မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အနောက်ပိုင်း ဘော်မားကျေးရွာအတွင်း ဇန်နဝါရီ ၁၀ ရက်နေ့ ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်မှုကြောင့် ရွာခံအမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ည ၈ နာရီခွဲခန့်တွင် လက်နက်ကြီးကျည်ကြောင့် ၄၅ နှစ်အရွယ် ဦးလော်ဇုန်း သေဆုံးကြောင်း၊ စစ်ကောင်စီတပ်က ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း မိုးကုတ်အနောက်ပိုင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အဲ့ဒီညက ရွာကို နှစ်လုံးကျတယ်၊ တစ်လုံးက ချုံထဲကျတာ၊ တစ်လုံးက ဦးလောဇုန်းတို့အိမ်ထဲ ကျတာ၊ တိုက်အိမ်ထဲ နေနေတဲ့သူတွေကတော့ မထိဘူး။ အိမ်အပြင်မှာ ရောက်နေတဲ့ ဦးလောဇုန်းကတော့ နေရာတင်ပဲ သေသွားတာ” ဟု ကျပ်ပြင်မြို့ခံက ဆိုသည်။
“ဗျူဟာကုန်းကနေ ပစ်တာလို့ ယူဆကြပါတယ်။ ဝန်းကျင်မှာက တိုက်ပွဲဖြစ်နေတာမျိုးတော့ မရှိဘူး။ လက်နက်ကြီးတွေက အမြဲလို ပစ်နေကြတာပါ”
ယင်းနေ့ညက မြို့ဦးလွင်ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်း ဖြစ်သည်၊ ဦးလောဇုန်းမှာ ကျောရိုးမှ ဖောက်ဝင်သွားသည့်ဒဏ်ရာများဖြင့် သေဆုံးသည်ကို တွေ့ခဲ့ရသည်ဟု မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသံဇဉ်ဆိုသူက ပြောသည်။
“အဲ့ဒီအနားဝန်းကျင်ရွာတွေက တော်လှန်ရေးတပ်ဖွဲ့တစ်ခုက လှုပ်ရှားသွားလာပြီးတော့ ရွာတွေကို စည်းရုံးရေးဆင်းတာမျိုးရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီလက်နက်ကြီးကျည် ပစ်တဲ့နေ့ကတော့ PDF တွေလည်း ရောက်မနေဘူး။ တိုက်ပွဲဖြစ်နေတာမျိုးလည်း မရှိဘူး။ ရွာခံတွေအနေနဲ့ PDF တွေကို လက်ခံတာမျိုးမလုပ်ရဲအောင် ပစ်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အထက်ပါ ဘုန်းကြီးကျောင်းသည် မိုးကုတ်အရှေ့ပိုင်းရပ်သို့ ဆက်သွယ်ထားသည့် ကားလမ်းဘေးတွင် တည်ရှိသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အရပ်သားထိခိုက်မှုတချို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ရှိရာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း၊ အကြမ်းဖက်သမားတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြတတ်သည်။
လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်ကလည်း စစ်ကောင်စီတပ်၏ မြို့ကုတ်မြို့တွင်း ဗျူဟာကုန်းက ပစ်ခတ်သည့်လက်နက်ကြီးကျည်များ ကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ဖူးသည်။
မန္တလေးတိုင်းအစွန်ရှိ မိုးကုတ်သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ၏ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲများ ဖော်ဆောင်နေရာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်၊ နောင်ချိုမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
မိုးကုတ်ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို TNLA က သိမ်းပိုက်ထားပြီး လက်ရှိအချိန်ထိလည်း ထိန်းချုပ်ထားဆဲဖြစ်သည်။
TNLA သည် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF တပ်ရင်းများနှင့်အတူ ထိုဒေသတွင် လှုပ်ရှားနေသည်။
ပြင်ဦးလွင်-မန္တလေးကားလမ်းပေါ်တွင် ရှိသည့် နောင်ချိုမြို့နယ် သံဘိုရွာစစ်စခန်းကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားသလို၊ နှစ်မိုင်ခန့်အကွာရှိ နောက်ထပ်စစ်စခန်းတစ်ခုဖြစ်သည့် ကျောက်မဲလေးကျေးရွာတွင်း စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်များအောက် စစ်စခန်းငယ်များမှအစ ဗျူဟာကုန်း၊ စစ်ဌာနချုပ်များကိုပါ လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီတပ်က ကျန်ရှိနေသည့် ဗျူဟာကုန်း၊ အမြောက်ကုန်းများမှ အမြောက်များဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုအများအပြားဖြင့် တုံ့ပြန်ခြင်းများဖြင့် ခုခံခဲ့သည်။
တရုတ်၏ ညှိနှိုင်းပေးချက်အရ TNLA ပါဝင်သည့် ညီနောင် ၃ ဖွဲ့က စစ်ကောင်စီနှင့် ယာယီ အပစ်ရပ်လိုက်ပြီဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ရေး သဘောတူညီချက်တွင် အချိန်ကာလ ကန့်သတ်ချက် ရှိမရှိ မသိရသေးပေ။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးများကြောင့် စစ်ကောင်စီတပ်ကို လက်နက်ကိုင် ခုခံသူ အများအပြားပေါ်ပေါက်လာရာ စစ်ကောင်စီက နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရသည်။