သတင်း

တိုက်ပွဲပြင်းထန်နေသည့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင် ဒေသခံ ၅ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA) တို့ ဒီဇင်ဘာ ၃၀ ရက်နေ့မှစတင်ဖြစ်သည့် တိုက်ပွဲများအတွင်း စစ်တပ်၏လေကြောင်းနှင့် လက်နက်ကြီးကြောင့် နမ့်ဖတ်ကာ ဒေသခံ ၅ ဦး သေဆုံးသွားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA) တို့ ဒီဇင်ဘာ ၃၀ ရက်နေ့မှစတင်ဖြစ်သည့် တိုက်ပွဲများအတွင်း စစ်တပ်၏လေကြောင်းနှင့် လက်နက်ကြီးကြောင့်  ဒေသခံ ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ် မြောက်ဘက် ၂၇ မိုင်ခန့်အကွာ လားရှိုး-မူဆယ် ကားလမ်းမပေါ်တွင်ရှိသည့် နမ့်ဖတ်ကာရွာအနီးရှိ စစ်ကောင်စီတပ်၏ ခလရ (၁၂၃) စခန်းကို KIA က ဒီဇင်ဘာ ၃၀ ရက်နေ့မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစတင်ကာ စစ်ကောင်စီလေတပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေသည်ဟု ဒေသခံအချို့က ပြောသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့က နမ့်ဖတ်ကာရွာ ရပ်ကွက် (၄) အတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး နေအိမ်တွင် ရှိနေကြသည့် မိသားစု ၃ ဦး သေဆုံးခဲ့သည်ဟု နန့်ဖတ်ကာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရပ်ကွက် (၄) မှာဆို နေအိမ်တွေ အများကြီးထိတယ်၊ ပြီးတော့ မိသားစုတစ်စုဆိုရင် ထမင်းစားနေတုန်း အိမ်ကို ဗုံးထိလို့ မိသားစု သုံးယောက် အဲဒီမှာတင် ပွဲချင်းပြီးသေတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ပြောသည်။

နောက်ရက်များတွင်လည်း နမ့်ဖတ်ကာရွာအတွင်းရှိ တရုတ်အမျိုးသားတစ်ဦးနှင့် တအာင်းအမျိုးသားတစ်ဦးလည်း လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက် သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကိုတော့ အတည်မပြုနိုင်သေးပေ။

နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများမှာ ဇန်နဝါရီ ၁ ရက်နေ့တွင် ရပ်သွားခဲ့သော်လည်း နောက်ရက်များတွင် စစ်ကောင်စီတပ်က နေ့ရော ညပါ အဆက်မပြတ် ဗုံးကြဲနေသည်ဟု သိရသည်။

“ဖြစ်တဲ့ရက်ကနေစပြီး အခု (ဇန်နဝါရီ) ၃ ရက်နေ့အထိ ဗုံးလာကြဲတယ်တဲ့၊ ည ၉ နာရီလောက်ကနေ ည ၁၁ နာရီလောက်အထိကို လာပတ်ပြီးတော့ ကြဲတာ။ ထိခိုက်ပျက်စီးတာတော့ အများကြီးပါပဲ၊ စစ်တပ်စခန်းရှေ့က ဘုန်းကြီးကျောင်းဆို တိုင်ပဲကျန်တော့တယ်” ဟု အထက်ပါ ဒေသခံ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်၏ ခလရ (၁၂၃) စခန်းနှင့် ပန်ဂျရော့ရပ်ကွက်မှာ ကားလမ်းသာ ခြားသည့်အတွက် အဆိုပါ ရပ်ကွက်အတွင်း လက်နက်ကြီးနှင့် ဗုံးများ အများဆုံးကျရောက်ခဲ့သည်ဟု သိရသည်။

ရပ်ကွက်အတွင်းရှိ ဒေသခံအများစုမှာ တိုက်ပွဲများစတင်ဖြစ်ပွားစဉ်ကတည်းက တိမ်းရှောင်သွားကြသည်၊ မပြောင်းရွှေ့သေးသူများနှင့် အိမ်စောင့်ကျန်သူ ဒေသခံများသာ ရှိတော့သည်ဟု သိရသည်။

လက်နက်ကြီးနှင့် ဗုံးဒဏ်ကြောင့် သာယာကုန်းရပ်ကွက်၊ ရပ်ကွက် (၂)၊ နမ့်ဖတ်ကာဈေးမှ ဖုန်းဆိုင်နှင့် အထည်ဆိုင်များ မီးလောင်ပျက်စီးခဲ့သလို ခရစ်ယာန်ဘုရားရှိခိုးကျောင်းများလည်း ပျက်စီးခဲ့သည်ဟု သိရသည်။

နမ့်ဖတ်ကာတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ မှန်သော်လည်း တိုက်ပွဲဖြစ်စဉ် အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် တိုက်ပွဲ၏ နောက်ဆုံးရ အသေးစိတ်အချက်အလက်များကို အတည်ပြုရန် ခက်ခဲနေသည်ဟု ၎င်းက ပြောသည်။

ဇန်နဝါရီ ၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက နမ့်ဖတ်ကာရွာအတွင်း ကျန်နေခဲ့သည့် ဒေသခံများကို ကိုးကားပြီး ပြောသည်။

ရွာအတွင်း၌ KIA တပ်များ နေရာယူထားပြီး ရွာတွင်း၌ ရှိနေသည့် ဒေသခံများကိုလည်း ဝင်ထွက်သွားလာခွင့် ပိတ်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ပတ်ဝန်းကျင်နည်းနည်းလေးကိုပဲ သွားခွင့်ရှိတယ်တဲ့၊ အိမ်အပြင် အဝေးကြီးကို သွားခွင့်မရှိဘူးတဲ့။ ရွာထဲမှာက KIA အများကြီးရှိနေတာ၊ သွားလာခွင့်လည်း မပေးဘူး၊ သူတို့ကတော့ တိုက်ပွဲဖြစ်နေလို့ ပေးမထွက်ခိုင်းတဲ့ သဘောမျိုးပဲ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်သုံးဖွဲ့ကသာ ဦးဆောင်တိုက်ခိုက်နေပြီး KIA မှာ ရှမ်းမြောက်တိုက်ပွဲများနှင့် ကင်းလွတ်နေသည်။ သို့သော် KIA တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိသည့် နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို KIA တပ်များက ဦးဆောင်ကာ တိုက်ခိုက်နေသည်။

နမ့်ဖတ်ကာရွာ၏ တောင်ဘက် ၉ မိုင်ခန့်အကွာတွင်ရှိပြီး လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင်ရှိသည့် နမ့်ခိုင်တံတား တပ်စခန်းကိုလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလတွင်ပင် KIA တပ်များလှုပ်ရှားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။

ဇန်နဝါရီ ၃ ရက် KIA ဌာနချုပ် လိုင်ဇာမြို့နှင့် ၈ မိုင်ခန့်အကွာ နာဖော့ဒေသသို့ ရိက္ခာလာပို့သည်ဟု ယူဆရသည့် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကိုလည်း KIA က ပစ်ချနိုင်ခဲ့သည်။

Show More

Related Articles

Back to top button