သတင်း

တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူတွင် တိုက်ပွဲအပြင်းအထန်ဖြစ်နေ

ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ် တိုက်ပွဲဖြစ်ခြင်းဖြစ်ပြီး ကပ်လျက် မြေပုံမြို့နယ်မှ ရဲနှင့် စစ်သား အင်အား ၁၀၀ ခန့်ကလည်း ယနေ့နံနက်အစောက လာရောက်အင်အားပူးပေါင်းထားကြောင်း သိရသည်။

တရုတ်စီမံကိန်းများရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယနေ့ (ဖေဖော်ဝါရီ ၁၂) က တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

နံနက် ၉ နာရီခန့်က ကျောက်ဖြူမြို့မြောက်ဘက် ၉ မိုင်ခန့်အကွာ ကုလဘာရွာနှင့် နပျိုးချောင်းရွာကြားရှိ တောတောင်များတွင် တိုက်ပွဲဖြစ်ပွားနေပြီး ယခုသတင်းရေးသားနေသည့် ညနေ ၃ နာရီခွဲအချိန်ထိ ဖြစ်ပွားနေဆဲဟု ထွက်ပြေးတိမ်းရှောင်နေသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ မင်းတက်တောင်ရွာအနီးရှိ ဒိုးတန်းတောင်တပ်ဟုခေါ်သည့် အမှတ် (၃၂) ရဲတပ်ရင်း၊ ကျောက်တလုံးစစ်ဆေးရေးဂိတ်အနီးရှိ ခြေမြန်တပ်ရင်း (ခမရ) ၅၄၂ တို့ကလည်း လက်နက်ကြီးပစ်ကူပေးနေသည်ဟု ၎င်းက ဆိုသည်။

“အခုလည်း ပစ်နေကြတုန်း။ နာရီဝက်လောက် နားပစ်တယ်။ ပြီးရင် ပြန်ပစ်နေကြတယ်။ ကျွန်မတို့က သူတို့ နားနေတုန်း လက်နက်သံမကြားတဲ့အချိန်မှာ ထွက်လာရတာ။ လမ်းထက်ဝက်ရောက်တော့ ပစ်သံကြားနေပြီ” ဟု ထိုအမျိုးသမီးက ဆိုသည်။

လက်နက်ကြီးနှစ်လုံးသည် ကုလာဘာရွာသို့ ကျပြီး လက်ရှိတွင် ကုလားဘာ၊ မင်းတတ်တောင်၊ နပျိုးချောင်း၊ ပြိုင်းစေ့ကေ စသည့် ရွာများမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်။

မြန်မာ့ဆက်သွယ်ရေးပိုင် MPT ဖုန်းလိုင်းသည်လည်း နေ့လယ်မှစတင်ကာ လုံးဝပြတ်တောက်သွားပြီဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ကလည်း ကျောက်ဖြူမြို့နယ်၊ နပျိုးချောင်းရွာနှင့် ပြိုင်းစေ့ကေရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဓညဝတီရေတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရွာအနီးရှိ ဓညဝတီရေတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA)က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရှော့တိုက်ဒုံးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ မှစတင်ကာ စစ်ကောင်စီက တစ်မြို့နှင့်တစ်မြို့ ကုန်းလမ်း၊ရေလမ်း သွားလာခွင့်ပိတ်ပင်ထားသည်။

ကျောက်ဖြူမြို့တွင်လည်း ခရီးသွားလာခွင့်ကန့်သတ်ချက်များ၊ ငါးဖမ်းခွင့်တားမြစ်ချက်များ စသည့် အမိန့်များကို သီးသန့်ထုတ်ပြန်ထားသည်။

လက်ရှိတွင် AA ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်တွင် စစ်ကောင်စီရေယာဉ်များနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်။

မြို့နှင့် ရေမိုင် ၅ ခန့် ဝေးသည့် ကျားရဲပြင်ရွာအနီးမြစ်တွင် တိုက်ပွဲဖြစ်ပြီး ပိတ်မိနေသော ရေတပ်သုံးစီးရှိနေသည်။ ထိုရေတပ်ရှိ စစ်သားများကို ကယ်ထုတ်ရန် ယမန်နေ့ညက ရေယာဉ်နှစ်စီး ထပ်ရောက်လာရာ စစ်သားများနှင့် AA တို့ ယနေ့တွင်ပါ တိုက်ပွဲဆက်ဖြစ်နေသည်။

