တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရှိရာ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်းကို ယမန်နေ့ (ဇန်နဝါရီ ၈) နံနက် ၆ နာရီဝန်းကျင်တွင် ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သည်။
ကျောက်ဖြူမြို့မှ သုံးမိုင်ကျော်အကွာရှိ သစ်ပုတ်တောင်ရွာ (ကျောက်ဖြူမြို့နှင့် ကျောက်ဖြူဆိပ်ကမ်းကြားရှိ) တွင် ရှိသည့် ရေတပ်စခန်း တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ကိုးကန့် (MNDAA)၊ တအာင်း (TNLA) နှင့် AA တို့ စုဖွဲ့ထားသည့် ညီနောင်မဟာမိတ်အဖွဲ့က ဓညဝတီရေတပ်စခန်းကို ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ကြောင်း ယမန်နေ့ညတွင် ကြေညာထားသည်။
အဆိုပါ ရေတပ်တည်ရှိရာ နေရာသည် တရုတ်စီမံကိန်း “ရွှေ” ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ သင်္ဘောများ ဝင်ထွက်ရာ လမ်းကြောင်းပေါ်တွင် တည်ရှိကာ ကျောက်ဖြူဆိပ်ကမ်းနှင့် ၅ မိုင်ခန့်သာ ကွာဝေးသည်။ ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းများသွယ်တန်း၍ နိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ တင်ပို့နေသည်။
“တိုက်ပွဲဖြစ်တာက မနေ့က သစ်ပုတ်တောင်ရေတပ်စခန်းကို AA က ရှော့တိုက်ဒုံးနဲ့ ပစ်လို့ အပြန်အလှန်ပစ်ခတ်တာ ဖြစ်ခဲ့ပါတယ်။ ရေတပ်နေဗီကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်။ ဒီကနေ့တော့ ဘာမှ မကြားဘူး။ ရေတပ်နားက ရွာတွေကိုလည်း ပိတ်ဆို့ထားတယ်လို့ ကြားတယ်။ နေဗီ (စစ်ရေယာဉ်) တွေလည်း ကျောက်ဖြူနား ရောက်နေတယ်လို့ ကြားတယ်” ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ယနေ့ (ဇန်နဝါရီ ၉ရက်) နေ့လယ်တွင် ပြောသည်။
ကျောက်ဖြူဒေသခံတချို့ကလည်း ယမန်နေ့တွင် ရေတပ်စခန်းရှိရာ၌ လက်နက်ကြီး ပစ်ခတ်သံများ၊ ဗုံးပေါက်ကွဲသံများကို ကြားခဲ့ကြရကြောင်း ပြောသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် နေထိုင်သူအမျိုးသားတစ်ဦးက “(တိုက်ပွဲဖြစ်မဖြစ်) ကျွန်တော်တို့ အတိအကျ မသိဘူး။ မနက် ၇ နာရီက စကြားတာ၊ ၁၀ နာရီလောက်အထိ ကြားလိုက်တယ်။ လက်နက်ကြီး ပစ်သံတော့ ကြားတယ်။ လေးငါးခြောက်ကြိမ်လောက် ကြားလိုက်တယ်” ဟု ဆိုသည်။
ကျောက်ဖြူမြို့ခံ နောက်တစ်ဦးကလည်း “ကျွန်တော်သိသလောက်ကတော့ စစ်တပ် Navy (ရေတပ်) ကနေပြီးတော့ တစ်ဖက် AA တပ်ဖွဲ့တွေရှိနေတယ်လို့ ယူဆတဲ့နေရာတွေကို မှန်းပြီးပစ်တယ်လို့ သိရတယ်။ တိုက်ပွဲကတော့ မဟုတ်ဘူး။ ဗုံးတစ်လုံး ပေါက်တယ်၊ ရှော့တိုက်ဒုံးလို့လည်း ပြောဆိုမှုတွေရှိတယ်။ သေချာတော့ မသိပါဘူး” ဟု ပြောသည်။
ယမန်နေ့တွင် ပစ်ခတ်သံပေါက်ကွဲသံများကြောင့် ဒေသတွင်း လမ်းတချို့ပိတ်ဆို့မှုများရှိခဲ့သည်ဟု အထက်ပါ ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင် ကျောက်ဖြူမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေတပ်စခန်းကို AA အဖွဲ့က ရွာထဲမှ အကာအကွယ်ယူပြီး အဝေးမှ ချောင်းပစ်ခြင်းသာဖြစ်ပြီး ရေတပ်က တန်ပြန်ပစ်ခတ်သည်ဟု ရေးသားထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခု ဓညဝတီရေတပ်စခန်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။
ထို့အတူ ကျောက်ဖြူမြို့နယ်၊ စနဲမြို့မြောက်ဘက်၊ စနဲမြို့နှင့် အဝတောင်ကျေးရွာကြားတွင်လည်း ဒီဇင်ဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်၌ AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ကျောက်ဖြူမြို့တောင်ဘက် ရမ်းဗြဲမြို့တွင်းတွင် စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းကာ အခိုင်အမာ တပ်စွဲထားသည်။ ရမ်းဗြဲမြို့တွင် ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီဝန်းကျင်မှစ၍ ယမန်နေ့အထိ တိုက်ပွဲများဆက်နေပြီး စစ်တပ်၏ ရေကြောင်း၊ လေကြောင်းပစ်ခတ်မှုများကြောင့် မြို့ပေါ်မှ လူနေအိမ်တချို့မှာလည်း မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
အိန္ဒိယစီမံကိန်းရှိရာ ကုလားတန်မြစ်အထက်ပိုင်းရှိ စစ်တပ်စခန်းများကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက် သိမ်းယူထားသည်။ ထို့အတူ AA ၏ မဟာမိတ် MNDAA, TNLA တို့ကလည်း ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အချက်အချာကျသည့် မြို့များ၊ စစ်စခန်းများကို သိမ်းယူကာ ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ထားသည်။
ယမန်နေ့က AA တိုက်ခိုက်ခဲ့သည့် တရုတ်၏ ကျောက်ဖြူစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် စစ်ကောင်စီက အလောတကြီးလုပ်ဆောင်နေသည်။ မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများအနက် အရေးပါဆုံးသော ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးလိုက်သည်ဟု စစ်ကောင်စီက ဒီဇင်ဘာ ၂၆ တွင် သတင်းထုတ်ပြန်သည်။ အသေးစိတ်ကို မသိရပေ။
အာဏာသိမ်းပြီး ၃ နှစ်နီးပါးရှိလာချိန်တွင် နိုင်ငံအနှံ့တော်လှန်မှုများ အရှိန်ရနေချိန်၊ စစ်ကောင်စီ မြေပြင်တပ်များ အရေးမလှဖြစ်နေချိန်တွင် စစ်အရာရှိကြီးများအပါအဝင် စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့လိုက် လက်နက်ချသည့် ဖြစ်စဉ်များ ဆက်တိုက်တွေ့လာရသည်။




