သတင်း

ရခိုင်မြောက်ပိုင်း ၅ မြို့ သိမ်းယူနိုင်ရေး AA ဆက်လက်ထိုးစစ်ဆင်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားသလို ပေါက်တောမြို့ကို သိမ်းယူထားသော AA က ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲမြို့တို့တွင် ဆက်တိုက် ထိုးစစ်ဆင်နေသည်။

“၁၀၂၇ စစ်ဆင်ရေး”ကို အစပြုခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) သည် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများတွင် ပါဝင်နေရုံသာမက ရခိုင်ပြည်နယ်မြောက်ပိုင်း ၅ မြို့နယ်ကို သိမ်းယူနိုင်ရေး ထိုးစစ်ဆင်နေသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့တို့ကို ထိန်းချုပ်နိုင်ရန် AA က ကြိုးပမ်းနေကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလဆန်းက AA တိုက်ခိုက်သိမ်းပိုက်လိုက်သော ကုလားတန်မြစ်အထက်ပိုင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တောင်ဘက် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးတို့တွင်သာမက စစ်တွေမြို့ မြောက်ဘက် ရသေ့တောင်နှင့် ရမ်းဗြဲကျွန်းပေါ်တွင်လည်း တိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်သည်။

အလားတူ စစ်ကောင်စီကလည်း ပြည်နယ်၏ မြို့တော် စစ်တွေတွင် ခံစစ်ပြင်နေပြီး ဇန်နဝါရီလဆန်းမှ စတင်၍ မြို့နယ်အစွန် ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှ ကျေးရွာများရှိ ဒေသခံတို့ကို ထွက်ခွာခိုင်းသလို ရွာတချို့ကို ဝင်ရောက်စစ်ဆေးကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ ရွာမီးရှို့ခြင်းများ ဆက်တိုက်လုပ်နေသည်။

စစ်တွေမြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးသော်လည်း AA က မြို့၏ အပြင်ဘက်မှ ဝိုင်းဝန်းထားသည့်အခြေအနေ ဖြစ်နေပြီဖြစ်သည်။

မြေပုံမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ထိုးစစ်ဆင်ခံနေရသည့် အဆိုပါ မြို့ ၅ မြို့ကို AA က မကြာမီ ထိန်းချုပ်သွားနိုင်ဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။

“နေ့တိုင်းပဲ….လက်နက်ကြီးသံ၊ လေယာဉ်သံတွေတော့ ကြားနေရတယ်၊ သိပ်မကြာခင် (တိုက်ပွဲ) ပြတ်ဖို့ ရှိပါတယ်။ တစ်မြို့ပြီးတစ်မြို့ သိမ်းနိုင်မှာပါ” ဟု ဦးဖေသန်းက ဆိုသည်။

“ကျွန်တော်တို့ ကြားသလောက်တော့ ကျောက်တော်လည်း မကျန်သလောက်ပဲ။ ပေါက်တောလည်း သိမ်းထားပြီးပြီ။ မင်းပြား၊ မြောက်ဦး အကုန်လုံး နိုင်ခြေရှိနေပြီးပါပြီ၊ သိပ်မကျန်တော့ဘူး။ သည်တစ်ပတ်အတွင်းတော့ အကုန်ပြတ်မယ်လို့ ယူဆရပါတယ်”

၂၀၂၃ အောက်တိုဘာ ၂၇ တွင် AA  ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်အတွင်း “၁၀၂၇ စစ်ဆင်ရေး” အမည်ဖြင့် စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာ ၈ တွင် ညီနောင်အဖွဲ့က ရခိုင်ဒေသတွင်လည်း အဆိုပါ စစ်ဆင်ရေး အစပြုကြောင်း ကြေညာသည်။

