ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၇) နံနက်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ပစ်ခတ် နေသည်ဟု သိရသည်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့နှင့် နယ်မြေချင်း ထိစပ်နေသည့် ထန်းတပင်မြို့နယ် ဇရပ်ကြီးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၇၃) ၊ ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း အပါအဝင် စစ်တပ်စခန်းများကို ယနေ့ နံနက်မလင်းမီကတည်းက တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်-မန္တလေးလမ်းပေါ် တည်ရှိသော ၎င်းတို့တပ်စခန်းများ စီးနင်းတိုက်ခိုက်ခံရ၍ လေတပ်က ဆက်တိုက် လာရောက်ပစ်ခတ်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ထံမှ သိရသည်။
စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူသုံးကာ တရစပ်ပစ်ခတ်ခုခံနေပြီး ခလရ (၇၃) တပ်ကို ၈၀ ရာခိုင်နှုန်းခန့် စီးနင်းသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း BPLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်းက ပြောသည်။
“ကျွန်တော်တို့ BPLA ကတော့ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ခလရ ၇၃ ကို အဓိကထားပြီး တိုက်နေတာဖြစ်ပါတယ်။ အလုံးစုံသိမ်းပိုက်နိုင်တဲ့အခြေအနေတော့ မရောက်သေးဘူး။ ဒါပေမဲ့ စခန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို သိမ်းပိုက်နိုင်ပြီ ဖြစ်ပါတယ်”
အဆိုပါစီးနင်းတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့နှင့်အတူ BPLA တပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်နေသည်ဟု ဆိုသည်။
စစ်တပ်စခန်းတချို့ သိမ်းပိုက်ရရှိထားကြောင်း ပဲခူးတိုင်းအရှေ့ခြမ်းအခြေစိုက် PDF စစ်ကြောင်းတစ်ခုဖြစ်သော နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column ) ကလည်း ထုတ်ပြန်ထားသည်။
BPLA တပ်ဖွဲ့ဝင် နှစ်ဦး၊ PDF တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး ထိုအထဲမှ တစ်ဦးမှာ စိုးရိမ်ရသည်ဟု သိရကာ လတ်တလောတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၍ အခြေအနေအသေးစိတ်ကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ဇရပ်ကြီးရွာသည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နှင့် နယ်မြေချင်း ထိစပ်နေသည့် ထန်းတပင်မြို့တောင်ဘက် ၁၀ မိုင်အကွာတွင် ရှိပြီး ရန်ကုန်-မန္တလေး အဝေးပြေးလမ်းပေါ်တွင် တည်ရှိသည်။
စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ဆက်တိုက်ပစ်ခတ်မှုကြောင့် အရပ်သားနှင့် အဆောက်အအုံများ ထိခိုက်မှုရှိသည်ဟု ကြားသိရသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးဟု BPLA ရဲဘော်လင်းလင်းက ပြောသည်။
NUG တောင်ပိုင်းတိုင်းစစ်ဒေသလက်အောက်ရှိ PDF တပ်များသည် ပဲခူးအရှေ့ခြမ်းတွင် KNU တပ်များနှင့် ပူးပေါင်း လှုပ်ရှားနေပြီး ၂၀၂၂ ဒီဇင်ဘာနှောင်းပိုင်းမှ စတင်၍ ပဲခူးအရှေ့နှင့် အနောက်ခြမ်းများတွင် တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာကြသည်။