ဆောင်းပါး

စစ်ကောင်စီ အခက်ကြုံရသည့် ကရင် BGF ၏ ခွဲထွက်မှု

စစ်တပ်လောင်းရိပ်အောက်မှ ထွက်လိုက်ကြသည့် ကရင် BGF တပ်က ကရင်လက်နက်ကိုင်များနှင့် ပြန်လည်ပေါင်းစည်းသွားပါက စစ်ကောင်စီကို အရှိုက်ထိစေမည်ဟု လေ့လာသူတို့က သုံးသပ်သည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာပြည်မြောက်ပိုင်းရှိ အရေးပါသည့် မြို့ကြီးများ ဆုံးရှုံးပြီးချိန်တွင် စစ်တပ်လက်အောက်ခံအဖြစ်မှ ခွဲထွက်တော့မည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF) က ထုတ်ဖော်ပြောဆိုလိုက်ခြင်းသည် အာဏာသိမ်းစစ်တပ်အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်လာသည်။

ဆယ်စုနှစ်တစ်ခုကျော်တိုင် စစ်တပ်လက်အောက်ခံအဖြစ် ရပ်တည်ခဲ့သည့် ကရင် BGF သည် စစ်တပ်ပေးသည့် လစာကို မယူတော့၊ ပေးသည့်တာဝန်များကိုလည်း မထမ်းလိုတော့ဟု အပြတ်ငြင်းဆိုထားကြသည်။ ထိုအခြေအနေသည် မြန်မာပြည်မြောက်ပိုင်းနည်းတူ မြန်မာပြည်တောင်ပိုင်းတွင် စစ်မျက်နှာတစ်ခု ပေါ်ပေါက်လာမည့် အလားအလာအဖြစ် ရှုမြင်နိုင်သည်။

အင်အားအရေးတကြီးလိုအပ်နေချိန် တပ်သားအင်အား ထောင်နှင့်ချီရှိသော BGF ခွဲထွက်မည့်အခြေအနေကို ထိန်းသိမ်းနိုင်ရန် ဇန်နဝါရီ ၂၃ တွင် အာဏာသိမ်း စစ်တပ်၏ နံပါတ် ၂ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ကရင်ပြည်နယ်မြို့တော် ဖားအံအထိ သွားရောက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။

သို့သော်လည်း စစ်တပ်အောက်တွင် မနေတော့ဘဲ သီးခြားစီ ရပ်တည်တော့မည် ဟူသော BGF ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်စွမ်းမရှိခဲ့ပေ။

အာဏာသိမ်း စစ်တပ်ထံမှ လစာ၊ ရိက္ခာ မယူရန် ပြီးခဲ့သည့် လက စာတင်ထားပြီး ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်လိုတော့ကြောင်း၊ ကိုယ့်နယ်မြေကိုယ် ကာကွယ်သွားမည်ဖြစ်ပြီး ညှိနှိုင်းမှုမရှိဘဲ ၎င်းတို့နယ်မြေသို့ ဝင်လာသည့် မည်သည့် စစ်တပ်ကိုမဆို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း BGF အထွေထွေအတွင်းရေးမှုး ဗိုလ်မှူးကြီးစောချစ်သူက BBC သတင်းဌာနကို ဖြေကြားထားသည်။

ရှင်နည်းရာ အဂ္ဂလူထွက်ခြင်း

ဧရာတီတိုင်းမှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းများတွင် စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများတွင် ယင်းလက်အောက်ခံ တပ်သားများ အကျအဆုံးများပြားခြင်း၊ တပ်ရင်းအလိုက် လက်နက်ချခြင်းတို့ကြောင့်လည်း ယခု BGF တို့၏ ခွဲထွက်မှုသည် ရှင်နည်းရာ အဂ္ဂလူထွက်ကိန်းဆိုက်သည့် အခြေအနေဖြစ်သည်။

၁၀ စုနှစ် တစ်ခုကျော်ကြာ စစ်တပ်နှင့် လက်တွဲလာခဲ့သည့် ကရင် BGF က ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်များနှင့် ပူးပေါင်းသွားပါက မြန်မာပြည်တောင်ပိုင်းရှိ အရေးပါသည့် မြို့ကြီးများကိုပါ အာဏာသိမ်း စစ်တပ်က လက်လွှတ်ရတော့မည်။

စစ်သည်အင်အား တစ်သောင်းနီးပါး ရှိနိုင်ပြီး တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းထားသည့် ကရင် BGF ၏ အင်အား မရရှိတော့ပါက တော်လှန်ရေးတပ်ဖွဲ့များ အားသာလာနိုင်ပြီး မြန်မာပြည်တောင်ပိုင်းကို စစ်တပ်လက်လွှတ်ရဖွယ်ရှိသည်ဟု လေ့လာသူများက သုံးသပ်သည်။

