သတင်း

ဝန်းသိုမြို့ ကျေးလက်စျေး ဗုံးကြဲခံရ၊ သေဆုံးသူများထဲတွင် ၆ နှစ်သား ပါဝင်

တိုက်ပွဲမရှိသည့် ဝန်းသိုတွင် စျေးတစ်ခုနှင့် ရပ်ကွက်တစ်ခု တိုက်ခိုက်ခံရသဖြင့် သေဆုံး၊ ဒဏ်ရာရသူများထဲတွင် ကလေးများ ပါဝင်သည်။ တိုက်ခိုက်ရသည့် အကြောင်းရင်းကို မသိရသေးပေ။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဝန်းသိုမြို့နယ်ရှိ စျေးတစ်ခု ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပစ်ခတ် ဗုံးကြဲခံရသဖြင့် ကလေး ၂ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သည်။

သေဆုံးသူတို့မှာ ၆ နှစ်အရွယ် မောင်သော်ဇင်မင်းသန့်၊ ၁၃ နှစ်အရွယ် ဒေသခံမိန်းကလေးတစ်ဦး၊ ၅၃ နှစ်အရွယ် ဒေါ်ကြည်ကြည်တို့ ဖြစ်သည်။

ထိုနေ့ နံနက် ၁၁ နာရီခွဲခန့်က မြို့အရှေ့မြောက်ဘက် ၁၈ မိုင်အကွာရှိ နမ်းခမ်းရွာကို လေတပ်က ဗုံး ၃ လုံး ကြဲချခဲ့ရာ  ဘူတာရုံအနီးရှိ ဈေးတန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်၊ မောင်သော်ဇင်မင်းသန့်နှင့် ဒေါ်ကြည်ကြည် ပွဲချင်းပြီးသေဆုံးကာ ဈေးသည်နှင့် ဈေးဝယ်သူ ဒေသခံ ၉ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

ထိုကလေးမှာ ကောလင်းမြို့နယ်၊ ကျွန်းလှခုံကျေးရွာမှ မိသားစုနှင့်အတူ စစ်ရှောင်နေသူဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူ ဝန်းသိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီဘက်မှာ တိုက်ပွဲလည်းမရှိဘူး။ မရှိဘဲနဲ့ ဒီအတိုင်းပဲပစ်တာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

“အဲဒီ ဂျိုးတောင်၊ နမ်းခမ်းရွာတွေက ရွာကြီးတွေ၊ လူလည်းများတယ်၊ အင်းတော်ဘက်နဲ့လည်း နယ်နိမိတ်ချင်း ဆက်နေတယ်၊ ကောလင်းက စစ်ရှောင်တွေလည်း အများကြီးပဲ အဲဒီမှာ”

အမျိုးသမီး ၇ ဦး၊ အမျိုးသား ၂ ဦး ဒဏ်ရာရသွားရာ ထိုအထဲမှ ၃ ဦးမှာ ဒဏ်ရာပြင်းထန်သည်၊ ဒဏ်ရာရသူတို့၏  အသက်အရွယ်မှာ ၇ နှစ်မှ ၅၀ ကျော်အထိ ရှိသည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အသက် ၆ နှစ်အရွယ် မောင်သော်ဇင် မင်းသန့်၏ ရုပ်အလောင်း။ (ဓာတ်ပုံ-ပေးပို့)

ယင်းနေ့က ဝန်းသိုတောင်ဘက် ၁၅ မိုင်ခန့်အကွာ ကောလင်းမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေသည်၊ တော်လှန်ရေးတပ်ဘက်မှ စစ်ကူလာနိုင်သည့် လမ်းကြောင်းကို စစ်တပ်က ထိုသို့ တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံတချို့က သုံးသပ်သည်။

ထို့နေ့ နံနက်က ဝန်းသို့မြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမှ အသက် ၁၃ နှစ်အရွယ် ဒေသခံမိန်းကလေးတစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

အဆိုပါ မိန်းကလေးကို ဆေးကုသပေးနေစဉ် ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် မွန်းလွဲ ၃ နာရီခန့်တွင် သေဆုံးသွားခဲ့သည်ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လေကြောင်းနဲ့လည်း တိုက်တော့ ကလေးတစ်ယောက်ရယ်၊ လူကြီးတစ်ယောက်ရယ် သေတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ်၊ လက်နက်ကြီးနဲ့ ပစ်တာက နမ်းခမ်းမရောက်ဘဲ ဂျိူးတောင်ဘက်ကို ကျတယ်။ အဲဒီက မိန်းကလေးတစ်ယောက် သေပြီး အိမ်အချို့လည်း ပျက်စီးသွားတယ်” ဟု သူက ပြောသည်။

ဂျိုးတောင်ရွာသည် ဝန်းသိုရွာနှင့် နမ်းခမ်းရွာကြားမှ ရွာကြီးတစ်ရွာဖြစ်သည်။

ဝန်းသိုမြို့နှင့် ၁၀ မိုင်ခန့်အကွာ၊ နမ်းခမ်းရွာနှင့် ၈ မိုင်ခန့် အကွာတွင်ရှိသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နမ်းခမ်းရွာမှ ဒေသခံအချို့ ရွာမှ တိမ်းရှောင်ကြမှုများရှိခဲ့သော်လည်း နောက်ရက်များတွင် နေရပ်ပြန်ကြသည်ဟု သိရသည်။

ဝန်းသို့မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ (၁၁၂) နှင့် ခမရ (၁၂၀) တို့က တော်လှန်ရေးတပ်များ ထိန်းချုပ်ထားခဲ့သည့် ကောလင်းမြို့ကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်၊ ဇန်နဝါရီ ၂ ရက်နေ့က ထိုသို့ ပစ်ခတ်မှုကြောင့် ကောလင်းမြို့ပေါ်ရှိ ဒေသခံ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရခဲ့သည်။

နိုဝင်ဘာ ၆ ရက်မှစတင်၍ တော်လှန်ရေးတပ်များ သုံးလကျော်ကြာ သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို စစ်တပ်က ဖေဖော်ဝါရီ ၃ ရက်မှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး မြို့ထက်ဝက်ကျော်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသည်။

နမ်းခမ်းရွာဘူတာရုံအနီးရှိ ဈေးတန်းအတွင်း လေကြောင်းမှ ကြဲချသည့်ဗုံး ကျရောက် ပေါက်ကွဲအပြီး တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

Show More

Related Articles

Back to top button