ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူ့စစ်အဖွဲ့များထဲမှ အင်အားကြီးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့သည် ၂၀၂၃ ဒီဇင်ဘာ ပထမပတ်အတွင်းက စစ်ကောင်စီလက်အောက်မှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံ ဘက်ပြောင်းခိုလှုံသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကွတ်ခိုင်မြို့အရှေ့ဘက် မိုင် ၂ဝ ခန့်အကွာ ကောင်းခါးကျေးရွာထဲမှ တပ်ဖွဲ့ဝင်များသည် တိုက်ပွဲတစ်စုံတစ်ရာ မဖြစ်ပွားဘဲ KIA ထံ ဘက်ပြောင်းခဲ့ခြင်းဟု ကွတ်ခိုင်မြို့ခံတချို့က ဆိုသည်။ ထိုသတင်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များမှ စစ်ရေးအရင်းအမြစ်တချို့ကလည်း အတည်ပြုသည်။
ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ကို မူးယစ်ဆေးဝါးထုတ်လုပ်မှု စွပ်စွဲချက်များဖြင့် ၂၀၂၀ မတ်လအတွင်း စစ်တပ်က လက်နက်ဖြုတ်သိမ်းခဲ့ပြီး အလယ်အလတ်အဆင့်ရှိ ခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။
လက်နက်ကိုင်ပြည်သူ့စစ်အဖြစ်မှ လက်နက်မကိုင်ထားသည့် စီးပွားရေးလုပ်ခွင့်ရ ပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် စစ်တပ်နှင့် ကောင်းခါးပြည်သူ့စစ်တို့ သဘောတူခဲ့ကြသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် ကောင်းခါးပြည်သူ့စစ်များ လက်နက်များ ဆက်လက်ကိုင်ထားကြဆဲဟု ဒေသခံများထံမှ သိရသည်။
၂၀၂၀ နောက်ပိုင်းတွင် ကောင်းခါးပြည်သူ့စစ်သည် ကွတ်ခိုင်မြို့နယ်ထဲမှ ကောင်းခါး၊ လွယ်ခန်၊ မန်ပြိန်းနှင့် လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ် ဂျာယာန်ဒေသများကို ဒေသ ၄ ခုသတ်မှတ်ကာ လှုပ်ရှားနေခဲ့သည်ဟု ဆိုသည်။
ထိုဒေသ ၄ ခုထဲမှ ဂျာယာန်ပြည်သူ့စစ်တပ်စခန်းကို တအာင်းတပ် (TNLA) က ၂၀၂၃ နိုဝင်ဘာတွင် သိမ်းယူခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးဖြင့် တော်လှန်ရေးတပ်များ အားကောင်းလာပြီးနောက် ကချင်တိုင်းရင်းသားအများ စုနေထိုင်ရာ ကောင်းခါးရွာထဲမှ ကောင်းခါးပြည်သူ့စစ်များသည် KIA ထံ ဘက်ပြောင်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကျန်ဒေသ ၂ ခုဖြစ်သည့် လွယ်ခန်နှင့် မန်ပြိန်းအခြေစိုက် ကောင်းခါးပြည်သူ့စစ်တပ်များ၏ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပေ။
“ရှမ်းမြောက်မှာ စစ်ဆင်ရေး စကတည်း ကောင်းခါးပြည်သူ့စစ်က သိမ်းပိုက်ခံရမှာ ကြောက်နေတာလေ။ KIA ဘက်ကလည်း သူ့လူမျိုးရှိတဲ့နေရာကို ပြန်ယူလိုက်တာပေါ့” ဟု ကောင်းခါးကျေးရွာဒေသခံများနှင့် နီးစပ်သည့် ထိုအမျိုးသားက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ကောင်းခါးပြည်သူ့စစ်၏ ရပ်တည်ချက်ကို သေချာစွာမသိရသော်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်သည့် သတင်းများတော့ မတွေ့ရှိခဲ့ရပေ။
လက်ရှိအချိန်တွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ကောင်းခါးကျေးရွာကို KIA က ထိန်းချုပ်ထားပြီး ရွာအဝင် ၁ မိုင်ခန့်အကွာရှိ ဟူးနမ့်ကုန်းတပ်စခန်းတွင်လည်း အထိုင်ချတပ်စွဲထားသည်ဟု ဒေသခံများထံမှ သိရသည်။
