သတင်း

သမ္မတနှင့်အတိုင်ပင်ခံ နေပြည်တော်တွင် ကြိုတင်မဲပေး

ကိုဗစ်နိုင်တင်းရောဂါကြောင့် မဲစာရင်းပါဝင်ရာ ရန်ကုန်မြို့သို့မပြန်နိုင်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ ယနေ့မနက်တွင်  ကြိုတင်မဲပေးခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဒုဥက္ကဋ္ဌ (၁) ဖြစ်သည့် ဦးဝင်းမြင့်တို့သည် ပြည်ထောင်စုနယ်မြေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးခွဲသို့ ယနေ့မနက်တွင်ရောက်ရှိလာခဲ့ကြပြီး အဝေးရောက်မဲဆန္ဒရှင်များအဖြစ် ၎င်းတို့နေထိုင်သည့် မဲဆန္ဒနယ်များအတွက် ကြိုတင်ဆန္ဒပြုကြခြင်းဖြစ်သည်။သမ္မတ ဦးဝင်းမြင့်က တာမွေမြို့နယ်နှင့် ဒေါ်အောင်ဆန်းစုကြည်က ဗဟန်းမြို့နယ်တွင် ပါဝင်ကြသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့အတွက် သုံးမဲစီ ဆန္ဒမဲ အသီးသီးပေးခဲ့ကြခြင်းဖြစ်သည်။

 သမ္မတဦးဝင်းမြင့်က “ပြည်သူတွေကို ကျနော်တို့ ယုံကြည်ပါတယ်။ ပြည်သူလူထုကလည်း ကျနော်တို့ကို ယုံကြည်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကြိုတင်မဲပေးပြီးချိန်တွင် သတင်းထောက်များကိုပြောဆိုသွားသည်။

အထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ရက်တွင် ကိုဗစ်နိုင်တင်းကြောင့် မူရင်းနေရပ်ရှိ မဲဆန္ဒနယ်သို့ ပြန်လည် မဲမပေးနိုင်သည့် နိုင်ငံသားများကို ရောက်ရှိနေသည့် နေရာမှနေ၍ မဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုပေးထားခြင်းဖြစ်သည်။ 

အဆိုပါအစီအစဉ်ဖြင့် ရရှိလာသည့် ကြိုတင်မဲများကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများထံသို့ နိုဝင်ဘာ ၁ရက်နေ့ အရောက်ပို့ရန် စီစဉ်မည်ဟု အောက်တိုဘာ ၁၇ရက်ကတည်းက ကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Show More

Related Articles

Back to top button