သတင်း

ကျောက်မဲမြို့နယ်ထဲက မိုင်းငေါ့မြို့ကို TNLA သိမ်းပိုက်

တအာင်းတပ်မတော် PSLF/TNLA အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က 'ဒီခေတ်ရဲ့မျိုးဆက်တွေ အားလုံးတွဲလက်နဲ့ ယုံကြည်ရာကို သွေးချွေးနဲ့ ဗျူဟာကျကျ ထုဆစ်မယ်' ဟု Facebook တွင် ရေးလိုက်ပြီး သူ၏ တပ်ဖွဲ့ဝင်တချို့ကလည်း နှစ်သစ်တွင် တအာင်းပြည်နယ်တည်ထောင်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယနေ့ ရေးသားထားကြသည်။

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့မြို့ကို တအာင်းတပ်မတော် TNLA က ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်) ညပိုင်းတွင် သိမ်းယူလိုက်ပြီဟု သိရသည်။

မိုင်းငေါ့မြို့ကို အလုံးစုံသိမ်းပိုက်လိုက်ပြီဟု TNLA နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ယမန်နေ့ ညနှောင်းပိုင်းတွင် အတည်ပြုသည်။

မိုင်းငေါ့မြို့သည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်ရှိ မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ဖြစ်သည်။

ကျောက်မဲမြို့နယ်တွင် ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံ မြို့နယ်ခွဲ ၃ ခုရှိရာ မိုင်းလုံမြို့ကို TNLA က ဒီဇင်ဘာလအတွင်း သိမ်းပိုက်ခဲ့ပြီးဖြစ်၍ ကျောက်မဲမြို့နယ်တစ်ခုလုံးကို သိမ်းနိုင်ရန် တစ်မြို့သာ ကျန်ရှိတော့သည်။

TNLA သည် ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမြို့ အပါအဝင် ဒီဇင်ဘာ ၁၅ တွင် နမ့်ဆန်၊ ဒီဇင်ဘာ ၁၉ တွင် နမ့်ခမ်း၊ ဒီဇင်ဘာ ၂၂ တွင် မန်တုံ၊ ဒီဇင်ဘာ ၂၈ တွင် နမ္မတူမြို့တို့ကို သိမ်းပိုက်ပြီးဖြစ်၍ ယခု မိုင်းငေါ့မြို့သည် ၆ ခုမြောက် သိမ်းပိုက်သည့်မြို့ဖြစ်သည်။

စတုရန်းကီလိုမီတာ ၈၀၆.၉ ကျယ်ဝန်းပြီး ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် မိုင်းငေါ့မြို့တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၈၉၀၁ ဦး ရှိသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အဝင် (ဓာတ်ပုံ – လူမှုကွန်ရက်)

မိုင်းငေါ့မြို့သိမ်းတိုက်ပွဲဖြစ်စဉ်အခြေအနေ၊ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ၊ နှစ်ဖက်သေဆုံးဒဏ်ရာရရှိမှု၊ သုံ့ပန်းရရှိမှု စသည့် အသေးစိတ်အချက်အလက်များကို မသိရသေးပါ။

စစ်တပ်က ၎င်းတို့၏ ထိန်းချုပ်ဒေသများကို TNLA သိမ်းပိုက်လိုက်ခြင်းနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်၊ TNLA နှင့် တိုက်ခိုက်မှုအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း အရပ်သားများထိခိုက်ရခြင်းမှာ ၎င်းတို့၏လက်ချက်ကြောင့်မဟုတ်ဘဲ TNLA ကြောင့်သာဖြစ်သည်ဟု ရံဖန်ရံခါ သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၃၀ ရက်နေ့တွင်လည်း စစ်ကောင်စီ ပြန်ကြားရေးအရာရှိက TNLA အဖွဲ့ တပ်သားသစ်ရှာဖွေနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

“သူတို့လွှမ်းမိုးထားတဲ့ နယ်မြေတွေထဲမှာ အသက် ၁၅ နှစ်ထက်ကျော်ရင် အမျိုးသား၊ အမျိုးသမီးမကျန်၊ ယောကျ်ား၊ မိန်းမမကျန် လူသစ်စုဆောင်းနေတဲ့ သတင်းတွေလဲ ရရှိပါတယ်” ဟု ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညီနောင် ၃ ဖွဲ့၏ စစ်ရေးသတင်းထုတ်ပြန်ချက်များတွင်လည်း “ပလောင်ပြည်နယ်” ဟု သုံးနှုန်း ဖော်ပြလေ့ရှိသည်။

TNLA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တွင် နိုင်ငံရေးဦးတည်ချက် ၃ ရပ် ချမှတ်ထားပြီး လတ်တလော နိုင်ငံရေးလုပ်ငန်းစဉ် ၁၃ ခုကို PSLF ၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးဦးတည်ချက်များထဲတွင် တအာင်းပြည်နယ်တည်ဆောက်ရေးကို ထည့်သွင်းထားသည်ကို တွေ့ရသည်။

မိုင်းငေါ့မြို့ ပါဝင်သည့် တပ်မဟာ (၂) စစ်ဒေသကို စစ်ဦးစီးချုပ် တားဟိုပလန်နှင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၉ တွင် သွားရောက်စစ်ဆေးခဲ့ကြစဉ် (ဓာတ်ပုံ – PSLF/TNLA)

Show More

Related Articles

Back to top button