ဆောင်းပါးရွေးကောက်ပွဲ

လွဲမှားနေသည့် ပညာရေးဥပဒေကို ပြုပြင်လိုသည့် ကိုယ်စားလှယ်လောင်း 

ပညာရေးကို လက်ဆင့်ကမ်းသည့် ကျောင်းဆရာမတစ်ဦး ဖြစ်ချင်ခဲ့သူ ဒေါ်နှင်းနှင်းမွှေးသည် ရှစ်လေးလုံးအရေးတော်ပုံမှ အစပြုကာ ၎င်း၏ ငယ်ဘဝအိပ်မက်ကို စွန့်လွှတ်ခဲ့ရသည်။ အရေးတော်ပုံကြောင့် နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့သော်လည်း ပညာရေးနှင့် ပတ်သက်သည့် ၎င်း၏ စိတ်အားထက်သန်မှုကို ယခုအချိန်အထိ မလျှော့သေးပေ။ 

၎င်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်မည့် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး ဖြစ်လာပါက အမျိုးသားပညာရေးဥပဒေကို ပြုပြင်ရေးဆွဲမည်ဟု ၅၂ နှစ်အရွယ် ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။ 

“ပညာရေးဥပဒေက တိုင်းပြည်ရဲ့ အခြေခံအချက်တွေထဲမှာ ပါတယ်ဆိုတော့ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်နိုင်တဲ့ ပညာရေးမျိုးဖြစ်အောင် ရေးဆွဲပြင်ဆင်ချင်တယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောသည်။ 

၎င်းသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ရန် အခွင့်အရေး မရမီအချိန်ကတည်းက ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်လှုပ်ရှားခဲ့ဖူးသူဖြစ်သည်။ ဒေါ်နှင်းနှင်းမွှေးသည် ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တွင် နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။

“လက်ရှိပညာရေးဥပဒေက လွဲမှားနေတယ်လို့ ယူဆတယ်။ ပြင်ဖို့ ကြိုးစားခဲ့ပေမယ့်လို့ မပြင်နိုင်ခဲ့သေးဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။ 

ပညာရေးဥပဒေအပြင် ဒေါ်နှင်းနှင်းမွှေး ပြင်ဆင်လိုသည့် နောက်ထပ်ဥပဒေတစ်ခုက ဒီမိုကရေစီလမ်းစဉ်နှင့် မကိုက်ညီဟု အများစု လက်ခံထားကြသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပင် ဖြစ်သည်။ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့သည့် အခြေခံဥပဒေအောက်တွင် ရှိနေသောလွှတ်တော်အတွင်း ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ % ရှိနေသမျှကာလပတ်လုံး ထိုဥပဒေပြင်ဆင်နိုင်လိမ့်မည် မဟုတ်သည်ကိုလည်း ၎င်းက နားလည်သဘောပေါက်သည်။ 

သို့သော် ၎င်းကိုယ်တိုင် အပြင်းအထန်ကန့်ကွက်ခဲ့သည့် အခြေခံဥပဒေအောက်မှပင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ရခြင်းမှာ ပြည်သူ့အသံကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုပေးရန် ဖြစ်သည်ဟု ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။

“ကျွန်မတို့က လွှတ်တော်ထဲမှာ အသံကျယ်ကျယ်လောင်လောင် ထုတ်မယ်။ သေချာတယ် (အခြေခံဥပဒေကို ပြင်ဖို့) ဘာမှ လုပ်လို့ရနိုင်မှာ မဟုတ်ဘူး။ သို့သော်လည်း ကျွန်မတို့ ဘာပြောချင်လဲဆိုတာကို နိုင်ငံတကာအထိ တရားဝင် ပြောလို့ရမယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် လွှတ်တော်ပြင်ပနိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခဲ့သူပီပီ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သည့် နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အင်အားစုများ၏ အရေးပါမှုကိုလည်း ဒေါ်နှင်းနှင်းမွှေးက ယုံကြည်လက်ခံသည်။

“နောက်တစ်ခု အရေးကြီးတာက လွှတ်တော်ထဲမှာရှိတဲ့ အင်အားစုတွေနဲ့ လွှတ်တော်ပြင်ပမှာရှိတဲ့ အင်အားစုတွေ သေချာပေါက် ဟန်ချက်ညီညီ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်ဖို့ လိုတယ်။ လွှတ်တော်ပြင်ပမှာရှိတဲ့ အင်အားစုတွေက အရေးကြီးတယ် သူတို့အသံကို နားထောင်ရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

