သတင်း

ဖောင်းပြင်တွင် လက်လွှတ်လိုက်ရသော ပျူစောထီးစခန်းနေရာကို လေတပ် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့တွင် စစ်တပ်နှင့် ပျူ အင်အား ၈၀ ခန့်ရှိသော ပျူစောထီးစခန်းကို အတိုက်ခိုက်ခံရပြီးနောက် ၃ ရက် အကြာတွင် လေတပ်က ထိုနေရာကို ဗုံးကြဲခဲ့သည်။

ဒေသကာကွယ်ရေးအဖွဲ့များ စီးနင်းတိုက်ခိုက်ခဲ့သော စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ စစ်တပ်နှင့် ပျူစောထီးစခန်းနေရာကို ယမန်နေ့ (ဖေဖော်ဝါရီ ၈) တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြို့မြောက်ဘက် ၈ မိုင်ခန့်အကွာ မုံရွာ-ဟုမ္မလင်းဗျူဟာလမ်းပေါ်ရှိ ညောင်ကုန်းရွာတွင် အင်အား ၈၀ နီးပါးဖြင့် တပ်စွဲထားသည့် အဆိုပါစခန်းကို တော်လှန်ရေးအင်အားစုက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စီးနင်းသိမ်းပိုက်ခဲ့သည်။

ညောင်ကုန်းရွာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ရွာမြောက်ဘက်ရှိ ဟာပါကျေးရွာသို့ ဆုတ်ခွာသွားကြောင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်လိုတဲ့အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်”

ထို့နောက် ယမန်နေ့ မွန်းလွဲ ၁ နာရီကျော်တွင် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပျူစောထီးစခန်းနေရာကို စီးနင်းတိုက်ခိုက်ပြီးနောက် ဒေသကာကွယ်ရေးအဖွဲ့များ ထိုနေရာ၌ စခန်းထိုင်မထိုင် မသိရသေးပေ။

ညောင်ကုန်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ကာဘိုင်သေနတ် ၃ လက်၊ G 3 ၁ လက် သိမ်းဆည်းရမိခဲ့ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်သည့် အမှတ်အသားများ တွေ့ရှိရသည်ဟု ဆိုသည်။

သိမ်းဆည်းရမိသော လက်နက်တချို့။ (ဓာတ်ပုံ-ပေးပို့)

အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေးအဖွဲ့ဘက်မှ ၁ ဦးသေဆုံးပြီး မိုင်းရှင်းလင်းစဉ် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့၊ ကံစံပြရွာ တိုက်ပွဲ

အရပ်သားများက ပျူစောထီးဟု ခေါ်သည့် အဖွဲ့ကို စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့ဟု ခေါ်ပြီး စစ်တပ်က လေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားသည်။

ပျူစောထီးတို့သည် လူအင်အား အကြီးအကျယ် လိုအပ်နေသည့် အာဏာသိမ်းတပ်အတွက် လွန်စွာ အသုံးဝင်သည့် အဖွဲ့အစည်းဖြစ်လာသည်။

ချင်းတွင်းမြစ်ကမ်းဘေးရှိ မင်းကင်းမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးအထိုင်ချထားသည့် ကံစံပြကျေးရွာကိုလည်း ဖေဖော်ဝါရီ ၇ နံနက်တွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

မြို့ မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ အဆိုပါရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း မင်းကင်းမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များတွင်မူ ကံစံပြကျေးရွာကို PDF အင်အား ၁၀၀ ခန့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

အွန်လိုင်းသတင်းဌာနများကမူ အဆိုပါ ထိခိုက်၊ မီးလောင်မှုတို့မှာ စစ်တပ်က ရွာကို လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု ရေးသားထားကြသည်။

ရှမ်းမြောက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးတွင် မြို့ ၁၂ မြို့ကို သိမ်းပိုက်ထားပြီး စခန်းပေါင်းရာနှင့်ချီ လက်လွှတ်ထားရချိန်တွင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလပိုင်းကစတင်၍ ယာယီအပစ်ရပ်ထားပြီးနောက် စစ်ကောင်စီက စစ်ကိုင်းတိုင်းတွင် တစ်ကျော့ပြန် စစ်ရေးအရှိန်မြှင့်တင်ပြီး ခင်ဦး၊ ရေဦး၊ ဒီပဲယင်း တို့တွင် ဆက်တိုက် စစ်ကြောင်းထိုးနေသည်။

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က လက်လွှတ်ခဲ့ရသည့် ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို ပြန်သိမ်းပိုက်နိုင်ရန်အတွက်လည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေရာ ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

Show More

Related Articles

Back to top button