ယခုအခါ AA တပ်များသည် ရှမ်းမြောက်ဒေသတိုက်ပွဲများ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်တို့တွင်လည်း တစ်ပြိုင်နက် ပါဝင်နေပြီး မိုးမိတ်၊ မဘိမ်းမြို့သိမ်းတိုက်ပွဲများတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်အတူ တိုက်ပွဲဝင်နေသည်။

စစ်ဆင်ရေးအတွင်း AA သည် စစ်ကောင်စီ၏ စစ်ဗျူဟာစခန်းများ၊ လက်နက်ကြီးစခန်းများစွာ သိမ်းပိုက်ခဲ့သည်။

ဇန်နဝါရီ ၁၉ တွင် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေနှင့် အနီးဆုံးမြို့တစ်မြို့ဖြစ်သော ပေါက်တောမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး နောက်တစ်နေ့တွင် AA က မြို့ကို သိမ်းယူလိုက်ကြောင်း ဒေသခံများက ပြောထားသည်။

“ပေါက်တောက မြေပြင်သတင်းအရ (စစ်သားတွေ) မရှိတော့ဘူး။ လက်ကျန်တွေကိုလည်း စစ်တပ်ကို ထုတ်သွားပြီ။ ထုတ်တာတောင် အကျအရှုံးခံပြီးတော့ ထုတ်သွားရတာပါ” ဟု ဦးဖေသန်းက ဒေသခံများကို ကိုးကား၍ ပြောသည်။

AA က ပေါက်တောမြို့ကို သိမ်းယူထားကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကား၍ Myanmar Now အနေဖြင့် ကနဦးသတင်းဖော်ပြထားပြီး AA ဘက်က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

ပေါက်တောမြို့သားတစ်ဦးက “ပေါက်တောကိုက သိမ်းလိုက်နိုင်ပြီ၊ AA က တိုက်နေတုန်း၊ အထိနာတဲ့ စစ်တပ်က ဆုတ်သွားတာ၊ သူတို့ ဝါဒဖြန့်တာတော့ တခြားနေရာမှာ စစ်ကူလိုနေလို့ ပေါက်တောက တပ်တွေကို နောက်ဆုတ်ပြီး၊ ဟိုဘက်ပို့တယ်လို့ ပြောတာပေါ့၊ ဒါပေမဲ့ သူတို့ရှုံးလို့ ဆုတ်သွားတာ” ဟု သူက ပြောသည်။

ပေါက်တောမြို့တွင်း AA က နေရာယူထားပြီး မြို့အတွင်း ဝင်ရောက်ခွင့်မပြုသေးဘဲ နယ်မြေရှင်းလင်းနေကာ မြို့ခံများမှာ မြို့လုံးကျွတ် တိမ်းရှောင်နေရသည်။

မင်းပြားမြို့သိမ်းနိုင်ရေး AA ကြိုးပမ်း

မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲမြို့တို့တွင် AA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေရာ၊ မြို့အားလုံးတွင် AA က အသာစီးရရှိနေပြီး၊ မြို့အားလုံးကို ရရှိလုနီးပါးဖြစ်နေသည်ဟု ဦးဖေသန်းက ဆိုသည်။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းစခန်းနှစ်ခုကို AA က သိမ်းပိုက်ပြီးဖြစ်ပြီး၊ တပ်ရင်းတစ်ရင်းသာ ကျန်ရှိတော့သည်ဟု ၎င်းက ပြောသည်။

ဦးဖေသန်းသည် အမတ်ဟောင်းဖြစ်သလို ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်ကာ AA နှင့် နီးစပ်သူများနှင့် ရင်းနှီးသောဆက်ဆံရေးရှိသူ ဖြစ်သည်။