ငယ်စဉ်ကတည်းက နိုင်ငံရေးကို နားရည်ဝခဲ့သူ

ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပွားချိန်တွင် ဒေါ်နှင်းနှင်းမွှေးသည် အသက် ၂၀ အရွယ် ရန်ကုန်တက္ကသိုလ်ကျောင်းသူတစ်ဦးအနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၈၈ အောက်တိုဘာတွင် လူ့ဘောင်သစ်ပါတီ စတင်ဖွဲ့စည်းခဲ့ချိန်ကတည်းက ပါတီတစ်ဦးအဖြစ် ရှိနေခဲ့ရာ ပါတီသက်တမ်းသည် ၎င်း၏ နိုင်ငံရေးဖြတ်သန်းမှု သက်တမ်းဟု ဆိုနိုင်သည်။ 

ဒေါ်နှင်းနှင်းမွှေးသည် နိုင်ငံရေးလှုပ်ရှားမှုများကို ၎င်းကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ မလုပ်ကိုင်ခဲ့ခင်ကတည်းက နိုင်ငံရေးဆိုသည်ကို ရင်းနှီးခဲ့သည်။ ဖခင်ဖြစ်သူ ဦးကျော်မင်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၊ ပြည်သူ့ရဲဘော်နှင့် ဆရာကြီးသခင်ကိုယ်တောင်မှိုင်း ဦးဆောင်ခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ (ပုဇွန်တောင်မြို့နယ်) တွင် ပါဝင်ခဲ့သောကြောင့် ဖြစ်သည်။ 

ဦးနေဝင်း နိုင်ငံတော်အာဏာသိမ်းပြီးနောက် ပါတီအသင်းအဖွဲ့များ ဖျက်သိမ်းခြင်းခံရသည့်အခါ ဖခင်ဖြစ်သူ၏ နိုင်ငံရေးမိတ်ဆွေများက အိမ်တွင် လာရောက်ဆွေးနွေးပြောဆိုတတ်ကြသည်ကို ဒေါ်နှင်းနှင်းမွှေး မှတ်မိနေသေးသည်။  

“ကျွန်မတို့အိမ်မှာဆိုရင် တစ်ပတ်ကို နှစ်ခါ၊ သုံးခါ နိုင်ငံရေးသမားကြီးတွေစုပြီး ဆွေးနွေးကြ၊ ပြောဆိုကြတယ်။ ညဘက်ဆိုရင် ကျွန်မတို့ဦးလေးကလည်း ပုဇွန်တောင်မြို့နယ်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့အတွင်းရေးမှူးပါ။ သူပြောတဲ့ စကားတွေကိုလည်း ကျွန်မတို့က အမြဲတမ်းကြားနေရတယ်။ ဒါတွေကိုတော့ ကျွန်မ ဖြတ်သန်းခဲ့ရပါတယ်” ဟု ၎င်းက ပြောပြသည်။ 

ဒေါ်နှင်းနှင်းမွှေး၏ မိဘနှစ်ပါးစလုံးက ပညာရေးကို အားပေးသူများဖြစ်ပြီး ပညာရေးစနစ် မကောင်းသော်လည်း ကိုယ်ပိုင်အသိပညာနှင့် ပညာတတ်ဖြစ်ရန် လိုအပ်သည်ဟု ၎င်းကို ငယ်စဉ်ကတည်းက သွန်သင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းတွင် သမိုင်းဂုဏ်ထူးဖြင့် အောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် တတိယနှစ် တက်ရောက်နေစဉ် ရှစ်လေးလုံးကျောင်းသားအရေးတော်ပုံ ဖြစ်လာခဲ့သည်။ 

ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်၏ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တွင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၎င်းနေထိုင်သည့် သာကေတမြို့နယ်ရှိ ကျောင်းသားသမဂ္ဂတွင် ထဲထဲဝင်ဝင် လှုပ်ရှားခဲ့သည်။ သာကေတမြို့နယ် ကျောင်းသားသမဂ္ဂရုံးကို စစ်တပ်က စီးနင်းဝင်ရောက်ပြီး သမဂ္ဂဆိုင်းဘုတ်ကို နင်းချေဖျက်ဆီးခဲ့သည်ကို မြင်တွေ့ခဲ့ခြင်းက အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူ မနှင်းနှင်းမွှေးကို နိုင်ငံရေးဆက်လက်လုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။

ဒေါ်နှင်းနှင်းမွှေး၏ အောင်နိုင်ရေးဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးဆက်ပိုင်/ Myanmar Now)