မြန်မာပြည်တောင်ပိုင်းတွင် BGF တပ်ဖွဲ့များ ခွဲထွက်ပါက နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းရန်သာရှိသည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“အဲဒီလို ဖြစ်လာမယ်ဆိုရင် KNU ရဲ့ စုစည်းမှုက အရင်ထက် ပိုအားကောင်းလာပြီးတော့ ရန်ကုန်−မန္တလေး ရထားလမ်း၊ ကားလမ်းကနေပြီး ပဲခူးရိုးမပေါ်ကို တက်ပြီး လှုပ်ရှားနိုင်တဲ့ အခြေအနေတွေ ရှိလာပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

လစာ၊ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ထားရသည့် ၎င်းတို့ လက်အောက်ခံ BGF များ ခွဲထွက်ခြင်းသည် အာဏာသိမ်း စစ်တပ်အတွက် ပထမဆုံးအတွေ့အကြုံ မဟုတ်ပေ။

ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင် ၁ တွင် ကရင်နီပြည်နယ်အတွင်း BGF တပ်ရင်း ၂ ရင်းက စစ်တပ်ကို ပြန်လည် တိုက်ခိုက်ကာ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းသွားပြီး မြန်မာ-ထိုင်း နယ်စပ် မယ်စဲ့မြို့ကိုပါ တိုက်ခိုက်သိမ်းပိုက်ထားသည့် သာဓကရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ​​လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများထဲမှ လက်နက်ချ အညံ့ခံခဲ့ကြစဉ်။ (ဓာတ်ပုံ – KNDF)

စစ်တပ်လောင်းရိပ်မှ BGF ခွဲထွက်ခြင်း၏ ဖြစ်တန်ခြေ

ကရင် BGF နှင့် အာဏာသိမ်းစစ်တပ်တို့ကြား ပဋိပက္ခမှာ မြန်မာ-ထိုင်း နယ်စပ် ရွှေကုက္ကိုမြို့ရှိ တရားမဝင် ကျားဖြန့် လောင်းကစားလုပ်ငန်းများနှင့် ဆက်စပ်နေသည်။

ကရင် BGF မှာ KNU မှ ခွဲထွက်လာသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း တွေ့ဆုံဆွေးနွေးနေကြသည်ကို တွေ့ခဲ့ရသည်။ ကရင် BGF သည် အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်ကောင်စီ လက်အောက်မှ ခွဲထွက်ခြင်းဖြစ်မည်ဟု ထို တပ် ၂ ခုလုံးနှင့်  ရင်းနှီးသည့် ဆက်ဆံရေးရှိသည့်၊ အမည်မဖော်လိုသည့် ကရင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူက ပြောသည်။

မြန်မာပြည်တောင်ပိုင်းတွင် အင်အားအကောင်းဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNU သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို ခုခံတိုက်ခိုက်ရန် ဖွဲ့စည်းထားသည့် PDF နှင့် ပူးပေါင်းစစ်ဆင်လျက်ရှိရာ ကရင် BGF ၏ လတ်တလော ဆုံးဖြတ်ချက်သည် ဒေသတွင်း လက်နက်ကိုင်အင်အားစု အခြေအနေနှင့် ဆက်စပ်နေနိုင်သည်ဟု အဆိုပါ ကရင်အမျိုးသားက သုံးသပ်သည်။

“PDF ပူးပေါင်းတပ်တွေကလည်း အင်အားကောင်းလာတယ်။ တိုက်ခိုက်ရေးလည်း ကောင်းလာတယ်။ အတွေ့အကြုံလည်းရှိလာတော့ အောက်ခြေတပ်သားတွေကလည်း ဘက်ပြောင်းချင်တဲ့ သဘောရှိတော့ အဲဒီဟာတွေကို ကြိုတင်ကာကွယ်ချင်တဲ့ သဘောမျိုးထင်တယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် မြဝတီမြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းများတွင် BGF ခေါင်း​ဆောင်များသာမက KNU ခေါင်းဆောင်တချို့၏ အကျိုးအမြတ်များပါရှိနေ၍ အခြေအနေမှာ မှန်းဆရ ခက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့ လောက်ကိုင်လို မဖြစ်ချင်ဘူး။ ရွှေကုက္ကိုက လောက်ကိုင်လို ဖြစ်သွားခဲ့ရင် သူတို့အတွက် နေရာပျောက်မှာလေ။ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ကိုယ့်ဟာကိုယ် ကြိုကာကွယ်တဲ့ သဘောမျိုးပေါ့” ဟု ၎င်းက ပြောသည်။

