
တရုတ်စီမံကိန်းကြီးများရှိရာ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က အင်အားတိုးချနေသည်ဟု ဒေသခံများထံမှ သိရသည်။
တရုတ် – မြန်မာနယ်စပ် ရှမ်းမြောက်ဒေသတွင် ဆက်တိုက်အရေးနိမ့်နေချိန် ရခိုင်ပြည်နယ်၌ပါ စစ်မျက်နှာဖွင့်နေရသည့် စစ်ကောင်စီက မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများအနက် အရေးပါဆုံးသော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအပြင် ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန် စီမံကိန်းများ ပါရှိနေသည့် ကျောက်ဖြူနှင့် ရမ်းဗြဲကို အင်အားအလုံးအရင်းဖြင့် ကာကွယ်ရန် ပြင်ဆင်နေသည်ဟု ရခိုင်ဒေသခံတို့က ဆိုသည်။
တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရမ်းဗြဲကျွန်းအလယ်ပိုင်းရှိ ရမ်းဗြဲမြို့ပေါ်တွင် ဒီဇင်ဘာ ၁၈ ရက်က AA နှင့် တိုက်ပွဲစဖြစ်ပြီးနောက် စစ်ကောင်စီက မြေပြင်တပ်များနှင့်သာမက ရေကြောင်း၊ လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည်ဟု သိရသည်။
ယမန်နေ့ (ဇန်နဝါရီ ၂) မွန်းလွဲပိုင်းတွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် မြို့တွင်းရှိ နေအိမ်များ ပျက်စီးဆုံးရှုံးသည်ဟု ရမ်းဗြဲမြို့ကို စွန့်ခွာထွက်ပြေးလာသူတစ်ဦးက ပြောသည်။
“တိုက်ပွဲကတော့ မကြာမကြာဖြစ်ပါတယ်။ မနေ့ကဆိုရင် ဂျက်ဖိုက်တာနဲ့ လာပြီးဗုံးကြဲခဲ့ပါတယ်။ တိုက်ပွဲပြင်းထန်လားဆိုတာတော့ ပြောဖို့ခက်တယ်။ လေယာဉ်က ဝုန်းခနဲလာပြီး ကြဲသွားတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား စေ့စပ်ဆွေးနွေးပွဲများ မအောင်မမြင်ဖြစ်ကာ တိုက်ပွဲများဆက်ဖြစ်နေချိန် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် တရုတ်အမှုထမ်းများ ဘေးကင်းလုံခြုံရေး ကာကွယ်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ဒီဇင်ဘာ ၂၁ တွင် ထုတ်ဖော်သတိပေးခဲ့သည်။
အထင်ကရ တရုတ်စီမံကိန်းကြီးများရှိရာ ရခိုင်တောင်ပိုင်းတွင် စစ်မီးကူးလာနေသော်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ်ကို တရုတ်နိုင်ငံပိုင် CITIC Group နှင့် လက်မှတ်ရေးထိုးသည့်အကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၂၆ တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်တောင်ပိုင်း၌ AA ၏ထိုးစစ်ကို ခုခံကာကွယ်ရန် စစ်ကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ နှင့် ၃၀ ရက်များ၌ လူအင်အားသာမက ရိက္ခာနှင့်လက်နက်များပါ ဖြည့်တင်းခဲ့သည်ဟု အသက် ၂၅ နှစ်အရွယ် ရမ်းဗြဲဒေသခံ နောက်တစ်ဦးကလည်း ပြောသည်။
“ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်ကဆိုရင် တိုက်ပွဲအကြီးအကျယ်ဖြစ်ကြတယ်။ လေယာဉ်နဲ့နေပြီးတော့ ရိက္ခာတွေ လာချတယ်။ ကျည်တွေ လာချတယ်။ တိုက်ခိုက်ရေးပစ္စည်းလာချတဲ့ အချိန်ဆိုရင် ပိုတောင် ဖြစ်ကြသေးတယ်”

ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ ရေကြောင်းခရီးဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်သားများကို ၂၀၁၇ ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)
ရေတပ် စစ်သင်္ဘောဖြင့် လူအင်အားလာဖြည့်ပြီးနောက် စစ်တပ်က ရမ်းဗြဲမြို့တွင်းကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့သည်ဟုလည်း ယင်းလူငယ်က ပြောသည်။
စစ်ကောင်စီအနေဖြင့် ရမ်းဗြဲကျွန်းကို အထူးတိုက်ခိုက်နေခြင်းမှာ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့ကို ကာကွယ်လိုခြင်းဟု ယူဆသည်ဟု ဆိုသည်။
“ရမ်းဗြဲမှာ တိုက်ပွဲပြင်းထန်လာမယ်လို့ ယူဆတယ်။ (AA) ကလည်း ရအောင်တိုက်မယ်လို့ ထင်တယ်။ ရမ်းဗြဲကျွန်းကို စစ်ကောင်စီက ခုခံနေတယ်၊ ကာကွယ်နေတယ်၊ အလုံးအရင်းနဲ့ တိုက်လေယာဉ်တွေနဲ့တောင် တိုက်နေတာက ကျောက်ဖြူကို ကာကွယ်တာလို့ မြင်တယ်”