၁၉၈၈ စက်တင်ဘာတွင် နဝတအစိုးရက အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့သည်။ တက်ကြွလှုပ်ရှားသူ ကျောင်းသားအချို့၏ ဦးဆောင်မှုဖြင့် အောက်တိုဘာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းခဲ့ရာ ဒေါ်နှင်းနှင်းမွှေးက ပါတီဝင်အဖြစ် သာကေတမြို့နယ်ပါတီရုံးတွင် တာဝန်ယူဆောင်ရွက်ခဲ့သည်။ 

“ကျောင်းတွေ ပိတ်ထားတဲ့အခါ ကျောင်းသားတွေရဲ့ ပညာရေးကို ဘယ်လိုဆက်ပြီး လုပ်ပေးရမလဲဆိုပြီး ကျွန်မတို့က ကျောင်းလေးတွေဖွင့်ပြီး စာသင်ပေးတယ်။ လယ်သမားတွေအတွက် ဆောင်ရွက်ပေးတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို ဖိနှိပ်တာတွေ ရှိတဲ့အခါ ဆောင်ရွက်ပေးတယ်။ အဲဒီအခါ တပ်ကလူတွေက ကျွန်မတို့ကို မျက်မုန်းကျိုးလာတယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောသည်။ 

ထိုအချိန်က သာကေတမြို့နယ်တွင် ကျောင်းသားလှုပ်ရှားမှုများဖြစ်သည့်အခါတိုင်း ၎င်း၏ နေအိမ်ကို စစ်တပ်၊ ရဲနှင့် ထောက်လှမ်းရေးတို့က မကြာခဏ လာရောက်ရှာဖွေမှုများ ရှိခဲ့သည်။ ၁၉၈၉ ဩဂုတ်တွင်တော့ ၎င်း မှတ်တမ်းအနေဖြင့် သိမ်းဆည်းထားသည့် ပါတီအဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်များကို ထောက်လှမ်းရေးက ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးခဲ့သည်။ ၁၉၈၉ စက်တင်ဘာတွင် ပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံခဲ့ရသည်။ 

၎င်းထောင်ကျနေစဉ် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည့် NLD ကို စစ်အစိုးရက အာဏာလွှဲပြောင်း မပေးသဖြင့် အင်းစိန်ထောင်တွင်း ဆန္ဒပြတောင်းဆိုမှုတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် သာယာဝတီအကျဉ်းထောင်သို့ ထပ်မံပြောင်းရွှေ့ခံခဲ့ရသည်။

‘မိုက်လို့မဟုတ် ကြိုက်လို့’

၁၉၉၂ တွင် သာယာဝတီအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ပညာဆက်လက်သင်ကြားရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ ခံယူချက်နှင့် သွေဖည်နေသည့် အခြေအနေတစ်ခုကို ကြုံတွေ့ရပြန်သည်။ 

“ကျွန်မတို့ ခေတ်တုန်းက ကျောင်းသားတော်တော်များများက ခံဝန်ထိုးရတယ်။ နိုင်ငံရေးနဲ့ မပတ်သက်တော့ပါဘူးဆိုပြီး နိုင်ငံရေးကင်းရှင်းကြောင်း ခံဝန်ထိုးရတယ်။ ကျွန်မရဲ့ ယုံကြည်ချက်အရ အဲဒါက လုံးဝမဖြစ်နိုင်ဘူး” ဟု ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။ 

ထို့ကြောင့် ထိုခေတ်အခါက နိုင်ငံရေးကင်းရှင်းကြောင်း ခံဝန်ထိုးရန် မလိုအပ်သည့် အဝေးသင်ပညာရေးစနစ်ကိုသာ ဒေါ်နှင်းနှင်းမွှေးက ရွေးခဲ့သည်။ ၁၉၉၅ တွင် သမိုင်းဘာသာအထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပြီး သမိုင်းဘာသာရပ်ကို ရွေးချယ်ခဲ့ရခြင်းမှာ “မိုက်လို့မဟုတ် ကြိုက်လို့” ယူခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းသိမှသာ စနစ်၏လွဲချော်နေမှုများကို ပြောင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်း၏ ခံယူချက်ကို ပြောပြသည်။ 

ထို့အပြင် ဗကသအဖွဲ့ချုပ် ပြန်လည်ပေါ်ထွန်းရေးကော်မတီတွင် ပါဝင်ကာ လက်နက်ကိုင်တော်လှန်ရေးအတွက် တောခိုသွားခဲ့ကြသော ကျောင်းသားများနှင့် မြေပေါ်တွင် ကျန်ရှိနေသေးသည့် ကျောင်းသားရဲဘော်များ ချိတ်ဆက်ပေးနိုင်ရန် ကြိုးပမ်းမှုကြောင့် စစ်ထောက်လှမ်းရေး၏ လိုက်လံစုံစမ်းမှုများ အမြဲလိုလို ခံခဲ့ရသည်။ 