ဖုန်းလိုင်းနှင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး ကျေးရွာတွင်းအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါ။
KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ၎င်းအနေဖြင့် ပြောပိုင်ခွင့်မရှိသောကိစ္စဟု ဆိုသည်။
“ကောင်းခါးကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ပြောပိုင်ခွင့်မရှိဘူး။ သတင်းအချက်အလက် ရထားတာလည်း မရှိဘူး။ အထက်က သက်ဆိုင်ရာ လူကြီးတွေလည်း ကျွန်တော်တို့ကို ညွှန်ကြားတာမျိုး မရှိပါဘူး၊ ဒါကြောင့်မို့လို့ ကောင်းခါးအကြောင်းကတော့ ပြောလို့ အဆင်မပြေဘူး” ဟု Myanmar Now ကို ယနေ့ ပြောသည်။
ကောင်းခါးပြည်သူ့စစ်အဖွဲ့သည် မူလက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်ဖွဲ့ဝင်များ ဖြစ်ပြီး KIA တပ်မဟာ (၄) လက်အောက်တွင် ရှိခဲ့သည်။
၁၉၉၁ တွင် KIA တပ်မဟာ (၄) ခေါင်းဆောင် ဦးမထုနော်က ၎င်း၏လက်အောက်ခံ တပ်ရင်းများနှင့်အတူ KIA မှ ခွဲထွက်ပြီး ဗိုလ်ချုပ်သန်းရွှေ၏ န.ဝ.တ အစိုးရအောက်သို့ ဘက်ပြောင်းသွားခဲ့သည်။
စစ်အစိုးရက ၎င်းတို့ကို ကချင်တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေးတပ် (KDA) အဖြစ် အမည်ပေးကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၅) ဟု သတ်မှတ်ထားသည့် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း စခန်းချစေခဲ့ပြီး စီးပွားရေးလုပ်ကိုင်ခွင့်များလည်း ပေးခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲမကျင်းပမီ ၁ နှစ်ခန့်အလို ၂၀၀၉ စက်တင်ဘာတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် ထည့်သွင်းလိုက်ပြီး ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖြစ် အမည်သစ်ပေးခဲ့သည်။
ပြည်သူ့စစ်အဖြစ် အမည်ပြောင်းစဉ် အမြဲတမ်းအဖွဲ့ဝင်အင်အား ၈၅၀ နှင့် အရံတပ်အင်အား ၂၀၀၀ ခန့် ရှိခဲ့သည်။ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့၏ လောက်အောက်တွင် ကောင်းခါးကြီးကြပ်ရေးတပ်၊ ကောင်းခါး ၁၊ ၂ နှင့် ၃၊ ဟိုဖျက်၊ လွယ်ခမ်၊ ကာလိုင်၊ မန်ယုံမော်၊ မန်လင်၊ ဟိုခိုနှင့် မန်မတ်ဟု အဖွဲ့ငယ် ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။
၂၀၁၈ မှ ၂၀၂၀ အတွင်း ကောင်းခါးပြည်သူ့စစ်တို့ ထိန်းချုပ်ရာ ကျေးရွာများအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ၃ ကြိမ်ထက်မနည်း အကြီးအကျယ်ဖမ်းဆီးရရှိခဲ့ပြီးနောက် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များက ကောင်းခါးပြည်သူ့စစ်ကို လက်နက်ဖြုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။
လက်နက် ၂၀၀၀ ခန့်ကို စစ်ကောင်စီက ကောင်းခါးပြည်သူ့စစ်များထံမှ သိမ်းဆည်းကာ အလယ်အလတ်အဆင့် ခေါင်းဆောင်အချို့နှင့် တပ်ဖွဲ့ဝင်များပါဝင်သည့် လူ ၁၀၀ ခန့်ကို ဖမ်းဆီးခြင်း၊ ဝရမ်းထုတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
တပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ဦးမထုနော်သည်လည်း ၂၀၂၁ ဒီဇင်ဘာတွင် ကွယ်လွန်သွားခဲ့သည်။