ရမ်းဗြဲကျွန်းမြောက်ဘက်အစွန်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက ဒေသန္တရအမိန့်များ သီးသန့်ထုတ်ပြန်ကာ ဆိပ်ကမ်းနှင့် ကမ်းခြေများ၌ အဝင်အထွက်ပြုလုပ်ခြင်းကို နိုဝင်ဘာ ၁၉ ကတည်းက စတင်ခဲ့သည်။
လက်ရှိတွင် စစ်တပ်က ရေလမ်းနှင့် ကုန်းလမ်းထွက်ပေါက်များတွင် လုံခြုံရေးအပြည့်ချထားကာ စောင့်ကြည့်နေကြောင်း၊ ဖမ်းဆီးစစ်ဆေးမှုလည်းအမြဲရှိနေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
“ကျောက်ဖြူက သဘာဝဓာတ်ငွေ့ထွက်တယ်။ ပြီးတော့ စီးပွားရေးအရ အရေးပါတယ်။ ဒါကြောင့် ကျောက်ဖြူကို ရေတပ်ရော၊ ကုန်းတပ်ရော၊ ရေကြောင်းရဲတို့၊ ရဲတပ်ရင်းတို့ အားလုံးလုပ်ထားတာ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ရမ်းဗြဲ၊ မြောက်ဦး၊ ပေါက်တောတို့တွင် မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး စစ်တပ်က မြို့တွင်းနေရာများကို အခိုင်အမာတပ်စွဲနေရာယူထားသည်ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
“လက်နက်ကြီးတွေနဲ့ပစ်တယ်။ ပြည်သူတွေကို အနှောင့်အယှက်ပေးတယ်။ သူတို့ရဲ့ အမာခံစခန်းတွေက မြို့တွေ၊ ရွာတွေကို အမြဲတမ်း အနှောင့်အယှက်ပေးနေတယ်။ အဲဒါကတော့ ဒီနေ့ ရခိုင်ပြည်မှာ စစ်ကောင်စီက လုပ်နေကျအလုပ်ပဲ”
စစ်ကောင်စီက နယ်ဘက်စခန်းများမှ နောက်ဆုတ်ကာ မြို့တွင်းနေရာများကို အမာခံစခန်းအဖြစ် အသုံးပြုနေသည်ဟုလည်း လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ဆိုသည်။
“မြို့ပြင်ကိုတောင် မထွက်ရဲတော့ဘူး။ သူတို့မှာ ထိုးစစ်ဆင်ဖို့ ဆိုတာလည်း မရှိတော့ဘူး။ ဒါပေမဲ့ မြို့တွေမှာကျတော့ တပ်ရင်း နှစ်ရင်းသုံးရင်း ထိုင်ထားတယ်။ အဲဒီကနေ အမာခံစခန်းအဖြစ် ရပ်တည်ပြီး ဒုက္ခပေးနေတယ်”
ရမ်းဗြဲနှင့် ကျောက်ဖြူသာမက ပုဏ္ဏားကျွန်း၊ မြေပုံနှင့် စစ်တွေမြို့များတွင်လည်း စစ်ကောင်စီဘက်က စစ်အင်အားတိုးချနေသည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

ကျောက်ဖြူမြို့ တရုတ်စီမံကိန်းအနီး ဆိပ်ကမ်းတစ်ခုကို ၂၀၁၉ အောက်တိုဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)
ရှားပါးပြတ်လပ်မှုဒဏ်ကို ဒေသခံများခံစားနေရ
ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ မှစတင်ကာ တိုက်ပွဲစဖြစ်ပြီးနောက် စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ထားရာ စားနပ်ရိက္ခာနှင့် အထွေထွေကုန်ပစ္စည်း ပြတ်တောက်မှုဒဏ်ကို ဒေသခံများ ခံစားနေရသည်။
ကုန်ဈေးမြင့်တက်နေပြီး ဆေးဝါး၊ စားသုံးဆီနှင့် ကြက်သွန်မှအစ ရှားပါးနေကာ ဓာတ်ဆီနှင့် ရေနံဆီလည်း ရှာမရဖြစ်နေသည်ဟု ရခိုင်ဒေသခံတို့က ဆိုသည်။
ရမ်းဗြဲမြို့တွင် တိုက်ပွဲဖြစ်ပြီးနောက် မြို့နေလူဦးရေ တစ်သောင်းခန့်နှင့် အနီးအနားရွာများမှ ဒေသခံ ၈၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ဆိုသည်။
“စစ်ဘေးရှောင်တွေက စားရေးသောက်ရေး (ခက်ခဲ) အခြေအနေ ဖြစ်နေကြတယ်။ ကျွန်တော်တို့လည်း စားရေးသောက်ရေးနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံး ကူညီပေးထားပါတယ်။ အလှူရှင် မရှိရင်တော့ ဆန်တွေ ချေးငှားပေးရပါတယ်” ဟု ၎င်းက ပြောသည်။
ကျောက်ဖြူမြို့တွင်လည်း ငါးဖမ်းခွင့်ပိတ်ပင်ထားသဖြင့် ဒေသခံများစားဝတ်နေရေး ထိခိုက်နေကာ သွားလာခွင့်ပိတ်ပင်ထားသဖြင့် ဆေးရုံဆေးခန်းမပြနိုင်ဘဲ ကျေးလက်ဒေသမှ ကျန်းမာရေးချို့တဲ့သူများ သေဆုံးသည်အထိ ဖြစ်လာသည်ဟု သိရသည်။
“မြို့ကို မဝင်ရ၊ မြို့ကလူက အပြင်မထွက်ရ အဲဒီလိုမျိုးပါ။ ရေလမ်းတွေကိုလည်း သူတို့ ပိတ်ထားတယ်။ စာရွက်စာတမ်းမပါလို့၊ ဆရာဝန်လက်မှတ်မပါလို့ ဂိတ်မဖွင့်ပေးလို့ ကလေးနှစ်ယောက် သုံးယောက် သေသွားတယ်” ဟု ရမ်းဗြဲကျွန်း ဒေသခံတစ်ဦးက ပြောသည်။
ကုန်းလမ်း၊ ရေလမ်းပိတ်ထားသဖြင့် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များရှိ မီးစက်များကို လောင်စာဆီ ဖြည့်မပေးနိုင်သဖြင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟုလည်း သိရသည်။