KNU ကမူ ဒေသတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ၎င်းတို့၏ ခေါင်းဆောင်များ ပါဝင်ပတ်သက်မှုမရှိဟု တုံ့ပြန်ထားသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူကို ၂၀၁၄ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – Facebook)

BGF နှင့် အာဏာသိမ်း စစ်တပ်တို့ကြား ပဋိပက္ခမှာ ထိုင်းစစ်တပ် စစ်ဗိုလ်ချုပ် ဂျက်ကာပေါင် ဂျန်ပန်ပန်းက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက်  မြန်မာ-ထိုင်း နယ်စပ်တွင် လှုပ်ရှားနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းကို နှိမ်နင်းမည့်သတင်း ထွက်ပေါ်ချိန်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားပြီး မြေဧက ၃ သောင်း ကျယ်ဝန်းသည့် ရွှေကုက္ကို မြို့သစ်စီမံကိန်းကို ရတိုင် နိုင်ငံတကာဦးပိုင်လုပ်ငန်း (Yatai International Holdings Group) က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုကုမ္ပဏီပိုင်ရှင် ရှီဇီကျန်းမှာ လိမ်လည်မှု၊ လောင်းကစားမှုများဖြင့် ၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖမ်းဆီးခံထားရသည်။

ရွှေကုက္ကို မြို့သစ်စီမံကိန်း ဦးဆောင်သူများဖြစ်သည့် ဗိုလ်မှူးကြီးစောချစ်သူ၊ ရှီဇီကျန်းနှင့် ချစ်လင်းမြိုင် ကုမ္ပဏီဒါရိုက်တာ စောမင်းမင်းဦးတို့ကို ဒီဇင်ဘာ ၈ တွင် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့က အရေးယူ ပိတ်ဆို့ထားသည်။

ရွှေကုက္ကိုစီမံကိန်းကို NLD အစိုးရလက်ထက်က အိမ်ရာစီမံကိန်းတစ်ခုအနေဖြင့် တရားဝင်ခွင့်ပြုထားခြင်းဖြစ်ပြီး ကျားဖြန့် လောင်းကစားလုပ်နည်းများကို ခွင့်ပြုထားခြင်း မရှိကြောင်း၊ ရွှေကုက္ကိုတွင် ထိုလုပ်ငန်းများရှိနေသည်ကို သိရပြီးနောက် ပြန်ပို့ရမည့်သူများကို ပြန်လည် ပို့ဆောင်ပေးနေကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုထားသည်။

BGF တို့ လာရာနှင့် လားရာ

ယခင်စစ်အစိုးရခေတ်က ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့များကို ပြည်သူ့စစ်များအဖြစ် အသွင်ကူးပြောင်းရန် ၂၀၀၉ ဧပြီတွင်  ကြေညာခဲ့သည်။

နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ ရပ်ရွာအခြေပြု ပြည်သူ့စစ်ဟူ၍ အမျိုးအစား ၃ မျိုးခွဲပြီး ဖွဲ့စည်းရန် ညွှန်ကြားခဲ့ကြောင်း  The Asia Foundation က ထုတ်ဝေပြီး ဂျွန်ဗျူခန်နန် ရေးသားသည့် မြန်မာနိုင်ငံမှ ပြည်သူ့စစ်အဖွဲ့များ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့တွင် တပ်မတော်နှင့် ပေါင်းစည်းထားသည့် ပြည်သူ့စစ်အဖွဲ့ (နယ်ခြားစောင့်) တပ်ရင်း ၂၃ ခုရှိပြီး စစ်တပ်က ပေးအပ်သည့် ဝတ်စုံ၊ လစာ၊ ရိက္ခာ၊ စစ်လက်နက်ပစ္စည်းများအပြင် ကျန်းမာရေးစောင့်ရှောက်မှုများပါ ရရှိကြမည်ဖြစ်သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လမ်းညွှန်ချက်အရ တပ်ရင်းတစ်ရင်းလျှင် တပ်မတော်ဘက်မှ စစ်သား ၃၀ ထည့်သွင်းရန် လိုအပ်ပြီး ၃ ဦးမှာ အရာရှိဖြစ်ရမည်၊ ဘဏ္ဍာရေးအထောက်အပံ့ကို ရရှိမည်ဖြစ်သော်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ခွင့်ပြုထားသည်ဟု ထိုစာတမ်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ်တွင် ပြောင်းလဲ ဖွဲ့စည်းခဲ့ရသည့် နယ်ခြားစောင့်တပ်ရင်း ၂၃ ရင်းတွင် ကရင် BGF တပ်ရင်းများလည်း ပါဝင်သည်။