“တစ်စီးကတော့ လက်နက်ဂိုဒေါင်ထဲကို တည့်တည့်ကျဆိုလားမသိ။ တည့်တည့်ကျလို့ ဗွီဒီယိုဖိုင်တွေမှာလည်း မြင်တယ်။ ကျွန်တော့သူငယ်ချင်းတွေလည်း မြင်တယ်။ တစ်စီးကတော့ လုံးဝကျသွားပြီတဲ့။” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့က AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၂ ဦး သေဆုံးကာ လေးဦး ဒဏ်ရာရသည်။ ထို့ပြင် AA ဖမ်းဆီးထားသည့် စစ်သုံ့ပန်းတစ်ချို့လည်း သေဆုံး၊ ဒဏ်ရာရရှိမှုရှိခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့နယ်ပြမြေပုံ။

မြေပုံမြို့တွင် ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်လည်း ယနေ့ ဖေဖော်ဝါရီ ၁၂ တွင် ကျောက်ဖြူမြို့ဘက်သို့ ဦးတည်ထွက်ခွာသွားပြီးဖြစ်ကြောင်း မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ဆိုသည်။

“သူတို့ ညဉ့် ၁ နာရီ ၂ နာရီလောက်မှာ ထွက်သွားကြတယ် စစ်င်္ဘောနဲ့ပေါ့။ အခုတော့ မြေပုံမြို့မှာ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ဘယ်သူမှ မရှိတော့ဘူး။ ရဲနဲ့ စစ်တပ်ဆိုရင် အင်အား ၁၀၀ လောက်ပဲ ရှိမယ်ထင်တယ်။ ရဲတပ်ဖွဲ့မှာလည်း ဗမာရဲတွေပဲ လိုက်သွားတယ် ထင်တယ်။ တခြားရခိုင်ရဲတွေတော့ ရှောင်ဟာရှောင် ပြေးဟာပြေးလို့ ကြားရတယ်။ ကျောက်ဖြူဘက်ကို ထွက်သွားတယ်” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီ ၂၆ ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေပုံမြို့နယ် ယောချောင်းတံတားဗျူဟာကုန်းနှင့် အနီးအနားရှိစခန်းကုန်းများမှ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်းများကို မီးရှို့ကာ စစ်သင်္ဘောနှစ်စီးဖြင့် ထွက်ပြေးသွားသည်ဟု သိရသည်။

မြေပုံမြို့နယ်သည် တောင်ဘက်တွင် ကျောက်ဖြူမြို့နယ်၊ အနောက်ဘက်တွင် ပင်လယ်၊ မြောက်ဘက်တွင် ပေါက်တောနှင့်မင်းပြားမြို့နယ်တို့ရှိကာ အရှေ့ဘက်တွင် အမ်းမြို့နယ်တည်ရှိသည်။

ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ ပါရှိနေသည့် ကျောက်ဖြူမြို့နယ်၏ တောင်ဘက် တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရမ်းဗြဲမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေသည်။

ယမန်နေ့ ညနေက မြေပုံနှင့် အမ်းမြို့နယ်များအတွင်း လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

အလားတူ ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများကို စစ်ရေယာဉ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သလို သိမ်တောင်ဘုရားကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တစ်ချိန်တည်းမှာပင် ပြည်နယ်တောင်ပိုင်း သံတွဲမြို့ ဆင်ခေါင်း‌ကျေးရွာမှ ရေမိုင် ၁၀ မိုင်ခန့် အကွာအဝေးတွင် ရှိသည့် စစ်သင်္ဘောမှလည်း လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သည်။

ယမန်နေ့ နံနက်က ရခိုင်မြောက်ပိုင်း နယ်စပ်မြို့နယ်ဖြစ်သော မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်သပြေကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပြီး “ခမောင်းဆိပ်ဗျူဟာ” မှ လက်နက်ကြီးဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်းအဖွဲ့က ဆိုသည်။

တစ်ချိန်တည်းလိုလိုမှာပင် ဘူးသီးတောင်မြို့နယ်၊ အင်းဖောက်ကျေးရွာအနီး ရက္ခိုင့်တပ်‌‌‌တော်နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button