“မင်းပြားမှာက တပ်ရင်း ၂ ရင်း ကျသွားပြီး၊ နောက်တစ်ရင်းပဲ ကျန်တော့တယ်။ အဲ့ဒါရဖို့ ဆက်တိုက်နေတယ်၊ ဝရုန်းသုန်းကားဖြစ်နေပြီပေါ့။ မင်းပြားကို အင်အားဖြည့်တဲ့သတင်း ကြားရတယ်။ ၁၀၀ လောက်လို့ ကြားတယ်။ ဒါပေမဲ့ အဲ့ဒီကို မရောက်ဘူး။ ကြားမှာတင် ဖြတ်တောက်ပြီး ဝိုင်းဝန်းပိတ်ဆို့ထားတယ်” ဟု ဦးဖေသန်းက ပြောသည်။

AA သည် မင်းပြားမြို့ကို သိမ်းပိုက်နိုင်ရန်အတွက် ခြေမြန်တပ်ရင်းများဖြစ်သည့် (၃၇၉)၊ (၃၈၀) နှင့် (၅၄၁) တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ကျောက်တော်အခြေစိုက် အမှတ် (၃၇၇) အမြောက်တပ်ရင်းကို ဇန်နဝါရီ ၁၄ တွင် AA က တိုက်ခိုက် သိမ်းပိုက်အပြီး မြင်ကွင်း။ (ဓာတ်ပုံ-AA Info Desk)

ဇန်နဝါရီ ၂၀ ရက်နေ့တွင် မင်းပြားမြို့သို့ စစ်ကူတက်လာသော တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းကို ဖြတ်တောက်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး အလောင်းများနှင့် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိကြောင်း၊ Y8 လေယာဉ်ပေါ်မှ ချပေးသော ထောက်ပို့ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ရေယာဉ် ၄ စီးသည် ဇန်နဝါရီ ၂၁ တွင် မင်းပြားသို့ စစ်အင်အားဖြည့်တင်းရန် လာရောက်ခဲ့ပြီး ကမ်းပေါ်သို့တက်ရန်အတွက် ကျားရှည်ပြင်ရွာအနီးတွင် ရပ်နားခဲ့သည်၊ ကမ်းပေါ်တက်ရန် ချဉ်းကပ်နေသဖြင့် AA နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“တက်လာတဲ့ နေဗီတွေဟာ ကျားရှည်ပြင်ရွာနားမှာ ရှိတယ်။ အဲဒီနေဗီတွေကို ကိုယ့်လူတွေက လာပစ်တာလား၊ နေဗီကပဲ ပစ်တာလား မသိ။ ညဉ့် ၉ နာရီကပင် စပြီးတော့ တိုက်ပွဲဖြစ်သံလို ကြားတယ်။ နှစ်ဘက်ပစ်သံလို စက်သေနတ်သံတွေက ဒီး—ဒီး နဲ့ စက်သေနတ်အသံတွေကပင် ကြားရတယ်။ လက်နက်ကြီးသံတွေလည်း ကြားရတယ်” ဟု သူက ဆိုသည်။

“ညဉ့် ၁၂ နာရီလောက်မှာ စပြီးတော့ ဖြစ်ကြသေးတယ်။ ကျွန်တော်တို့လည်း ညဉ့်တောင် ကောင်းကောင်း မအိပ်ရဲဘူး။ ၁၂ နာရီကျော်လောက်မှာ ဖြစ်ကြပြီးတော့ ၁ နာရီလောက်မှာမှ နည်းနည်း ငြိမ်သွားတယ်”

ထို့နောက် ဇန်နဝါရီ ၂၂ နံနက် ၇ နာရီခန့်တွင် တိုက်ပွဲဖြစ်ပြီး ၁၀ နာရီခန့်တွင် လေယာဉ်က ၃ ကြိမ်ထက်မနည်း ဗုံးကြဲရာတွင် ပေါင် ၅၀၀ ဗုံးများ ပါဝင်ကြောင်း ဆိုသည်။