၎င်း၏ ကျောင်းသားရဲဘော်ရဲဘက်အချို့ ဖမ်းဆီးခံခဲ့ရပြီး ၎င်းကိုယ်တိုင်လည်း ဝရမ်းပြေးဘဝဖြင့် နှစ်အတန်ကြာ တိမ်းရှောင်နေခဲ့ရသည်။ ၁၉၉၇ ဇန်နဝါရီတွင်တော့ မတရားအသင်းပုဒ်မ ၁၇/၁ ဖြင့် ထောင် ၃ နှစ် ချမှတ်ခံခဲ့ရပြန်သည်။ 

ထောင်မှထွက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံခေတ်သစ်သမိုင်းတွင် အရေးအပါဆုံးသော နိုင်ငံရေးဖြစ်စဉ်များဖြစ်သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းရေးကို ကန့်ကွက်ခြင်းတို့တွင်လည်း ဒေါ်နှင်းနှင်းမွှေးက တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။

ထို့အပြင် ၂၀၁၂ တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့လုပ်ငန်းကော်မတီတွင် ပါဝင်ကာ နိုင်ငံရေးအကျဉ်းသားများစာရင်းကို ဦးဆောင်ပြုစုခဲ့သည်။ ယင်းမှာ ၎င်း၏ဘဝတွင် ဂုဏ်ယူရသည့် ကိစ္စတစ်ခုဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးနယ်ပယ်တွင် ဆယ်စုနှစ်သုံးခုနီးပါး ဖြတ်သန်းပြီးနောက် လွှတ်တော်အတွင်းမှနေ၍ နိုင်ငံရေးအရွေ့ကို တွန်းနိုင်ရန် ၂၀၁၅ ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ပါတီကိုယ်စားပြုပြီး မန္တလေးတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ 

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခြင်းမှာ ၎င်းအတွက် ဒုတိယအကြိမ်ကြိုးပမ်းမှု ဖြစ်သည်။ ပြည်သူ၏ ရွေးကောက်ခံရလျှင် ပြည်သူကို အကာအကွယ်ပေးမည့် ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေး ကြိုးစားမည်ဟု ဆိုသည်။ 

“အမိန့်တွေနဲ့လာတဲ့ ဥပဒေတွေ မဟုတ်ဘဲ ပြည်သူတွေကိုယ်တိုင် ပါဝင်စဉ်းစားတဲ့ ဥပဒေမျိုးတွေ ဖြစ်ဖို့လိုတယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောသည်။ 

ရှစ်လေးလုံးအရေးတော်ပုံက မွေးထုတ်ပေးလိုက်သည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့်အလျောက် ပြည်သူနှင့်အတူ တိုက်ပွဲဝင်ရမည်ဟူသည့် နိုင်ငံရေးခံယူချက်ကို ယနေ့အထိ လက်ဆုပ်ကိုင်ထားသည်ဟု ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။ 

အမျိုးသမီးတစ်ဦး နိုင်ငံရေးလောကတွင် ဖြတ်သန်းသည့်အခါ လူ့အဖွဲ့အစည်း၏ အကန့်အသတ်များကြောင့် အမျိုးသားများထက် ပိုမိုခက်ခဲသည်ဟုလည်း ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။ 

နိုင်ငံရေးအခင်းအကျင်းတွင် အမျိုးသမီးများက ရာခိုင်နှုန်းတစ်ခုအနေဖြင့် ပါဝင်လာခြင်းထက် ဆုံးဖြတ်ချက်ချခွင့်ရှိသည့်နေရာတွင် ရောက်ရှိနေရန် လိုအပ်သည်ဟု ထောက်ပြသည်။ 

“ဝန်ကြီးချုပ်ထဲမှာ ဆိုရင်လည်း အမျိုးသမီးက တော်တော်နည်းပါးတယ်။ တကယ်တမ်း ဆုံးဖြတ်ခွင့်ရှိတဲ့နေရာမှာ အမျိုးသမီးတွေလည်း ရှိသင့်တယ်လို့ ကျွန်မထင်တယ်။ အမျိုးသမီးတွေဘက်ကလည်း ပေးလာတဲ့ တာဝန်ကို ကျေပွန်ဖို့ လိုသလို တစ်ဖက်ကလည်း တာဝန်ပေးဖို့ လိုအပ်တယ်” ဟု ဒေါ်နှင်းနှင်းမွှေးက ပြောသည်။ 

Show More

Related Articles

Back to top button