သတင်း

AA က ပလက်ဝဒေသခံများထံမှ အတင်းအဓမ္မ ဆန်ဝယ်ယူနေ 

ဆန်ပြတ်လပ်မှုနှင့် မကြာခဏရင်ဆိုင်နေရသည့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) က ဒေသခံများထံမှ ဆန်ကို ကာလပေါက်စျေးထက်နည်းသည့်‌ စျေးနှုန်းဖြင့် အဓမ္မဝယ်ယူနေသည်ဟု ချင်းအရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

AA အဖွဲ့က ဆန်တစ်အိတ်လျှင် ကျပ် ၄၀,၀၀၀ နှုန်းပေးသော်လည်း ကာလပေါက်စျေးမှာ ဆန်တစ်အိတ် လျှင် ၇၅,၀၀၀ နှုန်းပေါက်နေသည့်ပြင် ပလပ်ဝဒေသသည် မကြာခဏ ဆန်ပြတ်လပ်မှုနှင့် ကြုံနေရသောကြောင့် ဒေသခံများအတွက် ကြီးမားသည့် အခက်အခဲဖြစ်စေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ တာဝန်ခံတစ်ဦးဖြစ်သူ ဆလိုင်းတေရက ပြောသည်။ 

ပလက်ဝမြောက်ဘက်ရှိ ငရှားကျေးရွာအုပ်စုဝင် ကျေးရွာ ၅ ရွာသည် တစ်အိမ်ထောင်လျှင် ဆန် ၂ တင်းနှုန်း (၃၂ ပြည်) ဖြင့် AA အဖွဲ့ကို ပေးခဲ့ရကြောင်း ဒေသခံများကို ကိုးကားလျက် CHRO အောက်တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

ဆန်အိတ်များကို AA အဖွဲ့က အတင်းအကျပ်ပို့ခိုင်းခဲ့သည်ဟု CHRO မှ သတင်းအချက်အလက်ရှာဖွေရေးတာဝန်ခံ ဆလိုင်းတေရက Myanmar Now ကို ပြောသည်။

“လက်နက်အားကိုးနဲ့ ပြည်သူကို ကြိုက်သလို လုပ်တယ်ဆိုတဲ့ဟာမျိုးက တော်လှန်ရေးအဖွဲ့တစ်ခုရဲ့လုပ်သင့်လုပ်ထိုက်တဲ့အရာ မဟုတ်ဘူးဆိုတာ ကျွန်တော်ပြောချင်တယ်” ဟု ၎င်းက ပြောသည်။ 

ငရှားကျေးရွာအုပ်စုအပြင် ပလက်ဝမြောက်ဘက်ရှိ ကုန်းတောက်၊ ရှင်းမဒိန် စသည့် ကျေးရွာအုပ်စုများသည်လည်း ကျေးရွာအုပ်စုတစ်ခုလျှင် ဆန်အိတ် ၆၀ နှုန်းပေးနေရသည်ဟု ကြားရသော်လည်း ဒေသခံများနှင့် အဆက်အသွယ်မရသေး၍ အသေးစိတ် မသိရသေးကြောင်းလည်း ဆိုသည်။ 

ပလက်ဝမြို့နယ်အတွင်း ကုလားတန်မြစ်အထက်ဘက်ရှိ အောက်ဘလိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို AA အဖွဲ့က အောက်တိုဘာ ၁၆ ရက်တွင် ချင်းဒေါက်ရွာသို့ ခေါ်ယူခဲ့ပြီး ဆန်အိတ် ၆၀ ပေးရန် တောင်းခဲ့သည်ဟု ချင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ ကူညီထောက်ပံ့ရေးအဖွဲ့ (CSIC)မှ အတွင်းရေးမှူး ဆလိုင်းကျော်အောင်က ပြောသည်။

ဆန်အိတ် ၆၀ ကို သုံးခါခွဲ၍ ပေးနိုင်ကြောင်း AA အဖွဲ့က ဆိုသည့်အတွက် အောက်တိုဘာ ၁၉ ရက်တွင် ဆန်အိတ် ၂၀ ပေးခဲ့ရပြီး AA အဖွဲ့က ဆန်တစ်အိတ်လျှင် ကျပ် ၄၀,၀၀၀ နှုန်းဖြင့် ငွေပေးချေခဲ့ကြောင်း ဆလိုင်းကျော်အောင်က ပြောသည်။