မြောက်ဦးခရိုင် မင်းပြားမြို့အရှေ့ဘက်တွင် ရာမောင်မြစ်၊ အနောက်ဘက်တွင် လေးမြို့မြစ်တို့ ရှိပြီး ၂၀၁၉ အထိ အစိုးရဌာနစာရင်းများအရ မြို့ပေါ်တွင် အိမ်ခြေ ၄၇၀၀ ကျော်၊ လူဦးရေ ၂၃၀၀၀ ကျော် ရှိကာ ကျေးလက်နေသူ ၂ သိန်းဝန်းကျင်ရှိသည်။  မင်းပြားမြို့မြောက်ဘက်တွင် မြောက်ဦးမြို့၊ အနောက်တောင်ဘက်တွင် ပေါက်တောမြို့တို့ရှိသည်။

မင်းပြားမြို့ကို ၂၀၁၇ ဇန်နဝါရီလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းပြားမြို့နယ်)

ကျောက်ဖြူမြို့နှင့် ရေမိုင် ၄ မိုင်ခန့်သာ ဝေးသည့် ဓညဝတီရေတပ်စခန်းကို ယမန်နေ့ နံနက်တွင် AA က ရှော့ခ်တိုက်ဒုံးဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီး ရေတပ်ကလည်း လက်နက်ကြီးဖြင့် ပြန်လှန်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့၏အဆိုအရ သိရသည်။

“မနက် ငါးနာရီလောက် ပစ်တာ။ မြို့ထဲကနေ ကြားရတယ်။ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်တယ်။ AA က ရှော့ခ်တိုက်ဒုံးနဲ့ပစ်တာ။ စစ်တပ်စခန်းကို ထိတယ်လို့ သိရတယ်။ အသေအပျောက် ဘယ်လောက်ရှိမှန်း မသိဘူး” ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

“မထင်မှတ်ဘဲ ကွက်ကျားကွက်ကျား တိုက်ပွဲ ပြင်းထန်လာနိုင်တယ်။ ဒေသခံတွေကို စစ်တပ်က တင်းကျပ်မှုတွေ များလာနိုင်တယ်။ ပြီးတော့ နေ့လယ်၊ ညရော အချိန်အခါမသိ သွားလာလို့မရတဲ့ အစိတ်အပိုင်းတွေ၊ ညဆိုတော့ ပိုဆိုးတာပေါ့။ စိုးရိမ်စိတ်တွေ ပိုများလာမယ်လို့ ထင်ပါတယ်။ ဘာလို့ဆိုတော့ တိုက်ပွဲခေါ်သံတွေက မြို့နဲ့ သိပ်မဝေးဘူး”

စစ်ပွဲဖြစ်ပွားရာ မြို့များမှ မြို့ခံလူထုသည် ပိုမို ဘေးကင်းနိုင်မည့် ကျေးလက်ဒေသများသို့ ရှောင်တိမ်း နေထိုင်နေကြရသည်ဟု ဦးဖေသန်းက ပြောသည်။

“ဆွေမျိုးသားချင်းရှိတဲ့ ရွာတွေ၊ ကျည်လွတ်တဲ့နေရာကို ရှောင်ကြတာပေါ့။ တစ်မြို့နဲ့တစ်မြို့နဲ့ သိပ်ပြီးတော့ အထောက်အကူပြုနိုင်တဲ့ အနေအထားမျိုးမရှိဘူး။ စားရေးသောက်ရေးကတော့ ရပ်ရွာက ကူညီထားကြရတာမျိုးရှိတယ်” ဟု ဦးဖေသန်းက ဆိုသည်။

“အခုအချိန်မှာတော့ ပြည်သူတွေက အသက်မသေရင် ပြီးရောပေါ့၊ တိုက်ပွဲက မကြာခင် ပြီးသွားလိမ့်မယ် ဆိုပြီးတော့ မျှော်လင့်ချက်ကလည်း ပါတာပေါ့”

