အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြဝတီမြို့အနီး KNU သိမ်းထားသည့် လက်ခတ်တောင်စခန်းကို လေတပ် ဗုံးကြဲ

KNU က ၆ လကျော်ကြာ သိမ်းယူထားသည့် ကရင်ပြည်နယ် လက်ခတ်တောင်စခန်းကုန်းကို လေတပ်က သွားရောက် ဗုံးကြဲရာ အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) က သိမ်းယူထားသည့် မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို ဇန်နဝါရီ ၁၆ ရက်ညနေပိုင်းတွင် စစ်တပ်က လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံး ၂ လုံး ကြဲချခြင်း ဖြစ်ပြီး တော်လှန်ရေးအင်အားစုများဘက်က ထိခိုက်မှုမရှိဟု KNU တပ်မဟာ ၆ မှ သတင်းရင်းမြစ်က ပြောသည်။

“ကျွန်တော်တို့လူတွေ အစုလိုက်အပြုံလိုက် ရှိနေတယ်၊ သတင်းကြားမယ် ထင်တယ်၊ သူတို့ (စစ်ကောင်စီ) က ခြိမ်းခြောက်တာ ဖြစ်နိုင်သလို အလစ်အငိုက်လို့ ခန့်မှန်းပြီး တိုက်ခိုက်တာမျိုးလဲ ဖြစ်နိုင်ပါတယ်” ဟု သူက ဆိုသည်။

တိုက်ခိုက်မှုကြောင့် လက်ခတ်တောင်ရှိ အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးသွားကြောင်း၊ လူသူထိခိုက်မှုမရှိကြောင်း မြေပြင်ရဲဘော်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာ-ထိုင်း နယ်စပ်အခြေစိုက် သံလွင်ခက်မီဒီယာက သတင်းရေးသားထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

KNU က ‌သိမ်းယူပြီး ၆ လကျော်ကြာ တပ်စွဲထားသည့် ထိုနေရာကို ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက KNU ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ်သူ ပဒိုစောတောနီး၊ KNU တပ်မဟာ ၆ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး နယ်ဒါးထူးတို့ သွားရောက်ခဲ့ပြီး ရှေ့တန်းဒေသ ရဲဘော်များနှင့် တွေ့ဆုံခဲ့သေးသည်။

မြဝတီမြို့တောင်ဘက် ၄ မိုင်အကွာ စစ်ရေးအရ ဗျူဟာမြောက် အရေးပါသော လက်ခတ်တောင်ပေါ်ရှိ စခန်းကုန်းကို ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံတပ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့ ပူးပေါင်းကာ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် သိမ်းယူခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ (ဓာတ်ပုံ − သံလွင်ခက်)

မြဝတီမြို့ လုံခြုံရေးအတွက် အချက်အချာကျသည့် အဆိုပါ စခန်းကုန်းကို သိမ်းနိုင်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက  ၂ ရက်ကြာ တိုက်ခိုက်ခဲ့ရသည်။ ယင်းစခန်းကုန်းကို ပြန်ရရန် စစ်ကောင်စီက စစ်သည်အင်အားများစွာ အသုံးပြုပြီး ပြန်လည်ထိုးစစ်ဆင်ဖူးသည်။ ထိုးစစ်တွင် လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုမှု၊ လေကြောင်းတိုက်ခိုက်မှုများလည်း ပါဝင်သည်။

စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးရသည့် စခန်းများ ပြန်ရရန် ထိုးစစ်ဆင်နိုင်သည့် အနေအထားမျိုး မရှိဘဲ လက်ကျန်စခန်းများ လက်မလွှတ်ရရေးအတွက် ခံစစ်ဆင်နေရသည့် အခြေအနေဖြစ်နေသည်ဟု KNU သတင်းရင်းမြစ်က ဆိုသည်။

လက်ခတ်တောင်ကို ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

၂၀၂၁ တွင် စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာသဖြင့် စစ်တပ် ပါဝင်လက်မှတ်ထိုးထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ပျက်ပြယ်ပြီဟု KNU က ထုတ်ပြောထားသည်။

ယင်းနောက် စစ်ကောင်စီကို တော်လှန်လိုသည့် လူငယ်များကို KNU က စစ်သင်တန်းပေးပြီး ၎င်းတို့ လှုပ်ရှားနယ်မြေများအတွင်းရှိ စစ်ကောင်စီ ထောက်ပံ့ပို့ဆောင်ရေး လမ်း၊ တံတားတချို့၊ စစ်တပ်စခန်း၊ ရုံးဌာနများကို မကြာခဏ တိုက်ခိုက်နေကြသည်။

ယခင်က ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်လိုလျှင် စစ်တပ်က ကချင်ပြည်နယ်နှင့် အခြားဒေသတွင် အပစ်ရပ်ထားတတ်သည်။ ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်လျှင်လည်း အခြားဒေသများတွင် တိုက်ပွဲဖော်လေ့မရှိပေ။ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် ယခုအချိန်တွင် စစ်ကောင်စီ၏ ထိုးစစ်ကို စစ်ကိုင်းတိုင်းဒေသတချို့တွင် အနည်းငယ် တွေ့နိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button