AA အဖွဲ့က တောင်းသည့်ဆန်ကို အသက်အန္တရာယ်ထိခိုက်မည်စိုး၍ ပေးလိုက်ရခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ရေရှည် ဆက်လက်တောင်းနေပါက စားသောက်ရေးခက်ခဲလာနိုင်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

AA အဖွဲ့က ဆန်အဓမ္မတောင်းယူနေသည့် ကျေးရွာများမှာ ပလက်ဝမြို့၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာ စက်လှေနှင့် ၅ နာရီခန့် စီးနင်းရသည့် နေရာတွင်ရှိပြီး တပ်မတော်စစ်ကြောင်းများထက် AA အဖွဲ့ကသာ အဓိကလှုပ်ရှားနေသည့် ဒေသဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ဆိုသည်။

အတင်းအဓမ္မ ဆန်ဝယ်ယူနေခြင်းနှင့် ပတ်သက်၍ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခံရသည့် AA အဖွဲ့ကို Myanmar Now က မေးမြန်းနိုင်ခြင်း မရှိပေ။

ပလက်ဝမြို့တွင် အောက်တိုဘာ ၁၃ ရက်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလှူရှင်များ လှူဒါန်းသည့် ဆန်အိတ် ၁၇၀၀ ရောက်ရှိခဲ့ပြီး အဆိုပါဆန်အိတ်များကို မြို့ပေါ်ရှိ စစ်ရှောင်များနှင့် ကျေးရွာအချို့ကို ဝေငှနိုင်ခဲ့သည့်ပြင် တောင်ယာစပါးပေါ်ချိန် ဖြစ်သည့်အတွက် AA က ဆန်တောင်းယူခြင်းဖြစ်မည်ဟု ချင်းစစ်ဘေးရှောင်များ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) မှ မိုင်နန်းဝေက ပြောသည်။

“ကောက်သစ်ဆန် ရကြတယ်ဆိုရင်လည်း တစ်ရွာလုံးက တစ်နှစ်စာ ဖူလုံသွားတာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ စစ်ဘေးကြားကနေ စွန့်စားပြီးတော့ စပါးစိုက်ကြရတာ။ ဒါတောင် တစ်ရွာမှာ အိမ်ခြေ ၅၀ ရှိရင် ၂၀ လောက်ပဲ စပါးစိုက်ကြတာ” ဟု မိုင်နန်းဝေက ပြောသည်။ 

ပြီးခဲ့သည့် မတ်နှင့် ဧပြီလက ‌ကျောက်‌တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်ကြားတွင်ရှိ တပ်မတော်၏ မီးဝဗျူဟာကုန်းကို AA က အင်အားအလုံးအရင်းနှင့် တိုက်ခိုက်ခဲ့သည့်အတွက် မြို့နှစ်မြို့ဆက်သွယ်ရာ ကုလားတန်မြစ်ကြောင်းနှင့် ကားလမ်းပိတ်ဆို့ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည်။ 

ပလက်ဝစစ်ရှောင်များနှင့် ဒေသခံများအတွက် ပြည်နယ်အစိုးရက ဝယ်ယူထားသည့် ဆန်အိတ် ၄၃၉၀ ခန့်သည်လည်း‌ ကျောက်တော်နှင့် စစ်တွေမြို့များတွင် အချိန်ကြာမြင့်စွာ သောင်တင်ခဲ့သည့်အတွက် ပျက်စီးသွားခဲ့သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာ‌ရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။ 

ကျောက်တော် – ပလက်ဝလမ်းကြောင်းမှာ ယနေ့အချိန်ထိ ပိတ်ဆို့နေဆဲဖြစ်ပြီး ဆမီး – ပလက်ဝလမ်းကြောင်းသည်လည်း လုံခြုံရေးအရ စိတ်ချရသည့် အနေအထားတွင် မရှိသေးဘဲ ဆမီးတွင် ပလက်ဝကို တင်ပို့မည့် ဆန်အိတ် ၂၀၀၀ သောင်တင်နေသည်ဟုလည်း ၎င်းက ပြောသည်။ 

RRCCI ၏အချက်အလက်များအရ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသောကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရိက္ခာပြတ်လပ်နေသူ ၆၀,၀၀၀ ကျော်အထိ ရှိသည်။ 

Show More

Related Articles

Back to top button