AA တပ်က ရှမ်းမြောက်ဒေသနှင့် စစ်ကိုင်းတိုင်းဒေသအချို့တွင် ထိုးစစ်ဆင်နေသော်လည်း ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးအတွက်လည်း အင်အား လုံလုံလောက်လောက်ရှိသည်ကို တွေ့ရသည်၊ စစ်တပ်၏ အရပ်သားတို့အပေါ် ဖိနှိပ်ဒုက္ခပေးမှုကြောင့် AA ထောက်ခံသူများပြားကာ အင်အားပိုတောင့်တင်းလာခြင်းဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

 ၂၀၂၃ ဖေဖော်ဝါရီလတွင် စစ်ကောင်စီတပ်ရေယာဉ်တစ်စီးက စစ်တွေမြို့အနီး စက်လှေများကို ခေါ်ယူစစ်ဆေးနေစဉ်။ (ဓာတ်ပုံ-Myanmar Now)

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ နေ့စဉ် ပြင်းထန်နေပြီး၊ စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းတို့မှပါ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်မှုများရှိနေကြာင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက စစ်ရေးသတင်းများကို ထုတ်ပြန်ခြင်း မရှိတော့ဘဲ အွန်လိုင်းသတင်းဌာနများ၏ တင်ဆက်မှုများ မှားယွင်းကြောင်းသာ နေ့စဉ် ထုတ်ပြန်နေသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ပြည်နယ်မြို့တော် စစ်တွေမြို့အထိ နီးကပ်လာသည့်အတွက် စစ်တွေမြို့ခံလူထုမှာ စိုးရိမ်မှုများရှိနေပြီး၊ မြို့မှ တိမ်းရှောင်သူများလည်း ရှိနေကြောင်း သိရသည်။

ပေါက်တောမြို့ကို သိမ်းနိုင်ပြီဟု သတင်းများကြားပြီးနောက် ရေမိုင် ၁၆ မိုင်အကွာမှ စစ်တွေမြို့အထိပါ AA က တိုက်ခိုက်လာနိုင်သည်ဟု ယူဆပြီး၊ တိမ်းရှောင်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်ကြောင်း အထက်ပါ ပေါက်တောမြို့ခံ အမျိုးသားက ပြောသည်။

“စစ်တွေက လူတွေလည်း မြို့ကနေ ထွက်ပြီး ရှောင်နေကြတယ်လို့ ကြားသိရပါတယ်။ သေချာတော့ မသိရဘူး။ တိုက်ပွဲက စစ်တွေမြို့အထိ ရောက်လာနိုင်တယ်လို့ ယူဆပြီး ရှောင်ကြတိမ်းကြတာတဲ့” ဟု သူက ဆိုသည်။

စစ်တွေမြို့ပေါ်တွင် သွားလာလုပ်ကိုင်နေသူများ ရှိနေသေးပြီး၊ နေထိုင်၍ ရနေသေးကြောင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ အခြေအနေများ အသေးစိတ်မသိရကြောင်း စစ်တွေမြို့ပေါ် နေထိုင်သူတစ်ဦးက ပြောသည်။

“မြို့ပေါ်တော့ သွားလာနေကြတုန်းပါပဲ၊ ရှောင်ကြတိမ်းကြတဲ့လူတွေအကြောင်းတော့ မသိဘူး။ တိုက်ပွဲတွေအကြောင်းလည်း ကျွန်တော်တို့ဆီက အင်တာနက်ရော၊ ဖုန်းလိုင်းတွေရောက ဖြတ်တောက်ခံထားရတော့ မကြားရ မသိရဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။

ရခိုင်ပြည်နယ်မြို့နယ်အများအပြားတွင် AA ကို ထောက်ပံ့ကူညီသည်၊ ဒေသခံသတင်းဌာနများ၏ အွန်လိုင်းသတင်းများကို နှစ်သက်ကြောင်း ပြသသည်၊ မျှဝေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူ၊ တောင်ကုတ်၊ ငပလီ၊ သံတွဲ၊ စစ်တွေတို့တွင်   ဒေသခံများကို ဖမ်းဆီးနေကြောင်း စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ရေးသားနေသည်။

Related Articles

Back to top button