သတင်း

ရသေ့တောင်တွင် စက်လှေတစ်စီး ပစ်ခတ်ခံရပြီး တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအနီးတွင် စက်လှေတစ်စီး ယနေ့ (အောက်တိုဘာ ၂၈) နေ့လယ်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူနှင့် သွားရောက်ကယ်ဆယ်ခဲ့သူများက ပြောသည်။ 

စက်လှေပေါ်တွင် လိုက်ပါလာသူ ၄ ဦးအနက် အသက် ၁၈ နှစ်အရွယ် မောင်ဇော်ဝင်းထွန်း သေဆုံးခဲ့ကာ ကျန်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရသေ့‌တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။  

 ဆန်၊ ဆီ၊ ပဲများ တင်ဆောင်လာသည့် အဆိုပါစက်လှေသည် စစ်တွေမှ ဘူးသီးတောင်သို့ သွားရောက်ပို့ဆောင်စဉ် မေယုမြစ်အတွင်း တပ်မတော်ရေယာဉ်နှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒဏ်ရာရရှိသူများကို ကိုးကားလျက် သွားရောက်ကယ်ဆယ်ခဲ့သူများက ဆိုသည်။ 

“ဘုတ်ပေါ်မှာပါတဲ့ လူတွေပြောတာက ဇက် (တပ်မတော်ရေယာဉ်) လာလို့ အစစ်အဆေးခံရမယ် ထင်ပြီး ကမ်းကပ်ဖို့ သွားတဲ့အချိန်မှာ ပစ်တာလို့ ပြောပါတယ်” ဟု စက်လှေမီးလောင်နေချိန် သွားရောက်ငြှိမ်းသတ်ခဲ့သည့် ပြိန်းတောရွာသား ကိုကျန်သိန်းမောင်က ပြောသည်။

လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် စက်လှေ၏ စက်ခန်း၊ ဖင်ပိုင်းနှင့် ဘေးပတ်လည် မီးလောင်သွားကာ စက်လှေခေါင်းတစ်ပိုင်းတစ်ခုသာ ကျန်တော့ကြောင်းနှင့် မြစ်ထဲ မြုပ်သွားနိုင်ခြေရှိကြောင်းလည်း ၎င်းက ပြောသည်။ 

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်လာသည့်စက်လှေဖြစ်သည်ဟု ဒေသခံများက ဆိုသော်လည်း မှန်ကန်မှုမရှိဘဲ AA အကြမ်းဖက်သောင်းကျန်းသူများ စီးနင်းလာသည့် စက်လှေသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ညဦးပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ 

ICRC ကလည်း ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ရာ စစ်တွေမှ ရသေ့တောင်သို့ ICRC ၏အကူအညီများ သယ်ယူပို့ဆောင်ပေးနေသော အငှားရေယာဉ်တစ်စင်းပါဝင်ကြောင်း အတည်ပြုသော်လည်း ယခုဖြစ်စဉ်မှ ရေယာဉ်ပေါ်တွင် ၎င်းတို့ဝန်ထမ်းများ မပါဝင်ကြောင်းနှင့် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ လွန်စွာဝမ်းနည်းမိကြောင်း ဖော်ပြထားသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ICRC တာဝန်ရှိသူများကို တပ်မတော်က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့စက်လှေမဟုတ်ကြောင်းနှင့် ထိုသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန်ရှိပါကလည်း သက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီများကို ကြိုတင်အသိပေး ညှိနှိုင်းပြီးမှသာ ပို့ဆောင်လေ့ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စေတီပြင်တိုက်နယ်ဆေးရုံသို့ မီးလောင်ဒဏ်ရာပြင်းထန်သူ နှစ်ဦးရောက်ရှိနေပြီး ICRC ကယ်ဆယ်ရေးပစ္စည်းများကို စက်လှေအငှားလိုက်ကာ ပို့ဆောင်သူများဖြစ်ကြောင်း စေတီပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးထွန်းလှိုင်က ပြောသည်။

“အလောင်းလည်း တစ်လောင်းရတယ်လို့ ကြားတယ်။ အတိအကျတော့ မသိရသေးဘူး။ ဒီကိုတော့ မီးလောင်ဒဏ်ရာတွေနဲ့ နှစ်ယောက်ရောက်တယ်။ တစ်ယောက်က မြောက်ဦးမြို့နယ် ငခွာရွာက တစ်ယောက်။ နောက်တစ်‌ယောက်က စနဲမြို့နယ်ကလို့ ပြောပါတယ်။ ICRC ပစ္စည်းတွေကို ဘူးသီးတောင်ပို့ဖို့ သွားတယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။ 

စေတီပြင်တိုက်နယ်ဆေးရုံသို့‌ ရောက်ရှိနေသူများမှာ ဒဏ်ရာပြင်းထန်သဖြင့် ညနေပိုင်းတွင် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း စေတီပြင်ကျေးရွာမှ ကိုအောင်မင်းစိုးက ပြောသည်။။ 

အဆိုပါစက်လှေ ပစ်ခတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

Show More

Related Articles

Back to top button