သတင်း

မြင်းခြံမြို့အနီးတွင် အဖမ်းခံရသည့် လူငယ် ၅ ဦး သတ်ဖြတ်ခံရ

မန္တလေးတိုင်း တောင်သာမြို့နယ်တွင် နေထိုင်သော လူငယ် ၅ ဦးကို စစ်တပ်နှင့် ပျူစောထီးက ဖမ်းဆီးသတ်ဖြတ်လိုက်သည်။ အသတ်ခံရသူများထဲတွင် ဆယ်ကျော်သက် ၃ ဦး ပါဝင်သည်ဟု သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့သို့ သွားရောက်သည့် တောင်သာမြို့နယ်မှ လူငယ် ၅ ဦးကို ဇန်နဝါရီ ၂၇ ညပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသူများမှာ အသက် ၁၉ နှစ်အရွယ်များဖြစ်သည့် ကိုတင်မျိုးခိုင်၊ ကိုခန့်ချောနှင့် ကိုမြတ်သူ၊ ၂၂ နှစ်အရွယ် ကိုမွှားတား၊  ၂၅ နှစ်အရွယ် ကိုခိုင်ဝေဖြိုးတို့ ဖြစ်ကြောင်း သေဆုံးသူအချို့နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တောင်သာမြို့မှ ၁၀ မိုင်ကျော်အကွာ မြင်းခြံမြို့ ပေါ်သို့ ကာရာအိုကေသီဆိုရန် သွားရောက်စဉ် စစ်ကောင်စီက ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုသူက ဆက်ပြောသည်။

“ကေတီဗွီနဲ့ပဲ ပြဿနာတက်သလား။ စစ်တပ်နဲ့ပဲ ပြဿနာတက်သလားမသိဘူး။ ကလေး ၅ ယောက်ကို သူတို့ ဖမ်းဆီးပြီးတော့မှ သတ်ဖြတ်လိုက်တာဖြစ်ပါတယ်” ဟု သူက ပြောသည်။

“ဘယ်လိုအဖမ်းခံရတာ မသိဘူး။ ပါသွားတာလဲ ၅ ယောက်၊ အသတ်ခံရတာလည်း ၅ ယောက်ဆိုတော့ ဘာကြောင့်အသတ်ခံရတယ်ဆိုတာ မသိရဘူး”

မြင်းခြံမြို့ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာ မန်ကျီးသမျှားကျေးရွာအဝင်လမ်းဘေးတွင် လူငယ် ၅ ဦး၏ ရုပ်အလောင်းများကို လက်ပြန်ကြိုးတုပ်လျက် တွေ့ရကြောင်း ထိုသူ့ထံမှ သိရသည်။

ထိုရွာ ဒေသခံများ၏ အဆိုအရ ဇန်နဝါရီ ၂၇ ညသန်းခေါင်တွင် ရွာအနီးသို့ စစ်သားများလိုက်ပါလာသည့် ကားတစ်စီးရောက်လာပြီး ဖမ်းခေါ်သွားကြောင်း သိရသည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

ထိုလူငယ်များသည် PDF ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်လည်း မသက်ဆိုင်ကြောင်း သူက ဆက်ပြောသည်။

“ကလေးတွေက PDF လည်း မဟုတ်ဘူး။ ဘယ်ထဲကမှ မဟုတ်ဘူး။ သာမန်အရပ်သူအရပ်သားတွေပဲ။ အခင်းမဖြစ်ခင် ၂၆ ရက်နေ့ ညနေပိုင်းမှာ မြင်းခြံမြို့ပေါ်ကို ကာရာအိုကေဆိုမယ်ဆိုပြီး တက်ကြတယ်။ မိဘတွေက လိုက်တားတယ်။ ဆိုင်ကယ်တောင်မပါဘူး၊ လိုင်းကားနဲ့ သွားကြတယ်”

မြင်းခြံဆေးရုံက ရင်ခွဲစစ်ဆေးပြီးနောက် မိသားစုကို အလောင်းပြန်ပေးသဖြင့် ဇန်နဝါရီ ၂၈ ရက် နေ့လည်တွင် တောင်သာမြို့နယ် ကျေးရွာသုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ မြင်းခြံရဲစခန်းက အချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ သေဆုံးခဲ့သည့်သဖွယ် မိသားစုကို အသိပေးပြောဆိုခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို မန္တလေးတိုင်း စစ်ကောင်စီ၏ ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဋ္ဌေးကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။

ထိုလူငယ်တို့ကို ဖမ်းဆီးသွားသည့် အဖွဲ့တွင် ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု သိရသည်။ အာဏာသိမ်းပြီး ပေါ်ပေါက်လာသည့် နိုင်ငံအနှံ့ ခုခံတော်လှန်မှုကို ရင်ဆိုင်ရာတွင် အင်အားလိုအပ်နေသည့် စစ်တပ်က ပြည်သူ့စစ်အဖွဲ့များကို မြင်းခြံအပါအဝင် မြို့အများအပြားတွင် ဖွဲ့စည်းထားသည်။

မြင်းခြံ လူငယ် ၅ ဦး အသတ်ခံရကြောင်းကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဒေသတွင်း လုံခြုံရေးအခြေအနေကို ဖော်ပြသည့် တောင်သာလူထုလှုပ်ရှားမှုကော်မတီ၏ အွန်လိုင်းလူမှုကွန်ရက်တွင်လည်း ရေးသားဖော်ပြထားသည်။

ပြည်သူကို ရန်သူလို သဘောထား၍ ဆိုင်ကယ်နှစ်ယောက်စီးလျှင်ပင် ပစ်ခတ်နေသည့် စစ်ကောင်စီသည် သွေးဆာနေသည့် အနေအထားဖြစ်နေခြင်းကြောင့် ပြည်သူများ ဝေးဝေးရှောင်ရန် ထိုကော်မတီက သတိပေးထားသည်။

လက်နက်တော်လှန်မှုအားကောင်းသည့် မြင်းခြံခရိုင်တွင် ဒေသခံတို့၏ နေအိမ်မီးရှို့ခြင်း၊ သံသယဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ စစ်ကောင်စီတပ်က မကြာခဏကျူးလွန်းနေသည်ဟု စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူများက ဆိုသည်။

ဇန်နဝါရီ ၂၂ရက်နေ့က မြင်းခြံမြို့နယ် တောပုကျေးရွာအနီး မြင်းခြံ-ဆီမီးခုံလမ်းပေါ်တွင် မောင်းနှင်လာသည့် ရဲကားကို ဒေသအခြေစိုက် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာသူအားလုံး သေဆုံးသွားသည်။

မြင်းခြံခရိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တပ်ရင်း ၈ ခု ရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်ဟု ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီးနှင့် ငါန်းဇွန်မြို့နယ်များအတွင်း စစ်ကောင်စီ တပ်စွဲသည့်နေရာများ၊ လှုပ်ရှားစစ်ကြောင်းများကိုလည်း တော်လှန်ရေးအဖွဲ့တို့က သွားရောက်တိုက်ခိုက်လေ့ရှိသလို အာဏာသိမ်းစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကိုလည်း ပစ်မှတ်ထားတတ်ကြသည်။

Show More

Related Articles

Back to top button