက်နက်အင်အား နည်းပါးသည့် တော်လှန်ရေးတပ်များ ရှိသလို၊ စစ်ကောင်စီ ဖွဲ့စည်းထားသော ပျူစောထီးပြည်သူ့စစ်များ အားကောင်းသည့် ဒေသလည်း ဖြစ်သည်။

ကန့်ဘလူမှ မိုင် ၅၀ ခန့် ကွာဝေးသည့် ကောလင်းမြို့ကို စစ်တပ်က အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်ထဲမှ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ပြန်လည်သိမ်းယူခဲ့သည်၊ ထိုသို့ထိုးစစ်ဆင် သိမ်းယူနိုင်ရန် စစ်ကောင်စီတပ်များ ကန့်ဘလူတွင် အခြေချခဲ့သည်။

၂၀၂၃ နိုဝင်ဘာအစောပိုင်းက ချပ်သင်းရဲစခန်း စီးနင်းပြီးနောက် တွေ့ရသော PDF များနှင့် ပကဖအဖွဲ့ဝင်များ။ (ဓာတ်ပုံ – ပေးပို့)

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့က စစ်သားနှင့် ပျုစောထီးအဖွဲ့များအထိုင်ချထားသည့် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်သိမ်းယူဖို့ ကြိုးစားခဲ့ပြီးနောက် စစ်ကောင်စီက ချပ်သင်းတိုက်နယ်ကို အင်အားရာနှင့်ချီ စစ်ကြောင်းထိုးနေသဖြင့် နေ့စဉ် တိုက်ပွဲပြင်းထန်နေကာ နှစ်ဖက်အကျအဆုံးများရှိကြောင်း သိရသည်။

ရန်သူဝိုင်းပြီး စစ်ပန်းနေသည့် စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်ရချိန်တွင် တပ်ရင်းအလိုက်လက်နက်ချသလို၊ နယ်စပ်ဖြတ်ပြီး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးနေသော်လည်း နိုင်ငံအလယ်ပိုင်းတွင်တော့ စစ်ဆင်ရေးအရှိန်မြှင့်နေပြီး လက်နက်မဲ့အရပ်သားများကို ဆက်လက်သတ်ဖြတ်နေသည်။

သတ်ဖြတ်မှုများအနက် တချို့ကို စစ်ကောင်စီက ငြင်းဆိုထားပြီး တော်လှန်ရေးအဖွဲ့များ၏လက်ချက်ဖြစ်သည်ဟု တုံ့ပြန်ထားသည်။

Show More

Related Articles

Back to top button