၂၀၁၀ ဩဂုတ်တွင် ကရင် BGF ကို တိုးတက်သော ကရင့်အမျိုးသားတပ်မတော် (DKBA) မှ ခွဲထွက်လာသည့် တပ်ရင်း ၁၂ ရင်း၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့ KPF မှ တပ်ရင်း ၂၁ ရင်းတို့ ပူးပေါင်းပြီး တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

BGF ကို တပ်ရင်းတစ်ခုတွင် ၃၂၆ ဦး ပါဝင် ဖွဲ့စည်းရမည်ဖြစ်ပြီး ထိုတပ်ရင်းတွင် တပ်မတော်သား ၃ ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ်သည်ဟု ထိုသုတေသနစာတမ်းတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ် မဲသဝေါဒေသအတွင်း သွားလာနေသည့် BGF တပ်ဖွဲ့ဝင်များကို ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − AFP)

ကရင်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNU၊ DKBA၊ KNU/KNLA Peace Council နှင့် BGF တို့ နယ်မြေခွဲဝေမှု ညှိနှိုင်းထားသည်ဟု ကြားသိရပြီး အာဏာသိမ်း စစ်တပ်ကို ပြန်လည်တိုက်ခိုက်နိုင်ခြေရှိသည်ဟု ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တစ်ဦးက သုံးသပ်သည်။

“သူတို့ကိုယ်တိုင်လည်း စစ်ရေးပစ်မှတ်တွေကို နေရာချနေပြီ။ DKBA ရော၊ BGF ရော၊ PC ရော နေရာချနေကြပြီ။ အာဏာသိမ်း ၃ နှစ်ပြည့်မှာတော့ တစ်ခုခု ထူးလာမယ် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် BGF နှင့် ပြည်သူ့စစ်တပ်ဖွဲ့များမှာ စစ်တပ်၏ ထောက်တိုင်များဖြစ်၍ သတိထား ကိုင်တွယ်ရမည်၊ အာဏာသိမ်း စစ်တပ်နှင့် တန်းတူ အန္တရာယ်ရှိသည်ဟု သုံးသပ်သူများလည်း ရှိသည်။

နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များကို အာဏာသိမ်း စစ်တပ်နှင့် ထပ်တူသဘောထားကာ တိုက်ခိုက်ချေမှုန်းရမည်၊ စည်းရုံးသိမ်းသွင်းပြီး ၎င်းတို့၏ အင်အားများကို အသုံးပြုရန်မှာ အန္တရာယ်များသည်ဟု နိုင်ငံရေးနှင့် စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“စစ်တပ်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေကို စစ်တပ်နဲ့ တန်းတူထားပြီး ဖြိုခွဲရမှာပါ။ ခုက ပြိုကွဲနေပါပြီ။ အဲ့ဒီအင်အားစုတွေက ကျွန်တော်တို့အတွက် လက်နက် ရေသောက်မြစ်တစ်ခုလို့ပဲ သဘောထားရမှာပါ။ အဲဒီက လူတွေကို ဆွဲဆောင်စည်းရုံးပြီးတော့ ကိုယ့်တပ်တည်ထောင်ဖို့ကတော့ သိပ်ပြီးမလွယ်ပါဘူး” ဟု ပြောသည်။

ထို့ပြင် လူကုန်ကူးမှု၊ မူးယစ်ဆေး၊ လောင်းကစားများဖြင့် ချမ်းသာကြွယ်ဝနေသည့် ခေါင်းဆောင်ပိုင်းများကို သတိထားဆက်ဆံရမည်ဖြစ်ပြီး ၎င်းတို့ ကျူးလွန်ထားသည့် ပြစ်မှုများအတွက်လည်း အရေးယူရန် လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။

“အဓိကအားဖြင့် အောက်ခြေက တပ်မှုး၊ တပ်သားတွေကို ဆွဲဆောင် စည်းရုံးဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။ အထက်ပိုင်း ခေါင်းဆောင်တွေကတော့ တစ်လျှောက်လုံး စီးပွားရေးတွေလုပ်ပြီး ကြွယ်ဝချမ်းသာနေကြသူတွေပါ။ သူတို့ တစ်ဦးချင်း အမြင်မှန်ရပြီး ပြောင်းလဲလာတယ်ဆိုရင်တော့ အသိအမှတ်ပြုပြီးတော့ လက်ခံ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟုလည်း ဦးသန်းစိုးနိုင်က ပြောလိုက်သည်။

Show More

Related Articles

Back to top button